Healthy Life Ad
Life Style

၀မ်းချုပ်လွန်းလို့ဖြစ်ခဲ့တဲ့ အူမကြီးကင်ဆာအဆင့်(၂) ကုသအောင်မြင်ထားသူ ညောင်လေးပင်ဆရာတော် ဦးတိက္ခသာရ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့ရှိ ရှမ်းရွာတွင် ကျောင်းထိုင်ဆရာတော်ဖြစ်သူ အသက် ၂၉ နှစ်အရွယ် ညောင်လေးပင်ဆရာတော် ဦးတိက္ခသာရက အူမကြီးကင်ဆာခရီးလမ်း ဖြတ်သန်းခဲ့ပုံကို ယခုလို ပြန်လည် မိန့်ကြားခဲ့သည်။

“ဦးဇင်းက ဝမ်းချုပ်တယ်၊ ဝမ်းချုပ်တာကို သာမန်ဝမ်းချုပ်တယ်လို့ပဲ သဘောထားတယ်။ ဝမ်းသွားရင် သွေးတွေပါတယ်။ ဝေဒနာခံစားမှုက ဘာမှမရှိဘူး။ နာလည်းမနာဘူး၊ ဒါနဲ့ ပေါ့ပေါ့ဆဆပဲ နေလိုက်တယ်။ အဲဒါကိုလည်း အာရုံမရဘူး။ ကိုယ့်အလုပ်နဲ့ ကိုယ်အလုပ်ရှုပ်နေလိုက်တယ်။ အဲဒီလို ဝေဒနာတွေ စဖြစ်ခဲ့တာ ၁၉ နှစ်သားလောက်ကတည်းက စဖြစ်ခဲ့တာပဲ။ ဒါပေမဲ့ ၂၆ နှစ်ကျမှ ဆေးရုံကို စပြခဲ့တယ်။”

“၂၀၁၅ နှစ်သစ်မှာ ဆေးရုံတက်တယ်။ ၂၀၁၅ ဇန်နဝါရီ ၇ ရက်နေ့မှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ခွဲစိတ်တယ်။ စအိုကိုဝိုက်ပြီး လှီးထုတ်လိုက်ပြီး စအို အပေါက်ဝကို အသေပိတ်လိုက်တယ်။ ဝမ်းထွက်ပေါက်ကို ဗိုက်ကနေလွှဲလိုက်တယ်။ ဗိုက်ကနေ အပေါက်ဖောက်ပြီး ဝမ်းအိတ်နဲ့ နေရပါတယ်”ဟု ညောင်လေးပင်ဆရာတော်က မိန့်သည်။

ခွဲစိတ်ထားသော အစိတ်အပိုင်းကို အသားစယူ စစ်ဆေးမှုအရ အူမကြီးကင်ဆာအဆင့်(၂)ဟု သိခဲ့ရကြောင်းနှင့် ထိုအချိန်က”ငါ့ကျမှဖြစ်ရလေခြင်း” ဟု ဝမ်းနည်းပက်လက်ဖြစ်ခဲ့ရကြောင်း ဦးဇင်းက မိန့်သည်။

ကင်ဆာလို့ သိလိုက်ရတာနဲ့ “ငါ့ကျမှ ဒီရောဂါ ဘာကြောင့် ဖြစ်ရတာလဲ”ဆိုပြီး ယူကြုံးမရ ဖြစ်ခဲ့ရတယ်။ ငိုလည်း ငိုခဲ့ရတယ်။ အဲဒီလို ငိုခဲ့ရတာကို သေချာပြန်သုံးသပ်ကြည့်လိုက်တော့ နံပါတ်တစ် ကိုယ့်မှာ ကုသိုလ်မရှိတော့လို့ပဲ။ လူတစ်ယောက်က စားနပ်ရိက္ခာပြည့်စုံနေရင် တစ်နေ့တာကို ဖြတ်ကျော်ရဲတယ်။ အဲဒီလိုပဲ ကုသိုလ်ရှိရင် သံသရာကို ဖြတ်ကျော်ရဲတယ်၊ ကုသိုလ်မရှိတဲ့သူက သံသရာကို မဖြတ်ကျော်ရဲဘူး။ ရောဂါစသိလိုက်တော့ ဦးဇင်းအရမ်းကြောက်တာ၊ မသေရဲဘူး။ ဘာကြောင့်ကြောက်တာလဲဆိုတာ့ ဦးဇင်းမှာ ကုသိုလ်အလုံအလောက်မှ မရှိတာ။ သင်္ကန်းဝတ်တာနဲ့ကုသိုလ်အလုံအလောက် ရှိတာမဟုတ်ဘူး။ ရောဂါမဖြစ်ခင်က မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနေခဲ့မိတာကိုး။ ရောဂါဖြစ်ပြီးတော့မှ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆမနေမိတော့ဘူး။ အဲဒီအချိန်ကျမှ ကုသိုလ်ကို အာစိဏ္ဏကံ ဖြစ်အောင်လုပ်တယ်။ သီလကို လုံခြုံအောင် သေချာစောင့်ထိန်းတယ်။ ဒါနတွေ အမျိုးမျိုးပြုခဲ့တယ်။ တရားကို အကြိမ်ကြိမ်ထိုင်တယ်။ တဖြည်းဖြည်းနဲ့ ရဲရင့်လာပါတယ်။ အဲဒီအချိန်ကျမှ နေကောင်းစဉ်တုန်းက ဒီလို ကုသိုလ်တွေမလုပ်ခဲ့မိလေခြင်း၊ နေမကောင်းမှ ကုသိုလ်လုပ်မိခဲ့လေခြင်းလို့ မဖြစ်ဘဲ ကင်ဆာဖြစ်လို့ ကုသိုလ်တွေ အများကြီးလုပ်မိပါလားဆိုတဲ့ စိတ်ဖြစ်သွားတယ်။ရောဂါစဖြစ်ကတည်းက ပုတီးစိပ်တယ်၊ ဘုရားရှိခိုးတယ်၊ သံယောဇဉ်တွေအားလုံး ဖြတ်လိုက်ပြီး ဘုရားကိုပဲ တိုင်တည်တော့တယ်”ဟု ဆရာတော် ဦးတိက္ခသာရက မိန့်ကြားခဲ့သည်။

