Healthy Life Ad
Life Style

သင့်အသွင်အပြင်ကို ပြောင်းလဲသွားစေနိုင်သည့် အမူအကျင့်များ

၊ မီမိုးမေ ၊ (ဆေးဝါးတက္ကသိုလ်)

တစ်နေ့တာအတွင်း ဘယ်လိုအပြုအမူတွေ လုပ်ဆောင်တာက သင့်အသွင်အပြင်ကို ထိခိုက်စေသလဲ၊ ဘယ်လို အပြုအမူတွေက သင့်အလှအပနဲ့ ကျန်းမာရေးကို ပိုကောင်းစေသလဲဆိုတဲ့ အချက်တွေကို လိုက်နာကြည့်ရအောင် . . .


ကွန်ပျူတာရှေ့တွင် မေးထောက်ပြီး ထိုင်ခြင်း

ကွန်ပျူတာမော်နီတာရှေ့မှာ ထိုင်တဲ့အခါ ပျင်းရိလာပြီး မျက်နှာကို လက်တွေနဲ့ထိတွေ့တာ၊ မေးထောက်ပြီးထိုင်တာတို့ ပြုလုပ်တတ်ပါတယ်။ အဲဒီလို ပျင်းတိပျင်းတွဲထိုင်တာက ခန္ဓာကိုယ်ကို ပုံပန်းမကျဖြစ်စေပြီး သွေးလှည့်ပတ်မှုကို အဟန့်အတား ဖြစ်စေပါတယ်။ နောက်ဆုံးမှာ မေးနှစ်ထပ်ဖြစ်တာနဲ့ အရေပြား မြန်မြန်အိုလွယ်တာတို့ ဖြစ်တတ်ပါတယ်။ မျက်နှာကို ညစ်ပတ်တဲ့ လက်တွေနဲ့ ထိတွေ့တာကြောင့် အရေပြား ပြဿနာဖြစ်စေပြီး ဝက်ခြံနဲ့ အရေပြား အပြစ်အနာအဆာထင်တာတို့ ဖြစ်စေနိုင်ပါတယ်။ ဒီနည်းနဲ့ ဆားဝက်ခြံလည်း ပေါက်တတ်ပါတယ်။ ဒါကြောင့် ဒီအပြုအမူကို ရှောင်ရှားလိုက်ပါ။


တီဗီအကြည့်များခြင်း၊ ဖုန်းအသုံးများခြင်း

တီဗီစကရင်နဲ့ ဖုန်းစကရင်ကထွက်လာတဲ့ အပြာရောင်အလင်းတန်းက အရေပြားရဲ့ နက်တဲ့အလွှာအထိဝင်ရောက်ပြီး ဖရီးရယ်ဒီကယ်တွေကို လှုံ့ဆော်ပေးပါတယ်။ ဒီနည်းနဲ့ ကော်လာဂျင်ထိခိုက်ရာက အရေပြားစောစီးစွာအိုမင်းတာနဲ့ အစက်အပြောက်ထင်တာတို့ ဖြစ်ရတာပါ။ တီဗီအကြည့်များသူတွေဟာ နုပျိုချင်ရင် ခရမ်းလွန်ရောင်ခြည်ကာကွယ်တဲ့ နေကာခရင်မ်လိမ်းဖို့ အရေပြားအထူးကုဆရာဝန်တွေက အကြံပြုလေ့ရှိပါတယ်။ လျှပ်စစ်ပစ္စည်းတွေကို အနီးကပ်ကြည့်တာလျှော့ပါ။


မအိပ်ခင် စမတ်ဖုန်းသုံးခြင်း

အပြာရောင် အလင်းတန်းက မယ်လတိုနင် ထုတ်လုပ်မှုကို ချိုးနှိမ်ပေးတဲ့အတွက် အိပ်စက်မှုစက်ဝန်းကို အဟန့်အတား ဖြစ်စေပါတယ်။ အဲဒီအခါ အိပ်ရေးပျက်နိုင်ပါတယ်။ ဒါကြောင့် ညမအိပ်ခင် အနည်းဆုံး တစ်နာရီအလိုမှာ စမတ်ဖုန်း မသုံးသင့်တော့ပါ။


ကြေးချွတ်ဆပ်ပြာ သုံးခြင်း

မျက်နှာကို ကြေးချွတ်ဆပ်ပြာသုံးပြီး ပွတ်တိုက်ရင် အရေပြားအဆီထွက်ရှိမှုမြင့်မားပြီး အသားအရေခြောက်သွေ့နိုင်ပါတယ်။ ကောင်းမွန်တဲ့ ဖြေရှင်းနည်းက ကြေးချွတ်ဆပ်ပြာအစား လက်တစ်အက်စစ် ဒါမှမဟုတ် ဂလိုင်ကောလစ်အက်စစ်အခြေခံ ကြေးချွတ်ဆပ်ပြာသုံးဖို့ပဲ ဖြစ်ပါတယ်။


