Healthy Life Ad
Life Style

အရက်ကြောင့်ဖြစ်ပွားတဲ့ စိတ်ဝေဒနာ(၁) အရက်စွဲတယ်ဆိုတာ . . .

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

စိတ်ကျန်းမာရေးဆေးပညာဌာနမှာ တွဲဖက်ထားတဲ့ ဆေးကျောင်းတစ်စုနဲ့ အမေးအဖြေ ဆွေးနွေးနေတာ ဖြစ်ပါတယ်။

“ဒီနေ့ ဆရာသင်ကြားမယ့် သင်ခန်းစာကတော့ အရက်ကြောင့်ဖြစ်ပွားတဲ့ စိတ်ဝေဒနာတွေအကြောင်းပဲ။ ပထမဆုံး ခင်ဗျားတို့ သိသင့်တာက အရက်သောက်တတ်သူနဲ့ အရက်စွဲရောဂါရှိသူဘယ်လို ခွဲခြားနားလည်နိုင်သလဲဆိုတဲ့ အချက်ဖြစ်တယ်”

ဆေးကျောင်းသားတစ်ယောက်က အလွယ်တကူ ဖြေဆိုပါတယ်။ “အရက်သောက်တတ်သူတိုင်းကို အရက်စွဲရောဂါရှိတယ်လို့ ပြောချင်ပါတယ်”

တခြားကျောင်းသားတစ်ဦးက သဘောမတူပါဘူး။

“အရက်သောက်တတ်သူတိုင်းကို အရက်စွဲရောဂါရှိတယ်လို့ မပြောနိုင်ပါဘူး။ အရက်လုံးဝမသောက်သူ၊ တစ်ခါတစ်ရံ အရက်သောက်ဖြစ်သူ၊ အရက် အချိန်အတွယ် အနည်းငယ်ကို နေ့စဉ်မှန်မှန် ဒါမှမဟုတ် နေ့တိုင်းလိုလို သောက်တတ်သူ၊ အရက်ကို အလွန်အကျွံ စွဲစွဲမြဲမြဲ သောက်တတ်သူလို့ အမျိုးအစား ခွဲခြားသင့်ပါတယ်” စာရေးသူက နှစ်ခြိုက်သဘောတူတဲ့ အမူအရာနဲ့ ဆက်လက်ရှင်းပြပါတယ်။

“မှန်ပါတယ်။ အရက်သောက်သူတိုင်း အရက်စွဲရောဂါရှိတာ မဟုတ်ဘူး။ အမေရိကန်နိုင်ငံမှာ လေ့လာထားတဲ့တွေ့ရှိချက်ကို ပြောပြမယ်။ လူထုထဲမှာ အရက်သောက်ဖူးသူက ၉၀ ရာခိုင်နှုန်းရှိတယ်။ တစ်ခါတရံ အရက်သောက်လေ့ရှိသူက ၆၀ မှ ၇၀ ရာခိုင်နှုန်း၊ အရက်သောက်မှုကြောင့် တစ်ခါတစ်ရံ အခက်အခဲ ပြဿနာနဲ့ ကြုံတွေ့ရသူက ၄၀ ရာခိုင်နှုန်း ရှိပါတယ်။ ဒါပေမဲ့ အရက်အလွဲသုံးစွဲဝေဒနာ (Alcohol Abuse) ဖြစ်ပွားနှုန်းကတော့ ယောကျာ်းတွေထဲမှာ ၁၀ရာခိုင်နှုန်းနဲ့ မိန်းမတွေထဲမှာ ၅ရာခိုင်နှုန်းရှိတယ်။ အရက်စွဲရောဂါ (Alcohol Dependence) ခံစားရတာကတော့ ယောကျာ်းတွေထဲမှာ ၁၀ ရာခိုင်နှုန်းနဲ့ မိန်းမတွေထဲမှာ ၅ ရာခိုင်နှုန်းရှိပါတယ်။ ဗုဒ္ဓဘာသာ ထွန်းကားတဲ့ မြန်မာနိုင်ငံမှာတောင် လူထုအတွင်းမှာ အရက်အလွန်အကျွံသောက်သူ (အရက်စွဲရောဂါရှိ သူ) ၁၀ ဒသမ ၃ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။

ဆေးကျောင်းသူတစ်ဦးက လက်ထောင်ပြပြီး မေးမြန်းတယ်။ “အရက်အချိန်အတွယ် ဘယ်လောက်သောက်ရင် အန္တရာယ်ရှိသလဲ ဆရာ”

