Healthy Life Ad
Life Style

ကိုယ်ဝန်ဆောင်စဉ်ကာလကိုအောင်မြင်စွာဖြတ်ကျော်ပြီးကျန်းမာထက်မြက်သောရင်သွေးရတနာလေးပိုင်ဆိုင်စေရန်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဘဝနေထိုင်စားသောက်မှု ပုံစံကို ရွေးချယ်လိုက်နာတာဟာ ကိုယ်ဝန်မဆောင်ခင်မှာ ကလေးရလွယ်သလို ကိုယ်ဝန်ဆောင်နေစဉ် တစ်လျှောက်လုံးမှာလည်း ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးငယ်ကို ကျန်းမာစေပါတယ်။

(၁) သင်ဟာ ကလေးယူတော့မယ်လို့ ဆုံးဖြတ်ထားကတည်းက နေ့စဉ်ဖောလစ်အက်စစ်နဲ့ သင့်တော်တဲ့အားဆေး မှီဝဲပေးပါ။ ဒါဟာ အမြဲတမ်းကျန်းမာအားပြည့်နေစေပြီး ကိုယ်ဝန်ဆောင်ချိန်မှာ ပင်ပန်းနွမ်းနယ်မှုလျော့ပါးစေပါတယ်။

(၂) နေ့စဉ်ကိုယ်လက်လှုပ်ရှားမှု အသင့်အတင့်လုပ်ဆောင်တာ၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို စားသောက်တာ၊ ကဖင်းဓာတ်ကို ရှောင်တာစတဲ့အချက် တွေကိုလိုက်နာပေးပါ။

(၃) ဆေးလိပ်ကိုကိုယ်တိုင်မသောက်ဖို့လိုတဲ့အပြင် တခြားသူသောက်တဲ့ ဆေးလိပ်ငွေ့ကိုပါ မရှူရှိုက်မိအောင် ရှောင်ပါ။ အရက်နဲ့ မူးယစ်ဆေးဝါးတွေကို လုံးဝမသုံးစွဲပါနဲ့။

(၄) ကိုယ်ဝန်ဆောင်နေရချိန်မှာ ကြမ်းတမ်းတဲ့ ခရီးလမ်းတွေကို တတ်နိုင်သမျှမသွားသင့်ပါဘူး။ ဒါ့အပြင် အစားအသောက်စားတဲ့အခါမှာ လတ်ဆတ်ပြီး သန့်ရှင်းသပ်ရပ်မှုရှိတာကိုသာရွေးစားပါ။ လက်လုပ်ချဉ်၊ မကျက်တကျက်ချက်ထားတဲ့ဥတွေ၊ အသားတွေကို လုံးဝမစားသင့်ပါ။ ဒါ့အပြင် ကိုယ်တစ်ခါမှ မစားဖူးသေးတဲ့ အစားအသောက်တွေကိုလည်း မြည်းစမ်းစားကြည့်တာမျိုးမလုပ်သင့်ပါ။

(၅) ဖိနပ်ပါးကိုသာစီးပြီး ချော်လဲကျနိုင်တဲ့ နေရာမျိုးကို လုံးဝမသွားသင့်ပါ။ လှေကားထစ်မြင့်မြင့်တွေကို တက်လှမ်းရတဲ့အခါ အဖော်နဲ့တက်ပါ။

(၆) အလေးအပင်တွေကို ဘယ်တော့မှ မသယ်မပါနဲ့။ ကိုယ်ဝန်ဆောင်နေချိန်မှာ Sex ကိစ္စကြမ်းကြမ်းတမ်းတမ်း ပြုလုပ်တာမျိုးကို လုံးဝရှောင်ကြဉ်ပါ။

(၇) ကိုယ်ဝန်ဆောင်နေချိန်မှာ ဆရာဝန်ချိန်းဆိုတဲ့ ရက်တိုင်းမှန်မှန်သွားပြပါ။ ဆရာဝန်ရဲ့ညွှန်ကြားချက်မပါတဲ့ဆေးဝါးတွေကို ကိုယ့်သဘောနဲ့ကိုယ် ဘယ်တော့မှမသောက်သုံးပါနဲ့။ ဖျားနာတာ၊ အအေးမိတာ၊ တုပ်ကွေးဖျားတာ စတဲ့ ဝေဒနာတွေဖြစ်လာရင် အချိန်မဆိုင်းဘဲ ဆရာဝန်နဲ့ ပြသပါ။ တကယ်လို့ ဆီးချိုသွေးချိုရောဂါ၊ သွေးတိုးရောဂါစတဲ့ အခြေခံကျန်းမာရေးပြဿနာတစ်ခုခုရှိရင် ပိုမိုသတိထားဖို့လို အပ်ပါတယ်။

(၈) တကယ်လို့ အရင်က ကိုယ်ဝန်ပျက်ကျဖူးရင် အခုကိုယ်ဝန်မဆောင်ခင်မှာ စိတ်ပူပင်သောကနဲ့ ကြောက်လန်မှုတွေကင်းဝေးအောင် စိတ်ဖိစီးမှုကို တတ်နိုင်သမျှဖယ်ရှားသင့်ပါတယ်။ စိတ်ပျော်ရွှင်ပြီး စိတ်ခွန်အားရအောင် တရားထိုင်တာ၊ ယောဂကျင့်တာ၊ အသက်ပြင်းပြင်းရှူတာ၊ ဘုရားစာရွတ်တာ၊ သီချင်းနားထောင်တာ စတာတွေကိုလုပ်ပါ။

(၉) ကိုယ်ဝန်ပျက်ကျမလားဆိုတဲ့ အတွေးကိုမဝင်ပါစေနဲ့။ စိုးရိမ်စိတ်ကင်းအောင် ကိုးကွယ်ရာဘာသာတရားကို ကိုးကွယ်ကိုင်းရှိုင်းသင့်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းနည်းပူဆွေးမှုခံစားနေရရင် ခံစားနေရတာတွေအားလုံးကို သင့်ခင်ပွန်း၊ မိတ်ဆွေသူငယ်ချင်း၊ ဆွေမျိုးသားချင်းစတာတွေကို ရင်ဖွင့်ပြောဆိုလိုက်ပါ။ သူတို့ရဲ့ အားပေးနှစ်သိမ့်မှုကိုရရှိလာရင် သင့်စိတ်တွေပေါ့ပါးပြီး စိတ်ခံစားမှုက ပုံမှန်ပြန်ဖြစ်လာပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top