ပီကေကို အဆက်မပြတ် ဝါးခြင်း

ပီကေကို အဆက်မပြတ်ဝါးရင် မေးရိုးတွေကို ပုံပြောင်းသွားစေနိုင်ပါတယ်။ ခံတွင်းတဝိုက် အရေးကြောင်းထင်တတ်ပါတယ်။ ဒါကြောင့် ခံတွင်းသန့်စင်လိုရင် ချိုချဉ်ငုံတာ၊ ခံတွင်းသန့်ဆေးရည်နဲ့ ပလုတ်ကျင်းတာတို့ လုပ်ဆောင်သင့်ပါတယ်။


ခြေချိတ်ထိုင်ခြင်း

ခြေချိတ်ထိုင်တာက ခြေထောက်သွေးကြောထုံးတာကို ဖြစ်စေနိုင်ပါတယ်။ သွေးလှည့်ပတ်စီးဆင်းမှုကို အဟန့်အတားဖြစ်စေပြီး ခါးအောက်ပိုင်းနာတာ၊ လိင်အင်္ဂါတေ နာကျင်တာအထိ ဖြစ်တတ်ပါတယ်။ ဒါက ကျောရိုးမကြီး အနေအထားမမှန်လို့ ခါးပေါ်မှာ ဖိအားသက်ရောက်ရာက ဖြစ်ရတာပါ။ ဒါကြောင့် တတ်နိုင်ရင် ခြေချိတ်ထိုင်တဲ့ အပြုအမူကို ရှောင်ပါ။


ခေါင်းလျှော်ပြီး ချက်ချင်းခေါင်းဖြီးခြင်း

ခေါင်းလျှော်ပြီး ချက်ချင်းခေါင်းဖြီးရင် ဆံပင်ကို အလွန်အမင်းထိခိုက်စေနိုင်ပါတယ်။ အကြောင်းကတော့ စိုနေတဲ့ ဆံပင်က ခြောက်နေတဲ့ ဆံပင်ထက် ပိုထိခိုက်လွယ်တာကြောင့် ဘီးဖြီးတဲ့အခါ ကျိုးပြတ်လွယ်စေတာပါ။ ဆံကေသာအလှ ထိန်းသိမ်းချင်ရင် တဘက်ယူပြီးခြောက်အောင် ညင်ညင်သာသာသုတ်ပါ။ ပွတ်သပ်တာကိုရှောင်ပြီး သဘာဝအတိုင်း အခြောက်ခံပါ။ ဆံပင်ခြောက်မှ အောက်ခြေကနေ ဘီးနဲ့စဖြီးပါ။


မျက်နှာမှာပဲ နေကာခရင်မ်လိမ်းခြင်း

လှချင်တဲ့ မိန်းမပျိုတွေက နေကာခရင်မ်ကို မျက်နှာမှာပဲ လိမ်းလေ့ရှိပါတယ်။ တကယ်တော့ လည်ပင်း၊ ရင်ဘတ်နဲ့ လက်တွေမှာလည်း နေကာခရင်မ် လိမ်းသင့်ပါတယ်။ အသက်ကြီးလေလေ၊ နေဒဏ်ကြောင့် အရေပြားထိခိုက်နိုင်ခြေ ပိုများလေလေပါ။ ဒါကြောင့် မျက်နှာတင်မက ရင်ဘတ်၊ လည်ပင်းနဲ့ လက်တွေကိုပါ နေကာခရင်မ်လိမ်းဖို့ လိုပါတယ်။


မျက်ခုံးပုံသွင်းပြီး ချက်ချင်းမိတ်ကပ်လိမ်းခြင်း

မျက်ခုံးကို ဇာဂနာ၊ ဘရိတ်ဓား စတာတွေနဲ့ ပုံသွင်းပြီး ချက်ချင်း မိတ်ကပ်လိမ်းရင် ကူးစက်ပိုးဝင်လွယ်နိုင်ပါတယ်။ ဒါကြောင့် ဒီအချိန်မှာ မိတ်ကပ်ချက်ချင်းမလိမ်းဘဲ မျက်နှာကို အရင်သန့်စင်ပေးဖို့ လိုပါတယ်။


ရေပူသုံးပြီး ရေစိမ်ခြင်း

ရေပူစိမ်တာက အပန်းပြေစေတယ် ဆိုပေမယ့် အသားအရေအတွက် မသင့်တော်ပါဘူး။ အသားအရေရဲ့ သဘာဝ အစိုဓာတ်ကင်းစင်ပြီး အသားအရေခြောက်တာ၊ ယားယံတာနဲ့ ပိုးဝင်တာတို့ ဖြစ်လွယ်တတ်ပါတယ်။ ရေခပ်နွေးနွေးနဲ့သာ စိမ်ချိုးပြီး ရေချိုးပြီးတိုင်း အစိုဓာတ်ထိန်းခရင်မ်လိမ်းဖို့ မမေ့သင့်ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top