Healthy Life Ad
Health Tips

ဇနီးမောင်နှံတို့ တစ်ဦးနဲ့တစ်ဦး ဆွဲဆောင်မှုပိုရှိစေဖို့ စားသင့်တဲ့ အစားအသောက်တွေ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

အာဟာရဓာတ်နဲ့ အင်တီအောက်ဆီးဒင့်တို့ များစွာပါဝင်တဲ့ အစားအသောက်တွေကို စားတာက အသားအရေနဲ့ ဆံကေသာကို ကျန်းမာတောက်ပစေပြီး စိတ်ကိုပါ လန်းဆန်းစေပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းလုပ်တာကလည်း ခန္ဓာကိုယ်ရဲ့ ကျန်းမာလှပမှုကို ပိုပေါ်လွင်စေပါတယ်။ ဇနီးမောင်နှံတွေအနေနဲ့ အိမ်ထောင်ရေးမှာ သာယာကျေနပ်မှုရှိစေပြီး တစ်ဦးကိုတစ်ဦး ပိုမိုဆွဲဆောင်မှုရှိနေရလေအောင် အောက်ပါအစားအသောက်တွေကို စားပေးဖို့ လိုပါတယ်။

(၁) အဆီထုတ်ထားသော ဒိန်ချဉ်

ဗီတာမင်အေပါဝင်တဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေက အသားအရေကို လှပစေသလို ကယ်လ်စီယမ်ပါဝင်မှုကြောင့် အရိုးတွေကို သန်စွမ်းစေကာ ဆံကေသာကို ကျန်းမာစေပါတယ်။ နေ့စဉ် အဆီနည်းနို့နဲ့ နို့ထွက်ပစ္စည်းတွေကို စားတဲ့လူတွေက ကိုယ်အလေးချိန်ကို ထိန်းထားနိုင်ပါတယ်။ အဆီထုတ်ထားတဲ့ ဒိန်ချဉ်ထဲမှာပါတဲ့ အကျိုးပြုဘက်တီးရီးယားဟာ အစာခြေစနစ်ကို ကျန်းမာနေစေပါတယ်။

(၂) လိမ္မော်သီး

ချဉ်တဲ့အသီးတွေထဲမှာ ဗီတာမင်စီများစွာ ပါဝင်ပါတယ်။ တစ်နေ့မှာ လိမ္မော်သီးတစ်လုံးစားပေးတာက ခန္ဓာကိုယ်က နေသံဓာတ်စုပ်ယူမှုကို အားကောင်းစေပါတယ်။ ဗီတာမင်စီဟာ အသားအရေကိုလှပစေပြီး အရေပြားအောက်က တွယ်ဆက်တစ်သျှူးတွေကို သန်စွမ်းစေတာကြောင့် အရေးကြောင်း မဖြစ်စေပါဘူး။

(၃) စတော်ဘယ်ရီသီး

စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီး၊ ခရမ်ဘယ်ရီသီးစတဲ့ ဘယ်ရီသီးတွေမှာ ဖိုင်တိုကမ်မီကယ်လ်တွေ ပါဝင်တာကြောင့် အရေပြားမှာ အင်တီအောက်ဆီးဒင့်ပမာဏ တိုးစေပါတယ်။ ဒါကြောင့် ဘယ်ရီသီးတွေကိုစားပေးရင် အသက်ကြီးလာပေမယ့် နုပျိုလှပနေပါလိမ့်မယ်။ ဘယ်ရီသီးတွေက ကယ်လိုရီပါဝင်မှုနည်းပြီး ဗီတာမင်စီနဲ့ ပိုတက်စီယမ်ပါဝင်မှုများပါတယ်။

(၄) ဆယ်လ်မွန်ငါး

ဆယ်လ်မွန်ငါးမှာ မရှိမဖြစ်အဆီနဲ့ ပရိုတင်းဓာတ်တို့ပါဝင်ပါတယ်။ ဒီအရာတွေက အသားအရေနဲ့ ဆံပင်တို့အတွက် မရှိမဖြစ် အာဟာရဓာတ်တွေပါ။ ဆယ်လ်မွန်ငါးမှာ အိုမီဂါသရီးဖက်တီးအက်စစ် ပါဝင်မှုများတာကြောင့် အရေပြားခြောက်သွေ့မှုမရှိဘဲ အရေပြားဆဲလ်တွေထဲမှာ စိုထိုင်းဆများနေအောင် ထိန်းသိမ်းပေးနိုင်ပါတယ်။

