Healthy Life Ad
Uncategorized

လင်နဲ့မယား ကွာရှင်းပြတ်စဲပြီးချိန် ဘဝကို အသစ် ပြန်လည်တည်ဆောက်နိုင်စေဖို့ . . .

၊ ငွေကြယ်စင်ယံ ၊

လင်နဲ့မယား ကွာရှင်းပြတ်စဲကြောင်း စာရွက်ပေါ် လက်မှတ်ရေးထိုးပြီးချိန်မှာ အနှစ်နှစ် အလလ တည်ဆောက်ထားခဲ့တဲ့ အိမ်ထောင်ရေးက ပြိုကွဲသွားပါပြီ။ အိမ်ထောင်ရေး ပြိုကွဲသွားသူတွေရဲ့ ဇာတ်လမ်းတွေကတော့ မတူကွဲပြားနေနိုင်ပေမယ့် အိမ်ထောင်ရေးပြိုကွဲမှုဟာ စိတ်ဖိစီးမှု အမြင့်ဆုံးဖြစ်စေတဲ့အကြောင်းအရာထဲမှာ ပါဝင်နေပါတယ်။ ဒါ ကြောင့် အိမ်ထောင်ပြတ်စဲပြီးတဲ့အခါ အားအင်အပြည့်ရှိတဲ့ ဘဝသစ်မှာ ရပ်တည်နိုင်မယ့် အဆင့်ရှစ်ဆင့်ကို အကြံပြုလိုက်ရပါတယ်။

အဆင့် (၁)ဝမ်းနည်းကြေကွဲလိုက်ပါ
“တစ်နေ့မှာ တို့နှစ်ယောက် ဒီလို လမ်းခွဲပြတ်စဲရမယ်ဆိုတာသိနေတယ်”ဆိုပြီး ဘယ်သူမှတော့ တွေးထင်ထားမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကြိုတင်မျှော်လင့်မထားတဲ့ အဖြစ်အပျက်တစ်ခုကြုံရချိန်မှာ ဆုံးရှုံးမှုတစ်ခုအဖြစ် ဝမ်းနည်းကြေကွဲရတတ်ပါတယ်။ ဒါကို မျိုသိပ်ခံစားမနေပါနဲ့။ ဆုံးရှုံးမှု ဖြစ်သွားချိန်မှာ လွတ်သွားတဲ့ ကွက်လပ်အတွက် ကြေကွဲဝမ်းနည်းလိုက်ပါ။ ငိုချင်ရင် ငိုချလိုက်ပါ။

သင့်အိမ်ထောင်ရေး အဆင်မပြေတာနဲ့ ပတ်သက်ပြီး သင်လုပ်ခဲ့တဲ့ အမှားအတွက် နောင်တရကောင်းရနေနိုင်ပါတယ်။ ဒီအကြောင်းတွေကိုလုံးဝမေ့ပစ်ဖို့ဆိုတာ လွယ်မှာမဟုတ်ပါဘူး။ ဒါကြောင့် သင့်ရင်ထဲက နေရာတစ်နေရာမှာ ထည့်သိမ်းထားလိုက်ပါ။

အဆင့် (၂) စိတ်သက်သာရာရစေမည့် နည်းလမ်း ရှာပါ
အိမ်ထောင်ဖက်နဲ့အတူနေထိုင်တဲ့ ဘဝမျိုးကနေ ဘဝသစ်ကို ပြောင်းလဲချိန်မှာ စိတ်ဖိစီးမှုအပြည့်ပါတဲ့ အိတ်ကြီးကို ကျောပိုးပြီး မစတင်ပါနဲ့။ သင့်စိတ်ခံစားချက်ကို စိတ်ကျန်းမာရေးပညာရှင်ကို ပြောပြပြီး သက်သာအောင် ကုစားတာ ဒါမှမဟုတ် သင်နှစ်သက်တဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အပြုအမူ လုပ်ရင်းစွမ်းအင်တိုးအောင် လုပ်ဆောင်ကြည့်လိုက်ပါ။ ဒါဆိုရင် စိတ်လက်ပေါ့ပါးမှု ရှိလာပြီး ဘဝကို အေးအေးချမ်းချမ်း ရင်ဆိုင်နိုင်စွမ်း ရှိလာပါလိမ့်မယ်။

