Healthy Life Ad
Health Tips

အစာကြေစေမည့် အိမ်သုံးနည်းများ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

အစာမကြေတဲ့ဝေဒနာနဲ့ ရင်ပြည့် ရင်ကယ် ဖြစ်တဲ့ ပြဿနာတွေက ကျန်းမာနေတဲ့လူတွေမှာ တောင် ရုတ်တရက်ဖြစ်ပေါ်တတ်ပါတယ်။ လေထတာ၊ လေပွတာ၊ ဝမ်းချုပ်တာ၊ ဝမ်းလျှောတာ၊ လေချဉ်တက်တာ၊ အစာမကြေတာ၊ အစာစုပ်ယူမှုအားနည်းတာစတဲ့ အစာအိမ်ဝေဒနာတွေ ဖြစ်ပေါ်လာရင် ဝေဒနာသက်သာစေဖို့ လုပ်သင့်တဲ့ အိမ်သုံးနည်းတွေရှိပါတယ်။

(၁) သံပုရာသီး၊ ရှောက်သီး

နံနက်စာစားခါနီးမှာ လတ်လတ်ဆတ်ဆတ် ညှစ်ထားတဲ့ သံပုရာရည်၊ ရှောက်ရည်တစ်ခွက် လောက်သောက်ပေးပါ။ နေ့စဉ် ဒီလို သောက်ပေးတာက အစာအိမ်ထဲက အကြွင်းအကျန်တွေကို သန့်စင်ပေးနိုင်ပြီး အက်ဆစ်အပိုတွေကို ဖယ်ရှား ပေးနိုင်ပါတယ်။

(၂) ခါးသက်သော ဆေးဖက်ဝင်အပင်များ

ခါးသက်တဲ့ဆေးဖက်ဝင်အပင်တွေကို အစာ မစားခင် ၂၀-၃၀မိနစ်အလိုမှာ စားပေးရင် အစာခြေအင်ဇိုင်း၊ အက်စစ်တွေရဲ့ ထွက်ရှိနှုန်း အားကောင်းစေကာ အစာချေစနစ်ရဲ့ လုပ်ငန်းဆောင် တာတွေကို ကောင်းမွန်စေပါတယ်။

(၃) ရှလကာရည်နှင့် ပန်းသီးဖျော်ရည်

နံနက်စာစားပြီးချိန်နဲ့ နေ့လယ်စာ မစားခင် အချိန်တွေမှာ ရှလကာရည်နဲ့ ပန်းသီးဖျော်ရည်တွေ ကိုသောက်တာက အစာကြေစေပါတယ်။ ရှာလကာရည် ထမင်းစားဇွန်းတစ်ဇွန်းနဲ့ ပန်းသီးဖျော်ရည် တစ်ဖန်ခွက်တို့ကိုရောမွှေပြီး သောက်ပေးရမှာဖြစ်ပါ တယ်။ ဒီအရည်က အစာကြေစေပြီး ဟိုက်ဒရိုကလိုရစ် အက်စစ်ပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။

(၄) အစာစားစဉ် အအေးမသောက်ခြင်း

အေးတဲ့အရည်တွေက အစာခြေဖျက်တဲ့ ဖြစ်စဉ်ကို နှေးစေတာကြောင့် အစာစားရင်း အအေးမ သောက်သင့်ပါဘူး။ အစာစားချိန်မှာ ရေနွေး ဒါမှမဟုတ် ဆေးဖက်ဝင် လက်ဖက်ရည်ကိုသာ သောက် သင့်ပါတယ်။ ကဖင်းနဲ့ အရက်ကလည်း ဟိုက်ဒရို ကလိုရစ်အက်စစ် အထွက်တိုးစေတာကြောင့် မသောက် သင့်ပါ။

(၅) ပေါင်းစပ်အစာများ ရှောင်ခြင်း

ပေါင်းစပ်အစာတွေကို တစ်ပြိုင်တည်း မစားတာက လူအများစုအတွက် အဆင်ပြေပါတယ်။ ပေါင်းစပ်အစာမှာ ကာဗိုဟိုက်ဒရိတ်(ပေါင်မုန့်၊ အာလူး၊ ထမင်း)၊ ပရိုတင်း (အသား၊ နို့နဲ့နို့ထွက်ပစ္စည်း၊ အခွံမာသီး၊ ပဲပိစပ်)နဲ့ အဆီ(ထောပတ်သီး၊ ဟင်း ချက်ဆီ)တို့ ပါဝင်ပါတယ်။ ကျွမ်းကျင်သူတွေက တစ်ချိန်တည်းမှာ အစာအမျိုးအစားသုံးမျိုးကို ရောမစားသင့်ဘူးလို့ ဆိုပါတယ်။ တစ်ချိန်မှာ နှစ်မျိုးကိုပဲ ဟင်းသီးဟင်းရွက်နဲ့ ရောစားပေးရင် အစာကြေညက်စေပါတယ်။

(၆) ကြေညက်စေရန် ဝါးစားခြင်း

အစာကြေညက်စေမယ် ့နည်းလမ်းတစ်ခုက အစာကို ဖြည်းဖြည်းချင်း ကြေညက်တဲ့အထိ ဝါးစားဖို့ပဲ ဖြစ်ပါတယ်။ အစာကို ကြေညက်အောင် ဝါးစားတာက အစာတွေကို ချေဖျက်ပေးနိုင်တဲ့ အပြင် အစာခြေအရည်တွေရဲ့ အထွက်နှုန်းကို တိုးစေပါတယ်။

(၇) ဟင်းခတ်အမွှေးအကြိုင်များ

အစာချေဖျက်တဲ့ဖြစ်စဉ်ကို အကူအညီပေး တဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ ရှိနေပါတယ်။ သစ်ကြံပိုးခေါက်၊ လေးညှင်း၊ ချင်း(ဂျင်း)စတာ တွေပဲဖြစ်ကြပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top