Healthy Life Ad
Life Style

ကလေးများတွင် ဗီတာမင်ဓာတ်ချို့တဲ့ခြင်း

ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်
အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း
ဗီတာမင်အေချို့တဲ့ခြင်း

ကလေးတွေမှာ အများဆုံး ချို့တဲ့တဲ့ ဗီတာမင် ဓာတ်ကတော့ ဗီတာမင် အေ ဖြစ်ပါတယ်။

ဗီတာမင် အေချို့တဲ့တဲ့အခါ Bitot’s Spots လို့ ခေါ်တဲ့ မျက်လုံးမျက်သားခွံအဖြူထဲမှာ ငါးကြေး ခွံလိုမျိုး အကွက်ကလေးတွေ ဖြစ်နေတာ တွေ့ရပါတယ်။ လက်တတောင်ဆစ်မှာ ကြာဆူးတွေလိုမျိုး အဖုလေးတွေ ပေါက်လာတာမျိုးလည်း ရှိပါတယ်။ အရင်ခေတ်တုန်းကဆိုရင် ဒီလို ရောဂါလက္ခဏာတွေက ပိုများပါတယ်။ အခုနောက်ပိုင်းမှာတော့ အစိုးရက ဗီတာမင်အေ ငါးသိန်းအားဆေးပြားတွေကို ငါးနှစ် အောက်ကလေးတွေမှာ တိုက်ကျွေးနေတဲ့အတွက် ဗီတာမင်အေ ချို့တဲ့တာက အတော်လေးလျော့နည်း လာပြီလို့ ဆိုနိုင်ပါတယ်။

ဗီတာမင် အေချို့တဲ့ရင် ဗီတာမင်အေ ငါးသိန်း အားကို တစ်နှစ်မှ တစ်လုံးပဲ စားပေးရုံနဲ့ လုံလောက်ပါတယ်။ တချို့ မိဘတွေကျတော့ သူတို့ကလေး အရင်က ဗီတာမင် အေ ချို့တဲ့ဖူးလို့ ထပ်ပြီး ဖြစ်မှာ စိုးတာနဲ့ ခဏခဏ မလိုအပ်ဘဲ ကျွေးတာမျိုး ရှိပါတယ်။ ဒီတော့ ဗီတာမင်အေများပြီး အဆိပ်သင့်နိုင်ပါတယ်။ ဗီတာမင်အေဓာတ် များတဲ့အခါ ကလေးတွေ ခေါင်းမူးခေါင်းကိုက်တာ ဖြစ်တတ်ပါတယ်။

အစားအစာ အနေနဲ့ ဗီတာမင်အေ ပြည့်ဝဖို့ “စိမ်းသောအရွက်၊ ဝါသော အသီး”ဆောင်ပုဒ်နဲ့အညီ ကျွေးနိုင်ဖို့ လိုအပ်ပါတယ်။ ကလေးတွေ မွေးစ တစ်နှစ်ကျော် အရွယ်ဆို သင့်တင့်မျှတတဲ့ အစားအစာ အတော်များများ ကျွေးလို့ရနေပါပြီ။ ဘာမှ ရှောင်စရာမလိုဘဲ အစားအသောက်တွေ အားလုံး စားလို့ရပါတယ်။ ဒီလိုအချိန်မျိုးမှာဆိုရင် ကလေးတွေကို အရွက်ကြော်တွေ ကျွေးပေးဖို့ သင့်တော်ပါတယ်။ ဆရာမတို့ နိုင်ငံမှာဆို စိမ်းသော အရွက်ထဲမှာ ကန်စွန်းရွက်ကြော်၊ ဟင်းနုနယ်ရွက်ကြော်တို့လိုမျိုး အရွက်တွေဟာ လက်လှမ်းတစ်မီမှာရှိတဲ့အတွက် မိဘတွေအနေနဲ့ ကလေးတွေကို ချော့ပြီး ကျွေးရပါမယ်။ နောက်တစ်ခုက ဝါသောအသီးလို့ ဆိုတဲ့အတိုင်း ဖရုံသီး၊ သရက်သီး၊ သင်္ဘောသီး စတာတွေမှာ ဗီတာမင်အေအများကြီး ပါပါတယ်။ အဲဒီလို အစားအစာ တော်တော်များများမှာ ဗီတာမင် အေတွေရှိနေတဲ့ အတွက် ချို့တဲ့စရာအကြောင်း မရှိပါဘူး။ အဓိကက အာဟာရအစုံအလင်မစားလို့ ဖြစ်နေတာပါ။

