Healthy Life Ad
Child

မွေးကင်းစမှ ခြောက်လအထိ ကလေးငယ် အာဟာရပြည့်ဝစေရန်

ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

ကလေးတွေရဲ့ အာဟာရရရှိတဲ့ အကြောင်း ဆွေးနွေးမယ်ဆိုရင် အသက်တစ်နှစ်အရွယ်မှာ အာဟာရ ပြည့်ဝစွာရရှိဖို့က အရေးအကြီးဆုံးဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီအချိန်မှာ ကလေးတွေ ကိုယ်အလေးချိန်တက်ဖို့နဲ့ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးတာဟာ အမြန်ဆုံးနဲ့ အတိုးတက်ဆုံး အချိန်ဖြစ်လို့ပါ။

ကလေးတစ်နှစ်ပြည့်ချိန်ရှိသင့်သည့် ကိုယ်အလေးချိန်
တစ်နှစ်ပြည့်ရင် ကလေးတစ်ယောက်ရဲ့ ကိုယ်အလေးချိန်က အနည်းဆုံး သူမွေးတဲ့အလေးချိန်ရဲ့ သုံးဆ ဖြစ်နေရပါမယ်။ ဥပမာ ကလေးက မွေးတုန်းက ခြောက်ပေါင်ရှိတယ်ဆိုပါတော့၊ တစ်နှစ်ပြည့်တဲ့ အချိန်ကျရင် ၁၈ ပေါင်ဖြစ်နေရပါမယ်။ ခုနှစ်ပေါင် နဲ့ မွေးထားတယ်ဆိုရင် အသက် တစ်နှစ်အရွယ်မှာ၂၁ ပေါင် ဖြစ်ရမယ်ဆိုပြီး ကလေးတွေအတွက် စံနှုန်းသတ်မှတ်ထားပါတယ်။ ဒါကြောင့် ကလေးရဲ့ ကိုယ်အလေးချိန် သုံးဆတိုးဖို့အတွက် ပထမတစ်နှစ်က အရေးအကြီးဆုံး ဖြစ်ပါတယ်။

ကလေး ကြီးထွားဖွံ့ဖြိုးစေရန် အရေးပါသော မိခင်နို့
ကလေးတွေ ပုံမှန်ကြီးထွားဖွံ့ဖြိုးဖို့ မိခင်နို့ချိုကို စနစ်တကျ တိုက်ကျွေးဖို့ လိုပါတယ်။ မိခင်နို့ကိုတော့ ကလေးအသက် ခြောက်လအထိ ပုံမှန် ပြည့်ပြည့်ဝ၀ တိုက်ကျွေးရပါမယ်။ ကလေးမွေးပြီးပြီးချင်းမှာလည်း နို့ဦးရည်ကို အရင်ဆုံး မဖြစ်မနေ တိုက်ကျွေးရပါတယ်။

နို့ဦးရည် အကြောင်း

မိခင်ရဲ့ နို့ဦးရည်ကို မဖြစ်မနေ ဘာကြောင့် တိုက်ကျွေးခိုင်းလဲဆိုတော့ အမေနို့က တခြားဟာနဲ့ မတူပါဘူး။ နို့ဦးရည်ထဲမှာ အဓိက Antibodies(ပဋိပစ္စည်း)တွေပါပါတယ်။ အမေနို့ဦးရည် တိုက်ထားတဲ့အခါ ကလေးက အစားအသောက်နဲ့ ဓာတ်မတည့်တာ(ဥပမာ-မြေပဲ၊ ကြက်ဥ)မဖြစ်အောင် ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။ နောက်ပြီး ကိုယ်ခံစွမ်းအားလည်း ကောင်းသွားပါတယ်။

ဒါကြောင့် ကလေးကို ခြောက်လပြည့်တဲ့အထိ အမေနို့တစ်မျိုးတည်းကို မဖြစ်မနေ တိုက်ကျွေးခိုင်းတာဖြစ်ပါတယ်။

