Healthy Life Ad
Life Style

ရေအများကြီးသောက်ခြင်းနှင့် ကျန်းမာရေး (၁) ( Drinking too much water : ‘can it be beneficial or harmful for your health’ )

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

“ရေ”သည် “အသက်”ဆိုတာ လူတိုင်းနားလည်ပြီးသားဖြစ်ပါတယ်။ ဆိုလိုတာက ခန္ဓာကိုယ်မှာ ရေအလုံအလောက်ရှိမှသာ ကျန်းမာစွာ အသက်ရှင်သန်နိုင်မယ်၊ ရေမရှိရင် အသက်မရှင်နိုင်ဘူးလို့ ဆိုလိုတာဖြစ်ပါတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်မှာ “ရေ”များတာကြောင့် “အသက်တို” ရတာလည်းရှိပါတယ်။

ကျန်းမာနေဖို့အတွက် တစ်နေ့တာ ရေကို ဘယ်လောက်သောက်ရမလဲ၊ ဘယ်လိုသောက်သင့်သလဲ။ ဆရာဝန်တွေ၊ အာဟာရပညာရှင်တွေကတော့ အမြဲတမ်း ရေများများသောက်ပါ၊ တစ်နေ့မှာ နှစ်လီတာမှ နှစ်လီတာခွဲသောက်ပါလို့ ညွှန်ကြားလေ့ရှိပါတယ်။ ကျန်းမာနေသူတစ်ယောက်အတွက် တကယ်တော့ ရေသောက်တာ ညွှန်ကြားဖို့တော့ သိပ်မလိုပါဘူး။ သူ့သဘာဝအလျောက် . . .

ကျန်းမာနေဖို့အတွက် တစ်နေ့တာရေကို ဘယ်လောက်သောက်ရမလဲ၊ ဘယ်လိုသောက်သင့်သလဲ။ ဆရာဝန်တွေ၊ အာဟာရပညာရှင်တွေကတော့ အမြဲတမ်း ရေများများသောက်ပါ၊ တစ်နေ့မှာ နှစ်လီတာမှ နှစ်လီတာခွဲသောက်ပါလို့ ညွှန်ကြားလေ့ရှိပါတယ်။ ကျန်းမာနေသူတစ်ယောက်အတွက် တကယ်တော့ ရေသောက်တာညွှန်ကြားဖို့တော့ သိပ်မလိုပါဘူး။ သူ့သဘာဝအလျောက် ရေကို ရေဆာရင် သောက်မယ်။ ရေမဆာတော့ရင် မသောက်တော့ဘူး။ ခန္ဓာကိုယ်ရဲ့ စနစ်တွေက သူ့ဘာသာသူ အလိုအလျောက် ထိန်းညှိထားပြီးသားဖြစ်ပါတယ်။ တွက်ချက်ပြီး သောက်နေတာမဟုတ်ပါဘူး။ ရေလျော့နေရင် ရေဆာလာပါတယ်။ ရေပြည့်နေရင် ရေမဆာတော့ပါဘူး။ ရေကိုပိုသောက်မိပြီး သွေးထဲမှာ ရေပိုနေရင် Na+ ဆိုဒီယမ်ဆား ငန်ဓာတ်လျော့သွားမယ်)၊ သွေးတွင်း အေဒီအိပ်ချ် ADH ဟော်မုန်းဓာတ်ကိုလည်း လျော့နည်းစေတာကြောင့် ဆီးပိုပေါက်ပြီး ကျောက်ကပ်မှ ရေပိုတွေကို ပြင်ပသို့ ထုတ်ပစ်လိုက်တာပါပဲ။

ခန္ဓာကိုယ်မှာ ရေခမ်းနေပြန်ရင် (ဒါမှမဟုတ် ဆိုဒီယမ်ဆားငန်ဓာတ်များလာရင်) အေဒီအိပ်ချ် ADH ဆိုတဲ့ဟော်မုန်းတွေ များလာစေခြင်းဖြင့် ဆီးနည်းသွားကာ ကျောက်ကပ်မှ ရေစွန့်ထုတ်ပစ်တာ နည်းစေပါတယ်။ ဒါဟာ ခန္ဓာကိုယ်မှာရှိပြီးဖြစ်တဲ့ သဘာဝ ဇီဝဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ ဆက်လက်ပြီး ရှင်းပြရမယ်ဆိုရင် သွေးမှာရေပြစ်တာ၊ ရေကျဲတာကို အော့စ်မိုလာရတီ(Osmolarity)နဲ့ တိုင်းပါတယ်။ အော့စမိုလာရတီဆိုတာ ပျော်ဝင်ပစ္စည်းနဲ့ ဖျော်တဲ့ရေရဲ့ အချိုးအဆဖြစ်ပါတယ်။ သွေး အော့စ်မိုလာရတီဟာ ၂၇၅ မှ ၂၉၅ မီလီအော့စ်မိုးလ်အတွင်းမှာပဲ ပုံမှန်ရှိနေရပါမယ်။ ရေခမ်းရင် သွေးအော့စ်မိုလာ မြင့်လာပြီး သွေးမှာ ရေများလာရင် အော့စ်မိုလာ နိမ့်ကျသွားမှာဖြစ်ပါတယ်။

