Healthy Life Ad
Life Style

မှဲ့နီအကြောင်း သိကောင်းစရာ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

မှဲ့နီ (Cherry Angiomas)ဆိုတာ ခန္ဓာကိုယ်အစိတ်အပိုင်းအများစုမှာ ကြီးထွားနေတဲ့ အရေပြားအပိုတွေဖြစ်ပါတယ်။ မှဲ့နီက အသက် ၃၀ နဲ့ အထက်အရွယ်တွေမှာ တွေ့ရလေ့ရှိပါတယ်။ မှဲ့နီအတွင်းထဲက သွေးကြောပျက်တွေကြောင့် နီမြန်းတဲ့ အသွင်ဖြစ်ပေါ်လာတာပါ။

အသားပိုပုံစံတွေ့ရတဲ့ ဒီမှဲ့နီဟာ သွေးမထွက်ဘဲနဲ့ မှဲ့အရောင်၊ ပုံစံနဲ့ အသွင်သဏ္ဍာန် ပြောင်းလဲမှု တွေဖြစ်တတ်ပါတယ်။ မှဲ့နီ အသွင်အပြင် ပြောင်းလဲမှုကို သတိပြုမိရင် ဒါမှမဟုတ် မှဲ့နီက သွေးထွက်နေတာကို တွေ့ရှိရင် ဒါက အရေပြားကင်ဆာ လက္ခဏာတွေ ဖြစ်နိုင်တဲ့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

မှဲ့နီက ဘယ်လို ပုံစံရှိသလဲ
မှဲ့နီက တောက်ပတဲ့ အနီရောင် စက်ဝိုင်းပုံ ဒါမှမဟုတ် ဘဲဥပုံရှိကာ အချင်းတစ်လက်မရဲ့ လေးပုံတစ်ပုံကနေ သေးငယ်တဲ့ အရွယ်အစားအထိ ရှိပါတယ်။ မှဲ့နီတချို့က ချောမွတ်ပြီး အရေပြားနဲ့ တစ်ပြေးတည်းဖြစ်ပေမယ့် တချို့မှဲ့နီတွေကတော့ အရေပြားပေါ်မှာ အနည်းငယ်ဖောင်းကြွနေတတ်ပါတယ်။ လက်မောင်း၊ ပခုံးနဲ့ရင်အုပ်ပိုင်း စတာတွေမှာမှဲ့နီတွေ ပေါက်နှုန်းများတတ်ပါတယ်။ မှဲ့နီကို ကုတ်ခြစ်မိရင်၊ ပွတ်သပ်မိရင်နဲ့ ပေါက်ပြဲသွားရင်သွေးထွက်နိုင်ပါတယ်။

ဘာအကြောင်းတွေကြောင့် မှဲ့နီ ဖြစ်စေနိုင်သလဲ
မှဲ့နီ ဖြစ်ရတဲ့ တိကျတဲ့ အကြောင်းရင်းကို မသိကြသေးပါဘူး။ ဒါပေမဲ့ တချို့လူတွေမှာ မျိုးဗီဇဆိုင်ရာ အချက်အလက်တွေကြောင့် မှဲ့နီ ပေါက်နှုန်း များတတ်ပါတယ်။ ကိုယ်ဝန်ဆောင်တာ၊ ဓာတုပစ္စည်းထိ တွေ့တာနဲ့ ရာသီဥတုအခြေအနေနဲ့လည်း ဆက်စပ်နေပါတယ်။ မှဲ့နီဟာ အသက်အရွယ်ကြီးတာနဲ့ ဆက်စပ်မှု ရှိတယ်လို့လည်း တချို့လူတွေက ယူဆနေကြပါတယ်။ အများအားဖြင့် မှဲ့နီပေါက်သူတွေက အသက် ၃၀ အရွယ်လောက်ကျမှ စပေါက်လာတတ်တယ်လို့ ဆိုပါတယ်။ အသက်ကြီးလာတာနဲ့ အမျှ မှဲ့နီအရွယ်အစားကြီးလာပြီး အရေအတွက်လည်း ပိုများလာတတ်တယ်လို့ သိရပါတယ်။