ခွဲစိတ်ပြီး တစ်လအကြာတွင် တပ်မတော်ဆေးရုံ၌ ကင်ဆာဆေးသွင်းကုထုံးကို ခြောက်ကြိမ်တိတိ ခံယူခဲ့ကြောင်း သိရသည်။
“ပထမတစ်ကြိမ် ကင်ဆာဆေးသွင်းတုန်းကတော့ အေးအေးဆေးဆေးပဲ၊ ဘာမှမဖြစ်ပါဘူး။ ကင်ဆာဆေးသွင်းချိန်မှာ ဦးဇင်းက ခန္ဓာကိုယ်ပင်ပန်းတာ၊ မပင်ပန်းတာကို တရားမှတ်ပါတယ်။ ပြောရရင် ကိုယ့်ဉာဏ်မှီသလောက်လေး မှတ်တာပါ။ ဦးဇင်းက ပဲခူးကနေ ဆေးလာသွင်းတယ်၊ ပြီးတာနဲ့ ချက်ချင်းပြန်တယ်။ အဲဒီတော့ ဆေးဒဏ်အပြင် ကားမူးတဲ့ဒဏ်ပါ ပေါင်းစပ်ပြီး ပိုပင်ပန်းတယ်။ အဲဒီလို ပိုပြီးပင်ပန်းတာက တဖြည်းဖြည်းနဲ့ တက်လာတယ်။ ပထမအကြိမ် ဆေးသွင်းတုန်းက သိပ်မခံစားရဘူး။ ဒုတိယအကြိမ် အော့အန်လာတယ်၊ တတိယ အကြိမ် အန်ပြီးမျော့လာတယ်၊ လေးကြိမ်-ငါးကြိမ် အထိ ပိုခံရတယ်။ ခြောက်ကြိမ်မြောက်ကျတော့ လူက တော်တော်လန်းသွားပြီ၊ ရောဂါလက္ခဏာလည်း သက်သာသွားတဲ့အပြင် ဆေးစစ်တော့ ကင်ဆာဆဲလ်က ပါးသွားတယ်။ နောက်ဆုံး ခြောက်ကြိမ်မြောက်ကျတော့ ကင်ဆာဆဲလ်က နည်းနည်းလေးပဲ ရှိတယ်။ အဲဒါနဲ့ ဓာတ်ရောင်ခြည်ကုထုံးကို ၂၈ ကြိမ် ခံယူရတယ်။ သွေးပြန်စစ်တော့ ဘာကင်ဆာဆဲလ်မှ မရှိတော့ဘူး ဆိုတာနဲ့ ဆေးကုသမှုက ပြီးဆုံးသွားတယ်”