ဥပမာ- ရေခမ်းနေသူ တစ်ဦးဟာ ရေနှစ်ဖန်ခွက်( ၈၅၀ မီလီလီတာ သောက်လိုက်ရင် သွေးအော့စမိုလာရတီဟာ နာရီဝက်အတွင်း ၆ မီလီအော့စ်မိုး လျော့သွားစေပါတယ်။ ဒီအော့စ်မိုလာရတီကို အဓိကထိန်းထားတဲ့ ပျော်ဝင်ပစ္စည်းကတော့ သွေးတွင်း ဆားဓာတ် Serum Sodium ပါပဲ။ ရေနည်းရင် သို့မဟုတ် ဆိုဒီယမ်များရင် အော့စ်မိုလာ Osmolarity များမယ်။ ရေများရင်၊ သွေး ဆိုဒီယမ်နည်းပြီး အော့စ်မိုလာ osmolarity နည်းမယ်လို့ လွယ်ကူအောင် မှတ်သားပေးစေလိုပါတယ်။

သွေး Osmolarity အော့စမိုလာရတီကို သွေးတွင်း ဆိုဒီယမ်တိုင်းခြင်းအားဖြင့် ခန့်မှန်းနိုင်ပါတယ်။ ဆိုဒီယမ် Sodium ဆားဓာတ်ဟာလည်း ပုံမှန်ဆိုရင် ၁၃၅ မှ ၁၄၅ mEq/L အတွင်းမှာပဲ ရှိရပါမယ်။ ဆိုဒီယမ်ဓာတ်ဟာ သွေးထဲမှာ ၁၂၀ mEq/L အောက် ရောက်သွားပြီဆိုရင် ဦးနှောက်ထိခိုက်ပြီး ဆိုးရွားတဲ့ ပြဿနာတွေ ဖြစ်ပေါ်လာပါမယ်။ အသက်အန္တရာယ်လည်း ဖြစ်တတ်ပါတယ်။

ဦးနှောက်ကို အထူးသဖြင့် ဘာကြောင့်ပိုပြီး ထိခိုက်လွယ်သလဲဆိုတာ ဆက်လက်ရှင်းပြလိုပါတယ်။ Osmolarity သို့မဟုတ် ဆိုဒီယမ် ဆားဓာတ် ပြင်းအားမတူညီတဲ့ အရည်နှစ်ခုကို ရေဖြတ်သန်းနိုင်တဲ့ ကလာပ်စည်းအမြှေးပါ (cell membrane)နဲ့ ခြားထားရင် Osmolarity ညီသွားတဲ့အထိ ရေတွေက များရာမှ နည်းရာသို့ စီးဆင်းသွားမှာဖြစ်ပါတယ်။ တနည်းအားဖြင့် (Intracellular) ကလာပ်စည်း အတွင်းဘက်နဲ့ အပြင်ဘက် (Extracellular)မှ ဆိုဒီယမ်ဓာတ် ပြင်းအားတွေဟာ အမြဲတူညီနေပါတယ်။ မတူခဲ့ရင် ရေတွေဟာ ဆိုဒီယမ်များတဲ့ဘက်ဆီသို ရွေ့သွားပါမယ်။

ရေက ကလာပ်စည်းတွင်းမှ အပြင်သို့ ရွေ့သွားတာက ပြဿနာမကြီးပေမယ့် ကလာပ်စည်း အတွင်းထဲသို့ ရေတွေဝင်လာမယ်ဆိုရင် ကလာပ်စည်းတွေ ဖောင်းကြွပြီးရောင်လာရင် ပိုပြီး ပြဿနာဖြစ်စေနိုင်ပါတယ်။ အရေးကြီးဆုံးကလာပ်စည်းတွေဖြစ်တဲ့ ဦးနှောက်ကလပ်စည်းတွေထဲ ရေတွေဝင်ရောက်လာရင် ဦးနှောက်ပွပြီး ရောင်လာပါမယ်။

