Healthy Life Ad
Child

ဘယ်သူတွေက ကလေးတွေအပေါ် မတရားပြုကျင့်လိုစိတ်ရှိနေသလဲ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

မိဘတိုင်းက ကိုယ့်ကလေးကို မတရားပြုကျင့်မှုမခံရအောင် ကာကွယ်လိုကြပါတယ်။ ဒါပေမဲ့ ရင်ခွင်ထဲမှာ အမြဲတမ်း ထည့်ထားဖို့ကလည်း မဖြစ်နိုင်တာကြောင့် ဘယ်သူတွေက ကလေးတွေအပေါ် မတရားပြုကျင့်လိုစိတ်ရှိနေသလဲဆိုတာကို ဆန်းစစ်ဖို့နဲ့ ကလေးကို သင်ပြပေးဖို့ လိုအပ်နေပါတယ်။
(၁) ဘယ်သူမဆို ဖြစ်နိုင်တယ်
ကလေးတွေအပေါ် မတရားပြုကျင့်လိုစိတ်ရှိတဲ့သူဆိုတာ ဘယ်လို ရုပ်ရည်ရှိမယ်၊ ဘယ်လို ကိုယ်ရည်ကိုယ်သွေးရှိမယ်၊ ဘယ်လို အလုပ်အကိုင်လုပ်တယ်ဆိုပြီး ပုံသေသတ်မှတ်ချက်မရှိပါဘူး။ ဒါကြောင့် ဘယ်သူမဆို ဖြစ်နိုင်တယ်လို့ ဆိုလိုတာပါ။
(၂) ရင်းနှီးသူထဲက အဖြစ်များတယ်
ကလေးတွေအပေါ် မတရားပြုကျင့်သူတွေဟာ ရင်းနှီးသူထဲက အဖြစ်များတာကြောင့် “အိမ်နီးချင်းပါ”၊ “မိတ်ဆွေပါ”ဆိုပြီး ကိုယ့်ကလေးကို အဲဒီသူနဲ့မျက်ကွယ်ရာမှာ ပစ်မထားဖို့လိုပါတယ်။
(၃) သက်ငယ်မတရားပြုကျင့်သူတွေ မှာ အဓိကတွေ့ရတဲ့ ကိုယ်ရည်ကိုယ်သွေးလက္ခဏာတွေရှိတယ်
အများစုက အမျိုးသားတွေ ဖြစ်နေပါတယ်။ ဒါ့အပြင် အဲဒီလို ပြုကျင့်တတ်သူအများစုမှာ အရင်ကလည်း အဲဒီလိုမတရားပြုကျင့်တဲ့အကျင့် ရှိတတ်ကြတယ်။ နောက်တစ်ခုက စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်တဲ့ ဝေဒနာရှိတတ်ကြတယ်။
(၄) ကလေးချစ်တဲ့ အပြုအမူရှိတယ်
သက်ငယ်မတရားပြုကျင့်တတ်သူအများစုက ကလေးတွေနဲ့ အချိန်ဖြုန်းတတ်တယ်။ အများစုက ကလေးတွေကို လူကြီးတွေလို ပြုမူစကားပြောတတ်ကြတယ်။ ကလေးကို ချစ်ချင်ယောင်ဆောင်တတ်ကြပါတယ်။
(၅) ကလေးနဲ့ နှစ်ယောက်တည်းအတူရှိဖို့ ကြိုးစားတယ်
ကလေးရဲ့ ယုံကြည်မှုကို ရယူပြီး မိဘပုံစံပြုမူတတ်ပါတယ်။ နောက်ဆုံးမှာ ကလေးကို မထိသင့်တဲ့ နေရာအစိတ်အပိုင်းတွေ ပွတ်သပ်ထိတွေ့တာ၊ နမ်းရှုံ့တာတွေ လုပ်ဆောင်တတ်ပါတယ်။
ကလေးကို သင်ပြထားရမှာတွေကတော့-

၁။ သမီးလေးဆိုရင် မိခင်ရေချိုးပေးချိန်ကလွဲလို့ ဘယ်သူစိမ်းမှ မထိတွေ့သင့်တဲ့ နေရာတွေ (ဥပမာ-နှုတ်ခမ်း၊ ရင်ဘတ်၊ ပေါင်ခြံကြား၊ တင်ပါးစတာတွေ)ကိုသင်ပေးထားပါ။ သားလေးကိုလည်း မိဘကလွဲရင် ဘယ်သူမှ မထိတွေ့ရမယ့် အစိတ်အပိုင်းတွေ (ဥပမာ-နှုတ်ခမ်း၊ ပေါင်ခြံကြား၊ တင်ပါးစတာတွေ)ကို သင်ပေးထားပါ။ တစ်ယောက်ယောက်က ထိတွေ့ပြီဆိုတာနဲ့ အော်ဟစ်ငြင်းဆန်ဖို့၊ ထွက်ပြေးဖို့နဲ့ မိဘကို ပြန်တိုင်ဖို့ ပြောပါ။

တချို့ကလေးတွေက ကိုယ့်တစ်ချက်ရိုက်ရင် သူ့ကို တစ်ချက်ပြန်ရိုက်ရမှ ကျေနပ်မယ်ဆိုတဲ့ လက်တုံ့ပြန်မှုကို လုပ်တတ်ပါတယ်။ ဒီနေရာမှာ ကိုယ့်ကို မတော်တရော် လာထိလို့ သူ့ကို ပြန်ထိမယ်ဆိုတာမျိုး မလုပ်ဖို့ ပြင်းပြင်းထန်ထန် သတိပေးထားရပါမယ်။

၂။ ယောကျာ်းလေးနဲ့ မိန်းကလေးဟာ အခြေခံအားဖြင့် မတူတဲ့အကြောင်း သင်ပေးထားပါ။ နည်းနည်း သိနားလည်လာချိန်မှာ အရွယ်ရောက်ခြင်း၊ လူပျိုဖော်/အပျိုဖော်ဝင်ခြင်းအကြောင်း သင်ပေးပါ။

၃။ မိဘဆွေမျိုးကလွဲလို့ သူစိမ်းတွေက သီးသန့်နေရာ (ဥပမာ- အိမ်သာ၊ အိပ်ခန်း၊ လူသူကင်းမဲ့တဲ့ နေရာ)ကို ခေါ်သွားရင် ဘယ်တော့မှ မလိုက်ဖို့နဲ့ ငြင်းဆန်ဖို့ သင်ပေးပါ။

၄။ ကိုယ့်လိင်အင်္ဂါဆိုတာ လှစ်ဟဖော်ပြရတဲ့ အရာမဟုတ်ဘဲ လူမမြင်အောင် သေချာကာကွယ်ဖုံးအုပ်ထားရတဲ့ အရာဖြစ်ကြောင်း သင်ပေးပါ။ ထိုင်ရင် စကပ်ကို လုံအောင် ဖုံးဖိထိုင်ဖို့ မှာပါ။

၅။ တွေ့သမျှလူအားလုံးကို သံသယစိတ်နဲ့ ကြောက်ရွံ့နေဖို့ မဟုတ်ပေမယ့် ကိုယ့်မိဘမဟုတ်ဘူးဆိုတဲ့ အသိရှိနေအောင် သင်ပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top