Healthy Life Ad
Life Style

HIV/AIDS အကြောင်းသိကောင်းစရာ

ဒေါက်တာကျော်စွာဦး (တာဝန်ခံဆရာဝန်၊ ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း)

နှစ်စဉ် ဒီဇင်ဘာလ ၁ ရက်နေ့ကို ကမ္ဘာ့ခုခံအား ကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ (World AIDS Day) အဖြစ် သတ်မှတ်ပြီး ကမ္ဘာတစ်ဝန်း HIV/AIDS နှင့် ပတ်သက်သော ဟောပြောပွဲများ၊ လူထုလမ်းလျှောက်ပွဲများ၊ ဆွေးနွေးပွဲများကို ကျင်းပလျက်ရှိရာ HIV/AIDS အကြောင်း ကျန်းမာရေး ဗဟုသုတ ပိုရှိစေရန် ဒေါက်တာကျော်စွာဦး၏ ပြောကြားချက်များကို မျှဝေလိုက်ရပါသည်။

မေး ။ HIV / AIDS ရဲ့ သတ်မှတ်ချက်တွေကို ပြောပြပေးပါ ဆရာ။
ဖြေ ။ HIV ဆိုတာ ဗိုင်းရပ်စ်ပိုးပါပဲ။ ပိုးကူးစက်ခံရတယ် ဆိုရင် HIV positive (HIV ပိုးကူးစက်ခံရသူ)လို့ ပြောပါတယ်။ AIDS ဆိုတာကတော့ HIV ပိုးဝင်ပြီး ကုသမှု မခံယူတဲ့သူတွေ ခုခံအားကျသွားတဲ့အခါ ရောဂါအစုအဝေး စုပေါင်းဖြစ်လာတာကို ခေါ်တာပါ။

မေး ။ HIV ပိုးဝင်ပြီး AIDS ရောဂါဖြစ်နေတဲ့အခါ ဘယ်လိုရောဂါလက္ခဏာတွေပြတတ်ပါသလဲ ဆရာ။
ဖြေ ။ HIV ပိုး ကူးစက်ခံရတဲ့အခါ တချို့မှာ လက္ခဏာ မပြပါဘူး။ တချို့ကျတော့ ပိုးဝင်ဝင်ပြီးချင်းဖျားတာ၊ နာတာ၊ ကိုယ်လက်မအီမသာဖြစ်တာလောက်ပဲ ပြတတ်ပါတယ်။ ပိုးဝင်ပြီး နှစ်ကာလကြာလာတယ်၊ စားသောက် နေထိုင်မှုပုံစံမဆင်ခြင်လို့ပဲဖြစ်ဖြစ် ကိုယ်ခံအားကျလာတယ် . . အဲဒီအခါမှာ AIDS ရောဂါလက္ခဏာတွေကို ခံစားရတတ်ပါတယ်။ ဖြစ်တတ်တဲ့ လက္ခဏာတွေကတော့ ရက်ရှည်ဖျားတာ၊ ကိုယ်အလေးချိန်ကျတာ၊ ဝမ်းပျက်ဝမ်းလျှောတာ၊ ပါးစပ်မှာ အနာပေါက်တာ စသဖြင့် ပြတတ်ပါတယ်။ ဒီလိုလက္ခဏာတွေ ပြတိုင်းလည်း HIV positivr ရယ်လို့လည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလိုလက္ခဏာ တွေခံစားရပြီဆိုရင်တော့ HIV positive များလား ဆိုပြီး သွေးစစ်ဆေးမှု ခံယူသင့်ပါတယ်။