ဗီတာမင်ဘီချို့တဲ့ခြင်း

ဗီတာမင်ဘီချို့တဲ့တဲ့အခါ ကလေးတွေမှာ ဘယ်ရီဘယ်ရီလို့ခေါ်တဲ့ ရောဂါဖြစ်တတ်ပါတယ်။ ဒီရောဂါက တိတိကျကျ ပြောရရင် ဗီတာမင် ဘီအုပ်စုထဲက ဘီ ၁ ချို့တဲ့တာပါ။ ကလေးတွေ ငိုတဲ့အခါ ပီပီသသ အသံမထွက်ဘဲ “အဲ့ အဲ့ အဲ့” ဆိုတဲ့အသံ ထွက်နေ တာဖြစ်ပါတယ်။ မွေးကင်းစအရွယ်ကနေ နည်းနည်းကြီး လာတဲ့အခါမျိုးမှာ တွေ့ရပါတယ်။

ဘာကြောင့်လဲဆိုတော့ တချို့မိခင်တွေက ကလေးတွေကို နို့မတိုက်ကျွေးလို့ပါ။ နောက်တစ်ခုက နို့တိုက်ပေမယ့် မိခင်ကိုယ်တိုင်မှာလည်း ဗီတာမင် ဘီ ၁ ချို့တဲ့နေတဲ့အခါမျိုးမှာ တွေ့ရတတ်ပါတယ်။ နောက်တစ်ခုကအိမ်မှာ ထမင်းချက်တဲ့အခါ ဆန်ကို အကြာကြီး ဖွပ်ဆေးလိုက်တာမျိုးတွေမှာ ဗီတာမင် ဘီ ၁တွေပါသွားပြီး လိုအပ်သလောက် အာဟာရ မရတော့ တာတွေ ဖြစ်လာပါတယ်။ ကလေးတွေမှာ ဖြစ်တဲ့ ဘယ်ရီဘယ်ရီရောဂါက အသေးဆုံးနဲ့ သိပ်မပြင်းထန်သေးဘူးလို့ ပြောလို့ ရပါတယ်။ နောက်ပိုင်းကျရင်တော့ အာရုံကြောနဲ့ ပတ်သက်တဲ့ ရောဂါတွေ၊ အာရုံကြော ထိခိုက်တာတွေ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် ထမင်းကို ပုံမှန်စားတာ၊ ဗီတာမင် ဘီ ၁ ပါဝင်မှုများတဲ့ အစာတွေ ဖြစ်တဲ့ အခွံမာသီးတွေ၊ ဖရုံစေ့လိုမျိုး အစေ့အဆန် စတာတွေကို စားပေးသင့်ပါတယ်။

ဗီတာမင်စီချို့တဲ့ခြင်း

ဗီတာမင်စီချို့တဲ့တဲ့အခါ အများအားဖြင့် လက် ဖဝါးကွဲတာ၊ အသားပပ်တာတွေ ဖြစ်ပါတယ်။ အခုဆိုရင် ဆောင်းတွင်းဝင်လာပြီဆိုတော့ အသားပပ်တာ တွေပိုပြီးဖြစ်လာပါပြီ။ တချို့ကလေးတွေမှာဆိုရင် ခြေဖနောင့် ကွဲတာတွေ့ရပါတယ်။ လူကြီးတွေမှာ လည်းအဖြစ်များပါတယ်။ ဒီလိုလက္ခဏာတွေ ပျောက်ချင်ရင်တော့ ဗီတာမင်စီဓာတ် များများစားပေးဖို့ လိုအပ်ပါတယ်။

ဗီတာမင်စီကြွယ်ဝတဲ့ အသီးတွေကတော့ အားလုံး သိကြတဲ့အတိုင်း အရည်ရွှမ်းတဲ့အသီးတွေဖြစ်ပါတယ်။ အရည်ရွှမ်းတဲ့အသီးတွေက ဆရာမတို့နိုင်ငံမှာ အများကြီးရှိပါတယ်။