“အရက် (Ethanol)က ခန္ဓာကိုယ်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းအားလုံးထဲကို ဝင်ရောက်သွားနိုင်ပါတယ်။ ဦးနှောက်ထဲမှာ ဦးနှောက်ကလာပ်စည်းနံရံကို ထိခိုက်ပါတယ်။ ဒါကြောင့် ဦးနှောက်လုပ်ငန်းကို ပျက်ပြားစေတယ်။ ရေရှည်မှာ ဦးနှောက်ဒဏ်ရာရမယ်။ ဒီတော့ အရက်မသောက်ရင် အန္တရာယ်အကင်းဆုံးပါပဲ။ ဒါပေမဲ့ အကြောင်းတစ်ခုခုကြောင့် အရက်သောက်မှဖြစ်မယ်ဆိုရင်တော့ အန္တရာယ်နည်းပါးအောင် သောက်သုံးသင့်တယ်။ ယောကျာ်းဆိုရင် တစ်နေ့ Ethanol ၂၀ ဂရမ်၊ မိန်းမဆိုရင် တစ်နေ့ Ethanol ၁၀ ဂရမ်သာ သောက်သင့်ပါတယ်။ Ethanol ၁၀ ဂရမ်ကို အရက်စံချိန်” (Standard Drink) တစ်ယူနစ်လို့ သတ်မှတ်ထားပါတယ်”

ဆေးကျောင်းသူတစ်ယောက်က နောက်ပြောင်သလိုလိုနဲ့ မေးခွန်းထုတ်တယ်။ “အဲဒီလိုဆိုရင် ဘယ်အရက်အမျိုးအစားက Ethanol အချိန်အတွယ် ဘယ်လောက်ပါတယ်ဆိုတာကို ဘယ်လိုတွက်ချက်ကြည့်ရမလဲ၊ ကျွန်မက အရက်မသောက်တတ်သူဖြစ်လို့ မေးတာပါ”

ကျောင်းသားတွေရဲ့ ရယ်မောသံရပ်သွားတော့ စာရေးသူက ရှင်းပြပါတယ်။

“အကြမ်းအားဖြင့် တွက်ကြည့်လို့ရပါတယ်။ အလယ်အလတ်အပြင်းစား ဘီယာတစ်ဗူးက အရက်စံချိန် တစ်ယူနစ်နဲ့ ညီမျှတယ်။ ဝိုင်အရက်ဆိုရင် လက်ဖက်ရည်ဇွန်း ၂၀ ဇွန်းစာက အရက်စံချိန်တစ် ယူနစ်လောက်ရှိမယ်။ အရက်ပြင်း (Spirit) လက်ဖက်ရည်ဇွန်း ၆ ဇွန်းစာက အရက်စံချိန်တစ်ယူနစ်နဲ့ ညီမျှပါတယ်။ တစ်နေ့ထဲမှာ အရက်စံချိန် ၄ ယူနစ်ထက်ပိုပြီး သောက်ရင် အန္တရာယ်ရှိပါတယ်။ ဘီယာ ၄ ဘူး၊ ဝိုင်အရက် ပုလင်းဝက်လောက်ပေါ့။ တစ်နေ့ထဲမှာ အရက်စံချိန် ၅ ယူနစ်ထက်ပိုပြီး နေ့စဉ်သောက်သုံးနေရင်တော့ အရက်အလွန်အကျွံသောက်ခြင်းလို့ ပြောနိုင်ပါတယ်။ အဲဒါအပြင် “အရက်အလွဲသုံးစွဲဝေဒနာ” နဲ့ “အရက်စွဲရောဂါ” ရှိ၊ မရှိ ချင့်ချိန်ဖို့ ကြည့်ရှုစစ်ဆေးရမယ့် တခြားအချက်အလက်တွေလည်း ရှိသေးတယ်”

“ရှင်းပြပါ ဆရာ”

“အရက်အလွဲသုံးစွဲဝေဒနာ (Alcohol Abuse) ရဲ့ လက္ခဏာတွေကိုပြောပြမယ်”

“တစ်နေ့တာ သောက်သင့်တဲ့ အရက်စံချိန်ထက်ပိုပြီး နေ့တိုင်းလိုလို အရက်သောက်တာ၊ အရက်သောက်တာကြောင့် မကြာခဏ အလုပ်ပျက်တာ၊ လုပ်ငန်းခွင်မှာ လုပ်ကိုင်နိုင်စွမ်းရည် ကျဆင်းတာ၊ အလုပ်ထုတ်ခံရတာ၊ အိမ်ရှင်မက နေ့စဉ် အိမ်တွင်းမှု လုပ်ငန်းတွေမှာ ပျက်ကွက်တာ၊ သားသမီးတွေကို ကြည့်ရှုဂရုစိုက်နိုင်မှု ချို့ယွင်းလာတာ၊ အရက်ကြောင့် အိမ်ထောင်ရေး အဆင်မပြေဖြစ်တာ၊ အရက်မူးနေစဉ် ကားမောင်းတာ၊ အရက်မူးနေစဉ် လည်ပတ်နေတဲ့ စက်ကိရိယာတွေကို ကိုင်တွယ်မောင်းနှင်တာ၊ အရက်မူးနေစဉ် ဥပဒေချိုးဖောက်မှုဖြစ်ပွားတာ၊ အရက်ကြောင့် အဲဒီလို လူမှုရေး ပြဿနာတွေကို ကြုံတွေ့နေရပေမယ့် အရက်ကို ဆက်လက်သောက်သုံးနေတာ စတဲ့လက္ခဏာတွေပါပဲ”