ဆရာတော် ကင်ဆာဆေးသွင်းပြီး ပင်ပန်းနေချိန်တွင် ဆရာတော်၏ ရဟန်းဒါယိကာမက အထူး ပြုစုစောင့်ရှောက်မှု ပေးခဲ့ကြောင်း သိရသည်။
“ဦးဇင်းရဲ့ မွေးစားမိခင်လို့ ဆိုရမယ့် ရဟန်းဒါယိကာမက တော်တော်လေးကို စိတ်ရှည်သည်းခံစွာ စောင့်ရှောက်ပေးခဲ့တယ်။ ဦးဇင်းနဲ့ တည့်တဲ့အစားအသောက်တွေကိုပဲ ဆွမ်းကပ်ပေးခဲ့တယ်။ ကင်ဆာဆေးသွင်းချိန်မှာ မစားချင်မသောက်ချင်ဖြစ်ခဲ့ပါတယ်။ ဆေးလည်း တစ်နေ့ နှစ်ကြိမ် သောက်ရတော့ အဲဒီဆေးတွေသောက်ချိန်မှာ ဆေးကပြင်းပြီး မစားချင်၊ မသောက်ချင်နဲ့ ပင်ပန်းတယ်။ ဒါပေမဲ့ ဦးဇင်းက ဆွမ်းကပ်တဲ့ ထမင်းတစ်ပန်းကန်မောက်မောက်ထဲမှာ ငါး၊ အသီးအရွက်စတာတွေ ထည့်ပြီး” ဒါကို စားမှ အသက်ရှည်မယ်၊ မစားရင် အသက်မရှည်ဘူး”လို့ ကိုယ့်ဘာသာ အဓိဋ္ဌာန်ချပြီး မကုန်ကုန်အောင်စားပါတယ်။ ဦးဇင်းပင်ပန်းပြီး ဘယ်လိုမှ စားမဝင်ဘူးဆိုရင် ဦးဇင်းရဲ့မယ်တော်က ခွံ့ကျွေးပါတယ်။ ဦးဇင်းအတွေ့အကြုံအရ ကင်ဆာသမားတစ်ယောက်ကို ပြုစုသူက တကယ်အရေးကြီးတယ်ဆိုတာ သိလိုက်ရပါတယ်။ ဦးဇင်းက ဆေးတွေကလည်း တစ်နေ့လေးကြိမ်သောက်ရတော့ အစားအသောက်ကို ကျန်းမာရေးအတွက် မဖြစ်မနေစားရ မယ်ဆိုတဲ့ သဘောမျိုးနဲ့ပဲ ဘုဉ်းပေးဖြစ်ခဲ့ပါတယ်”

နောက်ပိုင်း တစ်လတစ်ကြိမ်ဆိုသလို တပ်မတော်ဆေးရုံသို့သွားပြခဲ့ရကြောင်း၊ ကင်ဆာကုပြီးချိန်တွင် ကုသိုလ်ရေးအလုပ်များကို အချိန်ပြည့် လုပ်ဆောင်ခြင်းဖြင့် ကျန်းမာအောင် နေထိုင်နေကြောင်း သိရသည်။

“ကင်ဆာဆိုတာ ဖြစ်ပြီး၊ ကုပြီးရင် လုံးလုံးကြီး ပျောက်သွားတဲ့အရာမဟုတ်ဘူးဆိုတာတော့ ဦးဇင်း ကြားဖူးပါတယ်။ တစ်နေ့နေ့၊ တစ်ချိန်ချိန်ကျရင် ပြန်ဖြစ်လာနိုင်တယ်ဆိုတဲ့ စိတ်ကိုနှလုံးသွင်းထားပြီး အဲဒီလို ပြန်ဖြစ်လာရင် လောကဓံကို ခံနိုင်ရည်ရှိအောင် ကြိုတင်ပြင်ဆင်ထားပါတယ်။ အခုအချိန်မှာကုသိုလ် အာစိဏ္ဏကံအဖြစ် ပြုကျင့်ထားတော့ နေလည်း နေရဲပြီ၊ သေလည်း သေရဲပါပြီ။ နောက်တစ်ကြိမ် ကင်ဆာဖြစ်မှာကိုလည်း စိုးရိမ်ကြောင့်ကြစိတ်မဖြစ်တော့ဘူး။ သေဖို့ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်ခဲ့သလို အခုလည်း ပြင်ဆင်နေပါပြီ။ အခုလက်ရှိ ဦးဇင်းသီတင်းသုံးနေတဲ့ ကျောင်းက ဦးဇင်းကိုယ်တိုင် ပုံဖော်ထားတဲ့ ကျောင်းဖြစ်တယ်၊ တနင်္ဂနွေနေ့တိုင်း ဓမ္မစကူးသင်တန်းဖွင့်ပေးတာ လေးနှစ်ရှိပါပြီ”ဟု ဆရာတော်က မိန့်သည်။

အူမကြီး ကင်ဆာဖြစ်ရခြင်းကို ကွမ်းအစားများ၍ ဝမ်းချုပ်ခြင်းကြောင့်ဟု ဆရာတော် ဦးတိက္ခသာရ က ထင်မြင်ထားသည်။

