Healthy Life Ad
Local

အချိန်သုံးစက္ကန့်လျှင် လူတစ်ဦး အရိုးပွရောဂါကြောင့် အရိုးကျိုးနေကြောင်း သိရ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

အချိန်သုံးစက္ကန့်လျှင် လူတစ်ဦးနှုန်း အရိုးပွ/အရိုးပါးရောဂါကြောင့်အရိုးကျိုးနေကြောင်း မြောက်ဥက္ကလာပဆေးရုံကြီးမှ ဆီးချိုနှင့် အထွေထွေအထူးကုဆရာဝန်ကြီး ပါမောက္ခဦးကိုကိုက ပြောသည်။

“အရိုးပွ၊ အရိုးပါးရောဂါဆိုတာ အရိုးတွေ တဖြည်းဖြည်းပွလာပြီး အရိုးမှာ အခေါင်းပေါက်တွေဖြစ်လာတဲ့ ရောဂါဖြစ်ပါတယ်။ အရိုးရဲ့ သိပ်သည်းဆ ကြံ့ခိုင်မှုအားနည်းတဲ့ ရောဂါဖြစ်ပါတယ်။ ဒီရောဂါရဲ့ နောက်ဆက်တွဲ အဖြစ်များဆုံးပြဿနာက အရိုးကျိုးတာပါပဲ။ အဖြစ်များတဲ့ နေရာတွေက ခါးရိုး၊ နံရိုး၊ ပေါင်၊ လက်ကောက်ဝတ်ရိုးတွေဖြစ်ပြီး အဖြစ်များဆုံးက ပေါင်ရိုးကျိုးတာပဲ ဖြစ်ပါတယ်။ အရိုးပွ၊ အရိုးပါးရောဂါရဲ့ နောက်ဆက်တွဲဖြစ်တဲ့ အရိုးကျိုးတာကြောင့် သွားလာလှုပ်ရှားမှု မပြုနိုင်တာနဲ့ အသက်ဆုံးရှုံးရတာတွေအထိ ဖြစ်နိုင်ပါတယ်” ဟု ပါမောက္ခ ဦးကိုကိုက ပြောသည်။ ကမ္ဘာတစ်ဝန်း အမျိုးသမီးဦးရေ သန်း ၂၀ ကျော်သည် အရိုးပွရောဂါခံစားနေရပြီး အသက် ၅၀ ကျော် အမျိုးသမီးသုံးယောက်လျှင် တစ်ယောက်၊ အမျိုးသား ငါးယောက်လျှင် တစ်ယောက်မှာ အရိုး ပွရောဂါကြောင့် အရိုးကျိုးနိုင်ခြေရှိကြောင်းသိရသည်။

“အမျိုးသမီးတွေ၊ အသက်အရွယ်ကြီးသူတွေ၊ အရိုးကျိုးလွယ်တဲ့ ရောဂါရှိသူတွေ၊ မိသားစုမျိုးရိုး ရှိရောဂါရှိသူတွေ၊ ပိန်ပါးသူတွေ၊ ကိုယ်အလေးချိန် နည်းသူတွေနဲ့ သွေးဆုံးပြီးအမျိုးသမီးတွေက အရိုးပွ၊ အရိုးပါးရောဂါဖြစ်နိုင်ခြေများပါတယ်။ သွေးဆုံးပြီးရင် ငါးနှစ်နဲ့ ခုနစ်အတွင်း ၂၀ရာခိုင်နှုန်းလောက် အရိုးဓာတ်တွေ လျော့နည်းသွားပါတယ်”ဟု ပါမောက္ခဦးကိုကိုက ပြောသည်။ အရိုးပွ/အရိုးပါးရောဂါ မဖြစ်စေရန် ကယ်လ်စီယမ်ကြွယ်ဝသော အစားအစာများ (နွားနို့၊ ဒိန်ချဉ်၊ ပန်းဂေါ်ဖီစိမ်း)စားခြင်း သို့မဟုတ် ကယ်လ်စီယမ်သောက်ခြင်း၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် အရက်အလွန်အကျွံသောက်ခြင်းတို့ကို ရှောင်ကြဉ်ခြင်း၊ ဆရာဝန်နှင့်တိုင်ပင်ပြီး ရောဂါစစ်ဆေးခြင်းနှင့် လိုအပ်လျှင် ကုသမှုခံယူခြင်းတို့ကို လိုက်နာသင့်ကြောင်း သိရသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top