အဆင့် (၃) ကိုယ့်ကိုယ်ကိုယ် သဘောကျစိတ်ဝင်အောင်ကြိုးစားပါ
အကြောင်းကြောင်းကြောင့် အိမ်ထောင်ရေး ပြတ်စဲလိုက်ရပြီးချိန်မှာ လူအများစုဟာ သိမ်ငယ်စိတ်နဲ့အားငယ်စိတ်တွေ ဝင်လာတတ်ပါတယ်။
“သင့်အနေနဲ့ အိမ်ထောင်ရေးကို ကောင်းကောင်း မထိန်းချုပ်နိုင်လို့ တစ်ခုခုမှားနေပြီလား ဆိုပြီး တွေးကောင်း တွေးမိနေနိုင်ပါတယ်”လို့ စိတ်ပညာရှင် အဲလ်ဘာတီက ဆိုပါတယ်။ ဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနဲ့ လေးစားမှုတွေ တိုးလာစေဖို့ မိမိကိုယ်ပိုင်တန်ဖိုးကို ကိုယ်တိုင် အသိအမှတ်ပြုလာအောင် ကြိုးစားရပါတော့မယ်။ ဒါမှ အားငယ်စိတ်နဲ့ သိမ်ငယ်စိတ်တွေ ပပျောက်သွားမှာပါ။

အဆင့် (၄) တစ်ကိုယ်တည်းနေခဲ့စဉ်က ဘဝမျိုး ပြန်လည်ရှာဖွေပါ
သင့်အနေနဲ့ အိမ်ထောင်ကျခဲ့တဲ့ အချိန်အတောအတွင်း လူပျိုလူလွတ်လိုမျိုး ဒါမှမဟုတ်အပျိုလိုမျိုး စိတ်လွတ်ကိုယ်လွတ် မနေခဲ့ရတဲ့ အခိုက်အတန့်တွေ ရှိကောင်းရှိခဲ့ပါလိမ့်မယ်။ ဥပမာပြောရရင် သင်က အပြင်မှာ သူငယ်ချင်းတွေနဲ့ မကြာခဏတွေ့ဆုံချင်ပေမယ့် သင့်ခင်ပွန်း/ဇနီးက သဘောမကျလို့ အိမ်မြဲနေခဲ့ရတယ်ဆိုပါစို့။ အခုအချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဒီမေးခွန်းတွေ ပြန်မေးကြည့်ပါ။

“အိမ်ထောင်မပြုခင်က ဘာကို ဝါသနာပါခဲ့သလဲ”၊ “အိမ်ထောင်ပြုလြိုက်လို့ ဘာတွေကို လျစ်လျူရှုပစ်ခဲ့ရသလဲ”။ အဲဒီအထဲက ကောင်းတဲ့အချက်တွေဖြစ်ပြီး သင့်ဘဝကို ပိုတိုးတက်ကောင်းမွန်စေမယ့်အချက်တွေဆိုရင် ပြန်လည်လုပ်ဆောင်လိုက်ပါ။ ဥပမာ သင်ဝါသနာပါတဲ့ အရာက လေ့ကျင့်ခန်း လုပ်ရတာဆိုရင် အခုပဲ အားကစားခန်းမနဲ့ ဆက်သွယ်လိုက်ပါ။ လေ့ကျင့်ခန်းလုပ်တာက စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာအောင် တည်ဆောက်နိုင်မယ့် အခြေခံအချက်တစ်ခု ဖြစ်ပါတယ်။

အဆင့် (၅) စိတ်သစ်လူသစ်ဖြစ်အောင် ပြုပြင်လိုက်ပါ
ဆံပင်ပုံစံအသစ်ပြောင်းတာ၊ ဘဝတိုးတက်မှုအတွက် သင်တန်းအသစ်တစ်ခု တက်တာနဲ့ မသွားဖူးတဲ့ အရပ်ဒေသကို ခရီးထွက်တာတို့ လုပ်ဆောင်လိုက်ပါ။ တကယ်လို့ အဆင်ပြေရင် တခြားမြို့ကို ပြောင်းရွှေ့နေထိုင်လိုက်ပါ။ ဒီလိုတွေ လုပ်နိုင်ဖို့ရာ တွက်(သင်တို့မှာ သားသမီးရှိခဲ့ပြီး သင်က အုပ်ထိန်းခွင့်ရခဲ့ရင်)ကလေးတွေ၊ လက်ရှိအလုပ်အကိုင် နဲ့ဘဏ္ဌာရေး အခြေအနေတွေကိုလည်း ထည့်စဉ်းစားဖို့လိုပါသေးတယ်။ စိတ်သစ်လူသစ် ဖြစ်အောင် ပြုပြင်ပြောင်းလဲရာမှာ သင်လုပ်တဲ့ အပြောင်းအလဲက ကျန်းမာရေးအတွက်ကောင်းပြီး ဘဝအခွင့်အလမ်းတိုးတက်မှုရှိတယ်ဆိုရင် လုပ်သင့်ပါတယ်။ ဥပမာပြောရရင် အားလပ်ချိန်မှာ စေတနာ့ဝန်ထမ်း လုပ်တာမျိုးပေါ့။