“အသက်၂၆ နှစ်အရွယ် ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာကြောင့် ကင်ဆာဖြစ်သလဲဆိုတော့ ဦးဇင်းက ၁၅ နှစ်သားကတည်းက ကွမ်းစားခဲ့တာ။ တစ်နေ့ကို လေး -ငါးထောင်ဖိုးလောက် စားခဲ့တော့ ဝမ်းတွေ ချုပ်တယ်၊ ဝမ်းချုပ်တာကိုလည်း အမှုမဲ့ အမှတ်မဲ့ပဲ ထားတယ်။ အဲဒီမှာ လိပ်ခေါင်းဖြစ်တယ်။ လိပ်ခေါင်းဖြစ်တာသိပေမယ့် သေချာဆေးမကုဘဲ

သားရေကွင်းနဲ့စည်းတယ်၊ လက်နဲ့ထိုးထည့်တယ်။ အဲဒီလို လုပ်ရာက ပိုးဝင်တယ်။ နောက်ပိုင်းမှာတော့ ကင်ဆာအဆင့်အထိ ဖြစ်သွားတော့တာပဲ”

အသက် ခုနစ်အရွယ်ကတည်းက သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ပြီး သက်တော် ၂၉ နှစ်၊ ဝါတော် ၉ ဝါ ရှိပြီဖြစ်ကာ ဓမ္မာစရိယတန်းတက်ရောက်နေသူ ညောင်လေးပင်ဆရာတော် ဦးတိက္ခသာရသည် ၂၀၁၈ ဇန်နဝါရီလဆန်းတွင် ကင်ဆာကုသအောင်မြင်သည်မှာ သုံးနှစ်တိတိပြည့်ပြီးဖြစ်ကာ ပရဟိတအလုပ်များ၊ သာသနာ့အဆောက်အဦးများ ဆောက်လုပ်ရင်း သာသနာပြုလျက်ရှိသည်။

“လူဆိုတာ ဘယ်သူမှ ဝေဒနာမဖြစ်ချင်ကြပါဘူး။ ဝေဒနာတစ်ခုရလာပြီဆိုရင် အတိတ်ဘဝက ဝဋ်ကြွေးတစ်ခုလို့ယူဆပြီး “ငါ့ကျမှ ကင်ဆာ ဖြစ်ရလေခြင်း”လို့မတွေးဘဲနဲ့ . .”အတိတ်က ဝဋ်ကြွေးတွေကြောင့် ဒီရောဂါ ဖြစ်ခဲ့တာပဲ။ ဒီဝဋ်ကြွေးတွေကို ဒီဘဝ၊ ဒီခန္ဓာနဲ့ ကျေအောင် ဆပ်မယ်၊ ကုသိုလ်တွေ ပြုမယ်၊ ရောဂါဖြစ်လို့ စိတ်ဓာတ်ကျနေမယ့်အစား ဆေးကုသမှုကို မြန်မြန်ဆန်ဆန်ခံယူမယ်၊ ဆေးကုသမှုခံယူနေစဉ်မှာလည်း ဒါန၊ သီလ၊ ဘာဝနာကုသိုလ်ကောင်းမှုတွေပြုကျင့်မယ်၊ ကုသပြီးချိန်မှာလည်း ဒါန၊ သီလ၊ ဘာဝနာကောင်းမှုတွေ ပြုကျင့်ပြီး ကိုယ့်အတွက်သာမက အများအကျိုးရှိမယ့် ကုသိုလ်မျိုးတွေ လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ နေကြပါ . . ဒါဆိုရင် ရောဂါ ဖြစ်ပါ့လားဆိုတဲ့ သောကထက် ရောဂါဖြစ်လို့ ဒီကုသိုလ်တွေ ပြုမိပါ့လားဆိုတဲ့ ပီတိက ဘာနဲ့မှမတူပါဘူး။ ဒါကြောင့် ရောဂါဖြစ်နေသူတွေ စိတ်ဓာတ်မကျပါနဲ့၊ ဒီရောဂါက ကြောက်စရာ မရှိပါဘူး။ ကြောက်တယ်ဆိုတာ ကိုယ့်မှာကုသိုလ် အလုံအလောက်မရှိသေးလို့ပါ။ ကုသိုလ်ကောင်းမှု ဖြည့်ရင်း ဆေးကုသမှုကို မှန်မှန်ကန်ကန် ခံယူလိုက်မယ်ဆိုရင် ဒီရောဂါက ပျောက်ပါတယ်လို့ ဦးဇင်းမိန့် ကြားချင်ပါတယ်”ဟု ညောင်လေးပင် ဆရာတော် ဦးတိက္ခသာရက အခြားကင်ဆာဝေဒနာရှင်များ၊ ကင်ဆာကုသနေသူများသို့ မိန့်ကြားလိုက်ပါသည်။

(မှတ်ချက်။ ။ ဓာတ်ပုံများကို ညောင်လေးပင် ဆရာတော် ဦးတိက္ခသာရ၏ ခွင့်ပြုချက်ဖြင့် ဖော်ပြခြင်း ဖြစ်ပါသည်။ အယ်ဒီတာ)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top