ဆီးဖြူသီး တစ်လုံးမှာဆို ဗီတာမင် စီက ၁၀ဝ၀ ဂရမ်လောက်ပါပါတယ်။ ဆီးဖြူသီးတစ်လုံးလောက် စားတယ်ဆိုရုံပဲ အတော်လေး လုံလောက်နေပါပြီ။ လိမ္မော်သီး၊ ကျွဲကော်သီးအပြင် တခြားအရည်ရွှမ်းတဲ့ အသီးတွေ စားပေးဖို့ သင့်တော်ပါတယ်။ ဒါကြောင့် ဆရာမအမြဲပြောလေ့ရှိတာက အစာစားပြီးရင် သစ်သီး တစ်မျိုးမျိုး စားပေးဖို့ပါပဲ။ ဘာအသီးပဲ ဖြစ်ဖြစ်ပါ၊ အိမ်မှာရှိနေတဲ့ အသီးတွေကို စားပေးပါ။ လိမ္မော်သီးရှိရင် လိမ္မော်သီး၊ ပန်းသီးရှိရင် ပန်းသီးစားပေးနိုင်ပါတယ်။ မာလကာသီး၊ သစ်တော်သီးစတာတွေကို လည်း စားပေးနိုင်ပါတယ်။

ဗီတာမင်ဒီချို့တဲ့ခြင်း

ဗီတာမင်ဒီကို နေရောင်ခြည်က ရရှိနိုင်ပါတယ်။ ဆရာမတို့ နိုင်ငံက နေရောင်ခြည်ကို လုံလုံလောက် လောက်ရရှိနိုင်တဲ့အတွက် ကလေးတွေမှာ အရိုးပျော့တဲ့ ရောဂါဖြစ်တာနည်းပါတယ်။ ဆရာမတို့ နိုင်ငံမှာဆို မနက် ၆ နာရီခွဲကနေပြီး နေ့လယ် ၁၀ နာရီထိ၊ ညနေ ဆိုလည်း ၄ နာရီကနေ ၅ နာရီအထိ အဲဒီအချိန်တွေဟာ ဗီတာမင်ဒီအများဆုံးရရှိတဲ့ အချိန်တွေဖြစ်ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ မနက်ခင်းပိုင်း မှာ ကလေးနဲ့ တူတူလမ်းလျှောက်ထွက်တာ၊ ကလေးကိုခေါ်ပြီး ဈေးသွားတာတို့ ပြုလုပ်ပေးရုံနဲ့ ဗီတာမင် ဒီရရှိနိုင်ပါတယ်။

ငါးသေးသေးလေးတွေ စားပေးတာကလည်း ဗီတာမင်ဒီကို ရရှိစေပါတယ်။ ငါးသေးသေးလေး တွေကို ကြွပ်ကြွပ်ကြော်ပြီး ကလေးတွေကို ကျွေးမယ်ဆိုရင် ကလေးတွေလည်း နှစ်သက်မှာ ဖြစ်သလို ဗီတာမင်ဒီ ပြည့်ဝစွာရရှိမှာ ဖြစ်ပါတယ်။

ဗီတာမင်အီးချို့တဲ့ခြင်း

နောက်ထပ်ချို့တဲ့နိုင်တာကတော့ ဗီတာမင် အီး ဖြစ်ပါတယ်။ ဗီတာမင်အီးကို အများအားဖြင့် ထောပတ်သီး၊ အခွံမာသီးနဲ့ အစေ့အဆန်တွေကနေ ရရှိနိုင် ပါတယ်။ သစ်ကြားသီး၊ အယ်လ်မွန်သစ်စေ့တွေက နေလည်း ရရှိနိုင်ပါ တယ်။ ကလေးတွေကို ဗာဒံစေ့၊ ဖရုံစေ့၊ ကွာစေ့၊ နေကြာစေ့ စတဲ့ အစေ့အဆန်တွေ နည်းနည်းစီ ကျွေးမယ်ဆိုရင် ဗီတာမင် အီး ရရှိမှာ ဖြစ်ပါတယ်။

_ _ _
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top