ခန္ဓာကိုယ်မှာ ဆိုဒီယမ်ဆားဓာတ်နဲ့ ရေအချိုးဟာ အမြဲတည်ငြိမ်နေအောင် ထိန်းညှိပေးတဲ့ အဓိက စနစ်နှစ်ခုရှိပါတယ်။

၁။ Plasma osmolarity နည်းခြင်း၊ များခြင်းပေါ်မူတည်၍ ဦးနှောက်နဲ့ ပီကျူထရီဂလင်းတို့၏ ရေထိန်းညှိခြင်းတာဝန်များ

သွေးရဲ့ Osmolarity နည်းတာ/များတာ၊ တစ်နည်းအားဖြင့် ဆိုဒီယမ်များတာနည်းတာကို ဦးနှောက်ရှိ Hypothalamus sensors ဟိုက်ပိုသဲလမတ်စ်မှ ကလာပ်စည်းတွေက ချက်ချင်းသိရှိပြီး osmolarity ကိုပြန်လည်ပြုပြင်ပေးပါတယ်။ ရေခမ်းပြီး Osmolarity များရင် ဦးနှောက်ကို ရေဆာတဲ့ခံစားချက်ကို ဖြစ်စေပါတယ်။ ရေသောက်လိုက်ရင် သွေးထဲမှာ ရေပြည့်လာမယ်၊ အဲ့ဒီအခါ Osmolarity ဒါမှမဟုတ် ဆားဓာတ် ပြန်လျော့သွားမယ်။ ဒါဆိုရင် ရေငတ်ပြေသွားပါတယ်။

ဒါ့အပြင် ပီကျူထရီလို့ခေါ်တဲ့ ဦးနှောက်အောက်ခြေရှိ ဟော်မုန်းများထုတ်ပေးတဲ့ ဂလင်းမှ ADH ခေါ်ဟော်မုန်းထုတ်တာ တိုးလျော့လုပ်ပေးခြင်းဖြင့် ဆီးမှ ရေစွန့်ထုတ်တာများစေ၊ နည်းစေခြင်းတွေ ဖြစ်စေပါတယ်။ အေဒီအိပ်ချ် ADH က ဆီးခမ်းစေတဲ့ ဟော်မုန်းဖြစ်ပါတယ်။ ADH များရင် ဆီးနည်းပြီး ဆီးပြစ်သွားပါတယ်။ ADH နည်းရင်လည်း ဆီးများပြီး ဆီးကျဲသွားပါတယ်။

၂။ လှည့်ပတ်နေသော သွေးပမာဏ (Blood volume)နည်းခြင်း၊ များခြင်းကို သိရှိခြင်းစနစ်

သွေးကြောထဲမှာလှည့်ပတ်နေတဲ့ သွေးပမာဏနည်းသွားရင် သွေးကြောထဲမှရေတွေကို ဆီးထဲမှ ထပ်မဆုံးရှုံးအောင် ရေတွေပြန်ထိန်းသိမ်းထားဖို့ လိုပါတယ်။ သွေးပမာဏ လျော့နေတာကို သွေးကြောထဲရှိ အာရုံခံနာဗ့်ကြော အစိတ်အပိုင်းကသိရှိပြီး ဦးနှောက်ဆီသို့ သတင်းပို့ပေးပါတယ်။ အထက်မှာဖော်ပြတဲ့ ဖြစ်စဉ်တွေအတိုင်း ရေဆာခြင်း၊ ရေသောက်ခြင်းနဲ့ ဆီးနည်းစေခြင်းတို့နဲ့ သွေးပမာဏကို ပြန်များစေပါတယ်။

သတိပြုရမှာက ဒီစနစ်တွေဟာ အသက်ကြီးလွန်သူတွေမှာ၊ လေဖြတ်ထားသူတွေမှာ၊ ကျောက်ကပ်၊ နှလုံး၊ အသည်းရောဂါရှိသူတွေမှာ ပုံမှန်မဟုတ်တော့ဘဲ ချို့ယွင်းမှုတွေရှိနေတတ်ပါတယ်။ ဒါကြောင့် အသက်ကြီးသူတွေ နေမကောင်းရင် ရေဓာတ်များခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်းနဲ့ ဆားဓာတ်များခြင်း၊ နည်းခြင်း စတဲ့ပြဿနာတွေ အများဆုံး ကြုံတွေ့ရတတ်ပါတယ်။ ဒီပြဿနာတွေကို ဆေးကုသပေးသူတွေက ပိုင်နိုင်စွာ ပြုပြင်ပေးနိုင်ဖို့ အရေးကြီးပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top