ဆေးကျောင်းသားတစ်ယောက်က တိုးတိုးရေရွတ်လိုက်တယ်။ “အနီမျဉ်းကြောင်းပေါ့”

“မှန်ပါတယ်။ အရက်သောက်တတ်သူက အရက်သောက်တာကြောင့် ခုနက ဖော်ပြခဲ့တဲ့ လူမှုရေးပြဿနာတွေနဲ့ ရင်ဆိုင်လာရရင် အနီမျဉ်းကြောင်းကို ဖြတ်ကျော်လာပြီလို့ ဆိုရမယ်။ ပုံမှန် အရက်သောက်တတ်သူထက် ပိုလာပြီလို့ ပြောနိုင်ပါတယ်”

ဆေးကျောင်းသားတစ်ဦးက သူ့စိတ်ထဲမှာ မရှင်းမလင်းဖြစ်နေတဲ့ အချက်တစ်ခုကို ထုတ်ဖော်မေးမြန်းပါတယ်။

“ဆေးရုံလူနာမှတ်တမ်းတွေထဲမှာ လူနာတစ်ဦးတည်းမှာပဲ “အရက်အလွဲသုံးစွဲဝေဒနာ” ရှိတယ်။ “အရက်စွဲရောဂါ”ရှိတယ် စသဖြင့် ရေးမှတ်ထားတာ တွေ့ရပါတယ်။ အဓိပ္ပာယ်တူလို့ စကားလုံးဖလှယ်ပြီး ရေးတာလားဆရာ”

အရှိုက်ကိုလက်သီးနဲ့ ထိုးခံရသလို အချက်မိတဲ့ မေးခွန်းဖြစ်ပါတယ်။ စာရေးသူက ဝန်ခံစကားပြောပြီး ရှင်းပြပါတယ်။

“တချို့ဆရာဝန်နဲ့ သူနာပြုတွေက အရက်သောက်တတ်သူကို စစ်ဆေးပြီးရင် “အရက်အလွဲ သုံးစွဲဝေဒနာ”ရှိတယ်၊ ဒါမှမဟုတ် “အရက်စွဲရောဂါ” ရှိတယ်စသဖြင့် အလွယ်တကူရေးမှတ်တာ ရှိပါတယ်။ အဓိပ္ပာယ်တူညီသလို ဝေါဟာရချင်း ဖလှယ်သုံးစွဲတတ်ကြတယ်။ တကယ်တော့ အရက်စွဲရောဂါက ပိုမိုဆိုးရွားပါတယ်။ အရက်အလွဲသုံးစွဲဝေဒနာမှာ တွေ့ရှိရတဲ့ လက္ခဏာတွေအားလုံးကို အရက်စွဲရောဂါမှာ တွေ့ရှိရမယ်။ နောက်ပြီး သိသာထင်ရှားတဲ့ လက္ခဏာတွေလည်း ရှိပါတယ်”
“ပြောပြပါ ဆရာ”

“အရက်အချိန်အတွယ် ပိုမိုပြီး သောက်ဖို့လိုအပ်လာတယ်။ သောက်နေကျ အရက်အချိန်အတွယ်က အရင်ကလို အာနိသင်မရှိ ဖြစ်လာတယ်။ အရက်ဒဏ်ကို ခံနိုင်လာတာ (Tolerance)လို့ ခေါ်ပါတယ်။ အရက်မသောက်တဲ့နေ့မှာ အရက်ပြတ်လက္ခဏာ (Withdrawal Symptoms)တွေ ပေါ်ပေါက်လာပါတယ်။ ခြေလက်တုန်တုန်ယင်ယင်ဖြစ်တာ၊ ချွေးစေးပြန်တာ၊ စိုးရိမ်သောကများလာတာ၊ အိပ်မပျော်တာ၊ ပျို့အန်ချင်သလို ခံစားရတာ စတဲ့ လက္ခဏာတွေကို တွေ့ရမယ်။

