Healthy Life Ad
International

လူနာများအတွက် လမ်းပြအဖြစ် ကိုယ်အလေးချိန်လျှော့ချခဲ့သည့် ဆရာဝန်

၊ ကိုထက် ၊

လန်ဒန် အနောက်တောင်ပိုင်းရှိ ဆေးရုံတစ်ခုမှာ ဆေးကုသမှုပေးနေတဲ့ ဆရာဝန်ဝဲရစ်ဟာ လူနာတွေရဲ့ယုံကြည်မှုကို ပိုမိုရရှိစေရန် ကိုယ်တိုင်ကိုယ် အလေးချိန်လျှော့ချပြခဲ့ပါတယ်။

ဝဲရစ်ရဲ့ကိုယ်အလေးချိန်ဟာ ဆေးရုံမှာ အငယ်တန်းဆရာဝန်ဘဝရဲ့ ရှုပ်နေတဲ့အချိန်ဇယားက စတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဝဲရစ်ဟာ အလုပ်ကြိုးစားသူတစ်ယောက်ဖြစ်ပြီး သူ့အတွက် အလုပ်အချိန်ဇယားဟာ အချိန်ပြည့်ဖြစ်နေပါတယ်။ အချိန်မီ တာဝန်တွေကျေဖို့အတွက် အစားအသောက်ကို ရွေးချယ်နေဖို့ အချိန်မထားခဲ့ပါဘူး။ ဝဲရစ်ဟာ နေ့တိုင်းမနက်စာမစားဘဲ ဆေးရုံကိုထွက်လာတတ်ပါတယ်။ နေ့လယ်စာကိုလည်း အဆင်ပြေသလိုစားသောက်လေ့ရှိပြီး သူရဲ့တစ်နေ့တာဖြတ်သန်းဖို့ လိုအပ်တဲ့ အာဟာရဓာတ်တွေကို အသင့်စားအစားအစာတွေနဲ့သာ တစ်နေ့လုံးစားခဲ့ရတယ်လို့ သိရပါတယ်။ ညဆိုင်းတွေဆင်းတဲ့အခါတွေမှာ အသားညှပ်ပေါင်မုန့်သုံးခု ဒါမှမဟုတ် ပီဇာနှစ်ချပ်အပြင် ချောကလက်၊ ဘီစကွတ်စတာတွေကိုသာ စားခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ ကိုယ်အလေးချိန်တက်လာပြီး နောက်နောက်ဆုံး ပေါင် ၂၄၀ လောက်ရှိချိန်ကြမှ ကိုယ့်ကိုယ်ကိုယ် ကျန်းမာတဲ့ ခန္ဓာကိုယ်မရှိတော့ကြောင်းကို သတိထားမိခဲ့တယ်လို့ ဆိုပါတယ်။

“ကျွန်တော်မှာ အဝလွန်လူနာတွေ ရှိပါတယ်၊ သူတို့ကို ဝိတ်ချဖို့အကြံပေးမိတိုင်း မျက်နှာပူသလို ခံစားရပါတယ်၊ ကိုယ်တိုင်က ဗိုက်ခေါက်ကြီးတွေထွက်နေပြီး လူနာတွေကို ပိန်အောင်လုပ်ဖို့ အကြံပေးရင် သူတို့လက်ခံပါ့မလားပေါ။့ ဒါနဲ့ပဲ ဝိတ်ချဖို့ ဆုံးဖြတ်လိုက်ပါတယ်”လို့ ဝဲရစ်ကပြောပြခဲ့ပါတယ်။ တစ်ကယ့် အသင့်တော်ဆုံးနဲ့ အကောင်းဆုံးကတော့ နေထိုင်မှုပုံစံ အစားအသောက်နဲ့ လေ့ကျင့်ခန်းတွေ ပြောင်းလဲပြုလုပ်ပေးဖို့ဆိုတာကို သိခဲ့တဲ့အတွက် တစ်နေ့တာ စားသောက်မှုပုံစံကို စတင်ပြောင်းလဲခဲ့တယ်လို့ သိရပါတယ်။

မနက်စာကို နို့နဲ့ဥအနည်းငယ်စားပြီး နေ့လယ်စာနဲ့ ညနေစာကို အသားအနည်းငယ်နဲ့ အသီးအရွက်တွေကို အိမ်မှာသာချက်စားခဲ့တယ်လို့ ဆိုပါတယ်။ အစားအသောက်ပြောင်းပြီး ၆ လအကြာမှာ ၁၄ ပေါင် ကျသွားခဲ့တယ်လို့သိရပါတယ်။ အာဟာရဆရာဝန်တွေရဲ့ အကူအညီနဲ့ နေ့စဉ် အစားအသောက် စာရင်းပြုလုပ်ပြီးနောက် ကယ်လိုရီပမာဏကို တွက်ချက်ပြီးစားသောက်ခဲ့ပါတယ်။ မနက်အစောပိုင်း ကိုယ်လက်လှုပ်ရှားမှု အနည်းငယ်ပြုလုပ်ခဲ့ပါတယ်။ တစ်နှစ်ခွဲကြာပြီးနောက် ဝဲရစ်ဟာ ပေါင် ၁၈၀ အောက်ရောက်ခဲ့ပြီး လေးလက်မလောက်ရှိတဲ့ သူ့ရဲ့ခါးအဆီတွေမရှိတော့ဘူးလို့ ဆိုပါတယ်။

“အဆီပိုနည်းနည်းတော့ ကျန်ပါသေးတယ်၊ ဒီပုံစံအတိုင်းဆက်ထိန်းသွားရင် နောက် ၃ လ လောက်မှာ ကျွန်တော်လိုချင်တဲ့ ကိုယ်အလေးချိန် ရလာမှာပါ၊ အခုဆိုတော်တော်လေးကို ကိုယ့်ကိုယ်ကိုယ်ပိုပြီး ယုံကြည်မှုတွေရလာပါပြီ”လို့ ဝဲရစ်က ပြောပြခဲ့ပါသေးတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top