အဆင့် (၆) တစ်ယောက်တည်းဖြစ်မှာ မစိုးရိမ်ပါနဲ့
တစ်ယောက်တည်းဖြစ်တိုင်း အထီးကျန်တာ မဟုတ်ပါဘူး။ ဘေးပတ်ဝန်းကျင်မှာ လူတွေအများကြီး ရှိနေပါသေးတယ်။ ဒါဆိုရင် သင့်မှာ လူနေမှုဝင်ဆန့် ဖို့ အခွင့်အလမ်းအများကြီး ရှိပါတယ်။ သင့်မှာ မိတ်ဆွေအသစ်တွေရနိုင်ခြေများသလို သင်စိတ်ပါဝင်စားတဲ့အရာတွေကို အတူမျှဝေလုပ်ကိုင်မယ့် အဖော်မွန်တွေလည်း ရှိနေပါတယ်။ ဒီလိုအခွင့်အလမ်းတွေက စောင့်ကြိုနေတာကြောင့် အဖော်မဲ့သွားပြီဆိုပြီး အထီးကျန်ဝမ်းနည်းနေဖို့ မလိုပါဘူး။

အဆင့် (၇)ချစ်ရမှာကို ကြောက်သွားပြီဆိုတဲ့ စိတ်မထားရှိသင့်
သင့်စိတ်ခံစားမှု သက်သောင့်သက်သာရှိသွားတဲ့အချိန်မှာ စိတ်တူကိုယ်တူ အဖော်မွန်မျိုး ထပ်တွေ့ခဲ့ရင် ချစ်သူအဖြစ် လက်တွဲကြည့်ဖို့ မတွန့်ဆုတ်ပါနဲ့။ တစ်ကြိမ်တစ်ခါ ရှုံးနိမ့်ခဲ့ဖူးတာနဲ့ပဲ နောက်တစ်ကြိမ် စာမေးပွဲခန်းထဲ မဝင်တော့ဘူး ဆိုတာမျိုးတော့ မဖြစ်သင့်ဘူး မဟုတ်လား။ ဒါပေမဲ့ ဘေးကင်းစိတ်ချရမှုမရှိတဲ့ အပျော်အပါးလိုက်စားတာမျိုးကိုတော့ ရှောင်သင့်ပါတယ်။

အဆင့် (၈)အမှားကို သင်ခန်းစာယူပြီး ဘဝကို ထိန်းချုပ်နေထိုင်ပါ
အရင်က အိမ်မှုကိစ္စတွေမှာ သင့်အိမ်ထောင်ဖက်တချို့ကိစ္စတွေကို စီမံကွပ်ကဲခဲ့ပြီး သင်ကလည်း တခြားအရာတွေကို တာဝန်ယူခဲ့တာမျိုး ဖြစ်နိုင်ပါတယ်။ အခုတော့ အဲဒီအရေးကိစ္စအားလုံးကို သင်တစ်ယောက်တည်းပဲ စီမံထိန်းချုပ် ကွပ်ကဲရတော့မှာပါ။ သားသမီးတွေကို အုပ်ထိန်းခွင့်ရရှိခဲ့ရင် သားသမီးတွေရဲ့ အရေးကိစ္စအဖြာဖြာကို သင်တစ်ဦးတည်းပဲ စီမံရပါတော့မယ်။ အိမ်ထောင့်တာဝန်တစ်ခုလုံးကို ကိုင်တွယ်အုပ်ထိန်းနိုင်ဖို့ဆိုရင် သင့်ကိုယ်ပိုင်အစွမ်းအစအပေါ် ယုံကြည်မှုထားရှိလိုက်ပါ။ အထူးသဖြင့် အရင်က အမှားတွေကို သင်ခန်းစာယူပါ။ သင်က ငွေအသုံးအဖြုန်းကြီးတာ၊ သူငယ်ချင်းတွေနဲ့ သောက်စားမူးယစ်ပြီး အလုပ်မလုပ်ဘဲ နေခဲ့တာ စတဲ့အမှားတွေရှိခဲ့ရင် အဲဒီအမှားတွေကနေ သင်ခန်းစာယူပါ။ အမှားတွေကို သိနားလည်တာက တစ်ဦးတည်းနေရချိန်မှာ ဘဝကို ဘယ်လိုကိုင်တွယ်ထိန်းချုပ်ရမလဲဆိုတာကို အလိုလို နားလည်သဘောပေါက်သွားစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top