Healthy Life Ad
International

ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့၏ ပျက်ကွက်မှုကြောင့် ကျောင်းသူတစ်ဦး အာဟာရပြတ် သေဆုံးသွားသည်ကို ၅ နှစ်ခန့်ဖုံးကွယ်ခဲ့

၊ ကိုထက် ၊

အသက် ၁၉ နှစ်အရွယ် ကျောင်းသူလေး အေဗရယ်ဟာ ကျောင်းတစ်ခုမှာ သွားရောက် ပညာသင်နေပြီး လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်မှာ အာဟာရပြတ်လပ်တဲ့ ဝေဒနာနဲ့ သေဆုံးသွားခဲ့ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတွေ ကတော့ သူဟာ စောင့်ရှောက်မှုတွေခံယူရင်း သေဆုံးခဲ့ပြီး ဒီအတွက် စိတ်မကောင်းဖြစ်ကြောင်းသာ ထုတ်ပြန်ခဲ့ပါတယ်။

အေဗရယ်ရဲ့ဖခင်ဖြစ်သူ နစ်ခ်ဟာ စတာလင်ပေါင် ၂ သိန်းခန့်အကုန်အကျခံကာ သူရဲ့ သမီးသေ ဆုံးသွားရခြင်းကို စုံစမ်းခဲ့ပြီး လွန်ခဲ့တဲ့ နှစ်ရက်ခန့်ကမှ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တဲ့ အဖွဲ့အစည်းတွေရဲ့ အားနည်းချက်ကြောင့်ဖြစ်ကြောင်း အတိအကျပြောဆိုနိုင်ခဲ့တာဖြစ်ပါတယ်။

အေဗရယ်ဟာ ကျောင်းမှာ စာတော်ပြီး အဆင့်ကောင်းကောင်း အမြဲရတဲ့ကျောင်းသူတစ်ယောက် ဖြစ်ပါတယ်။ သူဟာ အလွန်အမင်းခံတွင်းပျက်တဲ့ ဝေဒနာကို ခံစားနေခဲ့ပြီး အစားအသောက်မှန်သမျှ ရှောင်နေခဲ့ပါတယ်။ ကျောင်းသားကျောင်းသူတွေကို ပုံမှန် ကျန်းမာရေးစစ်ဆေးမှုပေးနေတဲ့ အဖွဲ့ဟာ အေဗရယ်ရဲ့ ကျန်းမာရေးမှတ်တမ်းရှိ ကိုယ်အလေးချိန် များစွာလျော့ကျလာခြင်းကို လျစ်လျူရှုခဲ့ကြပါတယ်။ သူရဲ့ ဆရာဝန်ဟာ သူ့ခန္ဓာကိုယ် ကျန်းမာရေး၊ စိတ်ကျန်းမာရေးဆိုင်ရာတွေကို ကောင်းစွာစောင့်ကြည့် မှတ်တမ်းတင်ထားခြင်း မရှိကြောင်းကို တွေ့ရှိခဲ့တယ်လို့တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။

သူဟာ ၃ လအတွင်း ကိုယ်အလေးချိန် ၃ ပုံ တစ်ပုံကျဆင်းသွားပြီး စာသင်ခန်းထဲ နှစ်ရက်ခန့် မလာတဲ့အတွက် သွားရှာချိန်ကျမှ အခန်းထဲမှာ လဲကျနေတာကို တွေ့ရှိခဲ့ကြပါတယ်။ အေဗရယ်ကို ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ပေမယ့်လည်း ထိထိရောက်ရောက် စောင့်ရှောက်မှုမပေးခဲ့ကြဘူးလို့ ဖခင်ဖြစ်သူက ပြောခဲ့ပါတယ်။ ဆေးစစ်မှုမှတ်တမ်းတွေကို ပြန်လည်ရှာဖွေစုံစမ်းခဲ့ချိန်မှာ ဆေးရုံဟာ သူ့သမီးရဲ့ သွေးတွင်း သကြားပမာဏကိုတောင် ကောင်းကောင်းတိုင်းတာ စောင့်ကြည့်ထားတာမရှိကြောင်း ပြောကြားခဲ့ပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့အဖွဲ့တွေက သူတို့အမှားမဟုတ်ကြောင်း ကာကွယ်ပြောကြားခဲ့ပေမယ့် အေဗရယ်နဲ့ သက်ဆိုင်တဲ့ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုအချက်အလက်တွေ ပို့ထားတဲ့ အီးမေးတွေ ဖျောက်ဖျက်ထားခဲ့တာကိုလည်း တွေ့ရှိခဲ့ကြပါတယ်။

“တကယ်တော့ ဒီလိုဝေဒနာဟာ သေဆုံးသွားစရာအကြောင်းမရှိပါဘူး၊ အခုတော့ စာတော်ပြီး အရမ်းလှတဲ့ ကျွန်တော်သမီးလေးကို ဆုံးရှုံးလိုက်ရပြီ၊ မတော်တဆ အခုလိုဖြစ်သွားခဲ့ပြီးဆိုရင်လည်း အမှန်အတိုင်း သိချင်တာပေါ့” လို့ အေဗရယ်ဖခင် က ပြောကြားခဲ့ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတွေက ကျောင်းကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့တွေအပါအဝင် ကုသမှုပေါ့လျော့ခဲ့တဲ့ အဖွဲ့တွေကို ဆက်လက်စစ်ဆေးပြီး လိုအပ်သလို အရေးယူသွားမှာဖြစ်ကြောင်းနဲ့ အစားအသောက်နဲ့ အာဟာရပိုင်းဆိုင်ရာ ရောဂါတွေထဲမှာ ဒီလို ခံတွင်းပျက်တဲ့ဝေဒနာလေးကအစ သတိထားဖို့လိုအပ်ကြောင်း ပေါ့လျော့မှုမပြုသင့်တဲ့ နမူနာပဲဖြစ်တယ်ဆိုတာ သတိပေးပြောကြားခဲ့တယ်လို့ သိရပါတယ်။

(Ref;DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top