Healthy Life Ad
Life Style

ကော်လာဂျင်အထွက်တိုးစေမည့် အစားအစာများ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှု ဝေဒနာတွေမဖြစ်စေဖို့ အောက်ပါအစားအသောက်တွေကို စားသောက်သင့်ပါတယ်။

(၁) အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ

အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေက ကော်လာဂျင်အထွက်တိုးစေပါတယ်။ ဂေါ်ဖီထုပ်၊ ဟင်းနုနယ်ရွက်နဲ့ ကိုက်လန်တွေက အသားအရေကို ရေဓာတ်ပြည့်ဝစေပြီး အရေပြားတင်းအားကောင်းမွန်စေပါတယ်။

(၂) လက်ဖက်စိမ်းလက်ဖက်ရည်

လက်ဖက်စိမ်းလက်ဖက်ရည်မှာ အင်တီအောက်ဆီးဒင့်ပါတာကြောင့် ဖရီးရယ်ဒီကယ်ကို တွန်းလှန်နိုင်ပါတယ်။ ဒါကြောင့် အရေပြားဆဲလ်တွေကို ထိခိုက်မှုလျော့ပါးပြီး ကော်လာဂျင်အထွက်တိုးစေတာပါ။ တစ်နေ့မှာ လက်ဖက်စိမ်းလက်ဖက်ရည် သုံးခွက် -ငါးခွက်သောက်ပေးပါ။

(၃) အနီရောင်သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်

အနီရောင်သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေက အရေပြားတွဲကျတာမဖြစ်အောင် တွန်းလှန်ပေးပါတယ်။ အနီရောင်အစာတွေမှာ လိုင်ကိုပင်းဆိုတဲ့ အင်တီအောက်ဆီးဒင့်တစ်မျိုးပါတဲ့အတွက် ကော်လာဂျင်အထွက် တိုးစေတာပါ။ အနီရောင်ဖြစ်တဲ့ ဥနီ၊ ငရုတ်ပွသီးအမှည့်နဲ့ ခရမ်းချဉ်သီးတွေကိုစားပေးရင် အသားအရေကို ကြည့်ကောင်းစေပါတယ်။ ကန်စွန်းဥ၊ ရွှေဖရုံသီးနဲ့ ဥနီတွေမှာလည်း အင်တီအောက်ဆီးဒင့်ပါတဲ့အတွက် ကော်လာဂျင် အထွက်တိုးစေပါတယ်။

(၄) သစ်ကြားသီး

အသက်ကြီးလာတဲ့အခါ ဟော်မုန်းထုတ်လုပ်မှု လျော့ကျသွားတဲ့အတွက် အရေပြားတင်းအား၊ ကော်လာဂျင်ထုတ်လုပ်မှု အားနည်းသွားပါတယ်။ သတင်းကောင်းကတော့ ဖိုင်တိုအီစထရိုဂျင်တွေက အီစထရိုဂျင်ဆုံးရှုံးမှုကို ပြန်လည်အစားထိုးနိုင်ပြီး ခန္ဓာကိုယ်ကနေ ကော်လာဂျင်ထုတ်နိုင်စွမ်း ကောင်းစေပါတယ်။ ဖိုင်တိုအီစထရိုဂျင် ပါဝင်မှုများတဲ့ အစာတစ်ခုက သစ်ကြားသီးပါ။

(၅) ဆီးသီး (ဇီးသီး)

ဖရီးရယ်ဒီကယ်တွေက အရေပြားဆဲလ်တွေကို တိုက်ခိုက်ပေးပြီး တစ်သျှူးတွေ ယိုယွင်းပျက်စီးသွားတာကြောင့် အရေပြားမှာ အရေးကြောင်းထင်တာနဲ့ အရေတွန့်တာတို့ ဖြစ်တတ်ပါတယ်။ အင်တီအောက်ဆီးဒင့်ပါတဲ့ အစားအသောက်တွေကို စားပေးရင် ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်နိုင်ပါတယ်။ ဆီးသီးမှာ အင်တီအောက်ဆီးဒင့် ပါဝင်မှုအများဆုံးဖြစ်ပြီး ဘလူးဘယ်ရီသီးက ဒုတိယလိုက်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top