အရက်စသောက်မိရင် မူလရည်ရွယ်ထားတာထက် ပိုမိုသောက်မိမယ်၊ အရက်ကို လျှော့သောက်ဖို့၊ အရက်ဖြတ်ဖို့ အကြိမ်ကြိမ် ကြိုးစားပေမယ့် အောင်မြင်မှုမရှိဘူး။ အရက်သောက်ဖို့ ကိစ္စအတွက် နေ့စဉ် အချိန်ကုန်နေတတ်တယ်။ (အရက်ဝယ်ဖို့ ငွေရှာတာ၊ အရက်ဝယ်ယူစုဆောင်းတာ၊ အရက်သောက်ချိန် ကြာရှည်တာ စတာတွေဖြစ်ပါတယ်။) အရက်ကြောင့် လူမှုရေးပြဿနာတွေနဲ့ မကြာခဏ ရင်ဆိုင်လာရတယ်။ အရက်ကြောင့် ခန္ဓာကိုယ်ကျန်းမာရေးနဲ့ စိတ်ကျန်းမာရေး ထိခိုက်လာပါတယ်။ အဲဒါ အရက်စွဲရောဂါမှာ တွေ့ရှိရတဲ့ လက္ခဏာတွေပဲ”

ဆေးကျောင်းသူတစ်ဦးက သူမရဲ့ အတွေ့အကြုံကို တင်ပြဆွေးနွေးပါတယ်။

“ဆေးကုသဆောင်မှာ ကျွန်မလေ့လာခဲ့တဲ့ လူနာတစ်ယောက်ရှိပါတယ်။ ဆေးမှတ်တမ်းထဲမှာ အရက်ကြောင့် အစာအိမ်အနာရောဂါရရှိတယ်လို့ ရေးထားပါတယ်။ လူနာကို ကျွန်မစစ်ဆေးကြည့်တော့ သူ့မှာ အရက်သောက်တာနဲ့ ပတ်သက်ပြီး ပြဿနာမရှိဘူးလို့ ငြင်းဆန်ပါတယ်”

အရက်စွဲရောဂါ ရှိ၊ မရှိ ခန့်မှန်းနိုင်ဖို့အသုံးပြုတဲ့ စစ်ဆေးလွှာရှိတယ်။ CAGE မေးခွန်းလွှာလို့ ခေါ်တယ်။ ‘C’က Cut သင်အရက်ဖြတ်သင့်ပြီလို့ စဉ်းစားမိဖူးလား။ ‘A’က Annoyed အရက်သောက်တာနဲ့ပတ်သက်ပြီး တခြားလူတွေကဝေဖန်ရင် ခင်ဗျားစိတ်ဆိုးသလား။ စိတ်ထဲမှာ ကသိကအောက်ဖြစ်သလား၊ ‘G’က Guilty အရက်သောက်တာနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိသလား . . .

စာရေးသူက ရှင်းပြပါတယ်။

“အရက်စွဲရောဂါရှိသူက မိမိရဲ့ပြဿနာကို ဝန်ခံဖို့ ဝန်လေးတတ်ကြတယ်။ အရက်စွဲရောဂါ ရှိ၊ မရှိ ခန့်မှန်းနိုင်ဖို့ အသုံးပြုတဲ့ စစ်ဆေးလွှာရှိတယ်။ CAGE မေးခွန်းလွှာလို့ခေါ်တယ်။ “C”က Cut သင်အရက်ဖြတ်သင့်ပြီလို့ စဉ်းစားမိဖူးလား။ “A”က Annoyed အရက်သောက်တာနဲ့ပတ်သက်ပြီး တခြားလူတွေက ဝေဖန်ရင် ခင်ဗျားစိတ်ဆိုးသလား။ စိတ်ထဲမှာ ကသိကအောက် ဖြစ်သလား၊ “G”က Guilty အရက်သောက်တာနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိသလား။ “E”က Eye-opener နံနက်အိပ်ရာထမှာ အရက်သောက်တဲ့အကျင့်ရှိလား။ အဲဒီမေးခွန်းလေးခုကို မေးကြည့်ပါ။ မေးခွန်းတစ်ခုထက်ပိုပြီး “ဟုတ်ပါတယ်”လို့ အဖြေပေးရင် အရက်စွဲရောဂါရှိတယ်လို့ ယူဆနိုင်ပါတယ်”

ဆေးကျောင်းသူက ဆင်ခြေတက်ပါတယ်။ “လူနာက “ဘူး”ခံနေရင် ဘယ်လိုလုပ်ရမလဲ ဆရာ”

“လူနာရဲ့ ခွင့်ပြုချက်ရယူပြီး ဇနီးသားသမီး ဒါမှမဟုတ် မိသားစုဝင်တစ်ဦးဦးကို မေးကြည့်ပေါ့။ “ဗူး”ပေါ်သလို ပေါ်လာလိမ့်မယ်။ ကဲ . . အရက်စွဲ ရောဂါရဲ့လက္ခဏာတွေကို ဆွေးနွေးပြီးပြီ။ အရက်ကြောင့်ဖြစ်ပွားတဲ့ စိတ်ဝေဒနာတွေအကြောင်းကို ဆက်ရအောင်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top