(၅) ကမာ

ချစ်စိတ်တိုးစေတဲ့အစာအဖြစ် နာမည်ကြီးတဲ့ ကမာမှာ သွပ်ဓာတ်များစွာ ပါဝင်နေပါတယ်။ ဒါကြောင့် အမျိုးသားတွေကို တက်စတိုစတီရုန်း အဆင့်မြင့်မားစေပြီး သုက်ကောင်ထုတ်လုပ်မှုကောင်းစေပါတယ်။ သွပ်ဓာတ်ဟာ ဆံကေသာကို ကျန်းမာစေတဲ့အပြင် သင်ရဲ့အရသာနဲ့ အနံ့ခံနိုင်စွမ်းကိုပါ ကောင်းမွန်စေပါတယ်။

(၆) ပဲမည်း

ပဲအမျိုးမျိုးမှာ ပရိုတင်းဓာတ်၊ သံဓာတ်နဲ့ သွပ်ဓာတ်တို့ ပါဝင်ပါတယ်။ ပဲမည်းမှာ ဗီတာမင်ဘီတစ်မျိုးဖြစ်တဲ့ ဘိုင်အိုတင်လည်း အများအပြားပါဝင်တာကြောင့် ဆံကေသာနဲ့ အသားအရေကျန်းမာရေးအတွက် အရေးပါပါတယ်။

(၇) သီဟိုဠ်စေ့

အခွံမာသီးမှာ မပြည့်ဝဆီပါဝင်ပါတယ်။ သီဟိုဠ်စေ့မှာတော့ အိုမီဂါသရီး ဖက်တီးအက်စစ်ပါဝင်မှုများတဲ့အပြင် ပရိုတင်းဓာတ်လည်းပါဝင်ပါတယ်။ ဒါကြောင့် သီဟိုဠ်စေ့အနည်းငယ်ကို စားထားရင် ထမင်းစားချိန်တစ်ချိန်နဲ့ တစ်ချိန်ကြားမှာ စိတ်ကျေနပ်မှုရရှိစေပါတယ်။ လေ့လာမှုအရ သီဟိုဠ်စေ့မှာပါတဲ့ဖိုင်တို ကမ်မီကယ်ဟာ သက်ကြီးအမျိုးသားတွေကို ဆီးကျိတ်ကျန်းမာနေစေပါတယ်။

(၈) ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာ ဗီတာမင်စီနဲ့ လိုင်ကိုပင်းလို့ခေါ်တဲ့ ဖိုင်တိုကမ်မီကယ်လ် များစွာပါဝင်တာကြောင့် အမျိုးသားတွေရဲ့ ဆီးကျိတ်ကို ကျန်းမာစေပါတယ်။ လိုင်ကိုပင်းဟာ နေလောင်ဒဏ်ကြောင့် အသားအရေ ထိခိုက်ပျက်စီးမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ လိုင်ကိုပင်းကို အလုံအလောက်စားတာက အသားအရေကို ချောမွေ့နူးညံ့စေပါတယ်။

(၉) အမည်းရောင် ချောကလက်

ချောကလက်ကို စားတာက စိတ်ခံစားမှုကို ကောင်းမွန်တိုးတက်စေပါတယ်။ လေ့လာမှုအရ အမည်းရောင် ချောကလက်မှာ ပါဝင်တဲ့ ဖိုင်တိုကမ်မီ ကယ်လ်က ဦးနှောက်နဲ့ လိင်အင်္ဂါတွေအပါအဝင် ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းအားလုံးဆီကို သွေးစီးဆင်းမှု ကောင်းစေတာကြောင့် ဖြစ်ပါတယ်။

(၁၀) ရေ

ရေက တကယ်တော့ အာဟာရဓာတ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သင်တို့ ဇနီးမောင်နှံနှစ်ဦးစလုံးရဲ့ကျန်းမာရေးအတွက် အရေးပါနေပါတယ်။ ခန္ဓာကိုယ်က ရေဓာတ်လိုအပ်တာကြောင့် ရေကိုအလုံအလောက်သောက်ပေးတာက အသားအရေကို ချောမွေ့ကျန်းမာစေတဲ့အပြင် ကိုယ်တွင်းအင်္ဂါတွေကိုပါ ကျန်းမာနေစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top