အကြောင်းကြောင်းကြောင့် မိခင်နို့မရလျှင်
တချို့ နို့ချိုမစို့ရတဲ့ကလေးတွေ (ဥပမာ- မိခင်က ကျန်းမာရေးမကောင်းတာ၊ မိခင်ဆုံးသွားတာ) ကြုံရတဲ့ ကလေးတွေကို နို့မှုန့်တိုက်ရပါတယ်။ နို့မှုန့် တိုက်တဲ့နေရာမှာ တွေ့ကရာ နို့မှုန့်ကိုတိုက်တာမျိုး မဟုတ်ဘဲ သံဓာတ်အားဖြည့်ထားတဲ့ နို့မှုန့်မျိုးပဲ တိုက်ကျွေးသင့်ပါတယ်။ ဒီလို နို့မှုန့်တွေဟာ သံဓာတ်ကို ပိုပြီး အားဖြည့်ပေးတဲ့အပြင် ကလေးတွေနဲ့ သင့်တော်တဲ့ဖော်မြူလာနဲ့ ထုတ်ထားတာဖြစ်လို့ အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။ သံဓာတ်က ကလေးကြီးထွားဖို့အတွက် အရမ်းအရေးကြီးတယ်။ သံဓာတ်မလုံလောက်တဲ့အခါ ကလေးတွေက အသက်ကြီးလာရင် သွေးအားနည်းတဲ့ရောဂါတွေကို ခံစားရနိုင်ပါတယ်။ ဒီလို သံဓာတ်တွေ လျော့နည်းတဲ့အတွက် ကလေးတွေရဲ့ သင်ယူနိုင်စွမ်းတွေကျဆင်းပြီး ဦးနှောက်ဉာဏ်ရည်လည်း ကောင်းကောင်းမဖွံ့ဖြိုးတော့ပါဘူး။ ဒါကြောင့် ဆရာမတို့အနေနဲ့ တစ်နှစ်အောက်ကလေးတွေကို နို့မှုန့်တိုက်မယ်ဆိုရင် သံဓာတ်အားဖြည့်ထားတဲ့ နို့မှုန့်တွေကို တိုက်ဖို့ပြောရတာဖြစ်ပါတယ်။

မိခင် နို့တိုက်ကျွေးသင့်သည့် ပမာဏနှင့် အကြိမ်အရေအတွက်
မိခင်နို့ကို ကလေးအသက်ခြောက်လအထိ တိုက်ခိုင်းပါတယ်။ ဒီခြောက်လအထိ ရေလည်းတိုက်စရာ မလိုပါဘူး။ ဖျော်ရည်နဲ့ တခြားအာဟာရတွေလည်း တိုက်စရာမလိုပါဘူး။ အမေနို့တစ်မျိုးတည်းနဲ့လုံလောက်ပါတယ်။ နို့တိုက်တဲ့အခါ နှစ်နာရီ နဲ့ သုံးနာရီခြားမှာ တစ်ခါတိုက်ရပါမယ်။ တစ်ခါတိုက်ရင် ၅-၆ အောင်စအထိ တိုက်ရပါမယ်။ မီလီလီတာနဲ့ပြောရင်တော့ ၁၅၀-၁၈၀မီလီလီတာအထိပါ။ နို့ဘူးတိုက်တဲ့သူတွေအနေနဲ့လည်း နို့ဘူးကို Microwave နဲ့ သန့်ရှင်းအောင် သေသေချာချာ လုပ်ထားပါမယ်။

ကလေး မွေးပြီးပြီးချင်း နို့တိုက်နိုင်တဲ့ ပမာဏကိုအတိအကျ ပြောရရင်-

မွေးကင်းစမှ သုံးလအရွယ်အထိ

တစ်နေ့ကို၂-၄နာရီခြား ၈-၁၂ ကြိမ်၊ ပမာဏ က ၁၈-၃၂ အောင်စ ဒါမှမဟုတ် ၅၄၀-၉၆၀ မီလီလီတာ တိုက်ကျွေးသင့်ပါတယ်။

လေးလအရွယ်မှ ခြောက်လအရွယ်အထိ

၃-၄ နာရီခြား(၆-၈ ကြိမ်) ပမာဏက ၂၄-၄၀ အောင်စ ဒါမှမဟုတ် ၈၄၀-၁၂၀ဝ မီလီလီတာ

ခုနစ်လအရွယ်မှ ကိုးလအရွယ်အထိ

၇-၈ နာရီခြား(၃-၅ ကြိမ်) ပမာဏက ၂၄-၃၆ အောင်စ ဒါမှမဟုတ် ၇၂၀-၁၀၈၀ မီလီလီတာ

ကလေး၁၀လမှ ၁၂လအရွယ်အထိ

ပမာဏ ၁၈-၃၀ အောင်စ ဒါမှမဟုတ် ၅၄၀-၉၀ဝ မီလီလီတာ တိုက်ကျွေးသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top