Healthy Life Ad
Life Style

ဗိုက်အဆီများနေသူတို့ သတိပြုရမည့် အစားအစာများ

ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

ဗိုက်အဆီများနေသူတွေက ဘာစားသင့်သလဲ၊ ဘာရှောင်ရမလဲဆိုတာ အမေးများပါတယ်။ အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ် ဗိုက်အဆီများနေရင် ရှောင်ရမယ့် အစာတွေကို အဓိက အကြံပေးချင်ပါတယ်။

(၁) အကြော်မျိုးစုံ
ဘယာကြော်၊ ပဲကြော်၊ ဘူးသီးကြော် စတဲ့ အကြော်မျိုးစုံကို ရှောင်ရပါမယ်။

(၂) ဟင်းအနှစ်
ဟင်းအနှစ်တွေကို ရှောင်ရပါမယ်။ ကြက်သားဟင်းစားမယ်ဆိုရင် ကြက်သားကိုပဲ စားသင့်ပါတယ်။ ငါးဟင်းစားမယ်ဆိုရင် ငါးကိုပဲ စားသင့်ပါတယ်။ ဟင်းအဆီအနှစ်တွေကို ရှောင်ရပါမယ်။

(၃) အချိုရည်
ဂတ်စ်ပါတဲ့ အချိုရည်တွေကို ရှောင်ရပါမယ်။

(၄) အာလူးကြော်
ကယ်လိုရီအများကြီးရစေတဲ့ အာလူးကြော်ကို ရှောင်သင့်ပါတယ်။

(၅) အချိုများသော အစားအသောက်
ကိတ်မုန့်၊ ဘီစကွတ်မုန့် စတဲ့ အချိုများတဲ့ အစားအသောက်တွေကို အများကြီးစားတာမျိုး ရှောင်သင့်ပါတယ်။
ဒီလိုအစားအသောက်တွေကို ရှောင်လိုက်ရင် ဗိုက်အဆီ တဖြည်းဖြည်း လျော့ကျသွားမှာပါ။ ဒါပေမဲ့ လေ့ကျင့်ခန်း တွဲလုပ်ပေးဖို့တော့ လိုပါတယ်။ ဥပမာ- ဘယ်လီရိုက်တဲ့ လေ့ကျင့်ခန်းလုပ်တာမျိုး။ နောက်ဆုံး ဘာမှ မလုပ်နိုင်ရင် လမ်းလျှောက်ပေးရပါမယ်။ တဖြည်းဖြည်းနဲ့ ဗိုက်အဆီ လျော့ကျသွားပါလိမ့်မယ်။ ကယ်လိုရီများတဲ့ အစာတွေကို ရှောင်ပြီး ကယ်လိုရီနည်းတဲ့ အစားအသောက်တွေကို အစားထိုး စားသောက်ပေးသင့်ပါတယ်။ အဲဒါတွေကတော့-

၁ – အကြော်စုံစားမယ့်အစား ပြောင်းဖူးပြုတ်၊ ကန်စွန်းဥပြုတ် စားခြင်း
သရေစာစားတဲ့အချိန်မှာ ဆီကြော်စာတွေစားမယ့်အစား ဆီမပါတဲ့ သရေစာကို ရွေးစားသင့်ပါတယ်။

၂ – ကန်စွန်းရွက်ကြော်၊ ဟင်းနုနယ်ရွက်ကြော်စားမယ့်အစား အရွက်ပြုတ်၊ အရွက်သုပ်စားခြင်း
ဒီလို ဆီနည်းနည်းနဲ့ ချက်တဲ့ ဟင်းလျာတွေကို အစားထိုးစားရင် ဗိုက်အဆီ လျော့ကျစေပါတယ်။

၃ – ထမင်း
ထမင်း အများကြီး စားတာကို ရှောင်သင့်ပါတယ်။ ထမင်းကို အများကြီးစားပြီး လှုပ်ရှားမှုမရှိဘဲ တီဗီကြည့်တာ၊ စာဖတ်တာ၊ ဖုန်းပွတ်တာတို့လုပ်တာကို ဆင်ခြင်သင့်ပါတယ်။ ထမင်းစားပြီး ချက်ချင်းမထိုင်ဘဲ ၁၀မိနစ်လောက် လမ်းလျှောက်ပေးပါ၊ ဒါဆိုရင် ဗိုက်အဆီက သိသိသာသာကျသွားမှာ ဖြစ်ပါတယ်။

ဗိုက်အဆီတက်တာက ကိုယ်ရဲ့ စားသောက်မှု နဲ့ ဆိုင်သလို နေထိုင်မှုပုံစံနဲ့လည်း သက်ဆိုင်နေပါတယ်။ ဒါကြောင့် မနက်စာ၊ နေ့လယ်စာနဲ့ ညစာစားပြီးတိုင်း ၁၀ မိနစ် လမ်းလျှောက်ပေးပါ။ အသီးအရွက်နဲ့ အသီးအနှံတွေကို စားပေးပါ။ ဒါဆိုရင် ဗိုက်အဆီက တဖြည်းဖြည်း လျော့ကျသွားမှာ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top