မှဲ့နီအတွက် ဆေးကုသမှုခံယူသင့်သော အချိန်
မှဲ့နီရဲ့ အသွင်သဏ္ဍာန်အပြောင်းအလဲ ဖြစ်တာကို သတိပြုမိရင် အရေပြား အထူးကု ဆရာဝန်ထံ သွားပြသင့်ပါတယ်။ မှဲ့ပုံစံ ပြောင်းလဲမှုကို ကြည့်ပြီး ဆရာဝန်က အရေပြားကင်ဆာလို ပြင်းထန်တဲ့ အခြေအနေတွေကို စစ်ဆေး အဖြေရှာနိုင်ပါတယ်။ မှဲ့နီရဲ့ ပြောင်းလဲမှုကို အသားစထုတ်ပြီး အဖြေရှာနိုင်ပါတယ်။

မှဲ့နီကို ဘယ်လို ကုသနိုင်သလဲ
မှဲ့နီကို အလှအပအတွက်ပဲ ဖြစ်ဖြစ်၊ သွေးထွက်နေလို့ပဲဖြစ်ဖြစ် ဖယ်ရှားချင်တယ်ဆိုရင် အောက်ပါ နည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။

လျှပ်စစ်သုံးပြီး လောင်ကျွမ်းစေသောနည်း
သေးငယ်တဲ့ ကိရိယာနဲ့ လျှပ်စစ်ပေးပြီး မှဲ့နီကို လောင်ကျွမ်းစေတဲ့ နည်းဖြစ်ပါတယ်။

အအေးခဲခွဲစိတ်ကုထုံး
နိုက်ထရိုဂျင်အရည်နဲ့ မှဲ့နီကို အေးခဲတဲ့ နည်းသုံးပြီး ဖယ်ရှားနိုင်ပါတယ်။ နိုက်ထရိုဂျင်အရည်ကို မှဲ့နီပေါ်မှာ အချိန် ၁၀ စက္ကန့်လောက်ပဲ ဖြန်းရပါတယ်။ ဒီနည်းက တခြားခွဲစိတ်ကုထုံးတွေနဲ့စာရင် ကူးစက်ပိုးဝင်နိုင်ခြေ လျော့နည်းပါတယ်။

လေဆာဖြင့် ခွဲစိတ်ကုသမှု
မှဲ့နီကို လေဆာနဲ့ ပယ်ဖျက်နိုင်ပါတယ်။ ဒီနည်းက မြန်ဆန်ပြီး ဆေးရုံမှာ ခဏပဲနေရတာဖြစ်ပါတယ်။

ဓားဖြင့် ရိတ်ပြီး ဖယ်ရှားခြင်း
ဓားနဲ့ ရိတ်ပြီး မှဲ့နီအလုံးအဖုကို ခွဲစိတ်ဖယ်ရှားတဲ့နည်းပါ။

မှဲ့နီကို ရေရည် စောင့်ရှောက်မှု
မှဲ့နီက သူ့အလိုလို မပျောက်ပါဘူး။ ဒါပေမဲ့ အဝတ်အစားနဲ့ ပွတ်တိုက်မိတာ၊ မတော်တဆ ထိခိုက်မိတာတွေကြောင့် သွေးထွက်တတ်တဲ့အတွက် စိတ်အနှောင့်အယှက် ဖြစ်စရာပါ။ မှဲ့နီကို အရောင်၊ ပုံစံနဲ့ အရွယ်အစားတွေ မှတ်ထားပြီး အပြောင်းအလဲ ဖြစ်ရင် အရေပြားအထူးကုဆရာဝန်နဲ့ ပြသသင့်ပါတယ်။

_ _ _
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top