မေး ။ မြန်မာနိုင်ငံရဲ့ လက်ရှိ HIV / AIDS ဖြစ်ပွားနှုန်းကိုလည်း ပြောပြပေးပါဦး ဆရာ။
ဖြေ ။ အခု ကိန်းဂဏန်းတွေ၊ စာရင်းဇယားတွေအရ မြန်မာနိုင်ငံမှာ HIV / AIDS ဝေဒနာ ခံစားနေရသူ နှစ်သိန်းသုံးသောင်းကနေ နှစ်သိန်းခြောက်သောင်းကြားရှိတယ်လို့ သိရပါတယ်။ အသစ်တွေ့ရှိနှုန်းကတော့ တစ်သောင်းတစ်ထောင်လောက်ရှိပြီးတော့ ART ဆေးကုသမှုခံယူနေသူဦးရေက တစ်သိန်းသုံးသောင်းဝန်းကျင်လောက် ရှိပါတယ်။ AIDS ရောဂါ နဲ့ သေဆုံးနှုန်းကတော့ ၇၈၀ဝ ဦးပဲရှိပါတယ်။ ဒီနှစ် ညွှန်းကိန်းတွေအရ အရင်နှစ်တွေနဲ့စာရင် HIV / AIDS အသစ်ဖြစ်ပွားနှုန်းကျလာသလို သေဆုံးမှုနှုန်းကလည်း ကျလာပါတယ်။ ART ကုထုံးရဲ့ လွှမ်းခြုံမှုကလည်း ၅၀ ရာခိုင်နှုန်းကျော်ရှိတယ် ဆိုတာကတော့ သတင်းကောင်းပါပဲ။

မေး ။ လူတစ်ယောက်က HIV ပိုးရှိနေပြီဆိုရင် AIDS အဆင့်ကိုရောက်ဖို့ ဘယ်လောက် ကြာမြင့်ပါသလဲ ဆရာ။
ဖြေ ။ ယေဘုယျအားဖြင့် HIV ကို စတင်ခံစားရပြီ၊ HIV ပိုးတွေ့ပြီဆိုတာနဲ့ ၁၀ နှစ်ဝန်းကျင်မှာ AIDS အဆင့်ကို ရောက်သွားတယ်ဆိုပြီး စစ်တမ်းတွေမှာ တွေ့ရတယ်။ ဒါပေမဲ့

HIV ပိုးရှိလို့ ဆေးကုသမှု ခံယူနေသူတွေမှာ AIDS အဆင့်ကို ရောက်နိုင်ခြေ နည်းသွားပါတယ်။ ဒါကြောင့် HIV ပိုးရှိတယ်လို့ သိလိုက်ရတဲ့ အချိန်ကတည်းက အရမ်းကြောက်နေဖို့ မလိုပါဘူး။ ART ဆိုတဲ့ ကုထုံးက တကယ်အစွမ်း ထက်ပါတယ်။ ဒီကုသမှုကိုသာ စနစ်တကျ ခံယူမယ်ဆိုရင် လူ့သက်တမ်းစေ့နေနိုင်တဲ့ အနေအထားရှိပါတယ်။

နာတာရှည်ဆီးချိုရောဂါ၊ သွေးတိုးရောဂါတို့ကို ကုသမှုခံယူသလိုမျိုး ဒါကလည်း နာတာရှည်ရောဂါတစ်မျိုးပါပဲ၊ ကုသမှု ခံယူဖို့သာ အရေးကြီးပါတယ်။

တချို့လူနာတွေက HIV ပိုးရှိတယ်ဆိုတာကို လက်မခံဘူး၊ အဲဒီလို လက်မခံတဲ့အခါ ကျန်းမာရေး ဝန်ထမ်းတွေက ကုသရ ခက်ပါတယ်။ လူနာက ကိုယ်တိုင် လက်ခံမှ ကုသလို့ရမှာလေ။ စနစ်တကျကုသမှု ခံယူမှ လူ့သက်တမ်းစေ့ နေနိုင်မှာ ဖြစ်ပါတယ်။

မေး ။ HIV / AIDS ရှိသူတွေက တခြားသူတွေကို မကူးစက်အောင် ဘယ်လိုနေထိုင်သင့်ပါသလဲဆရာ။
ဖြေ ။ ကိုယ့်မှာ HIV/AIDS ရှိနေပြီဆိုရင် ကိုယ့်အသုံးအဆောင်ပစ္စည်းတွေကို သီးသန့်ထားသင့်ပါတယ်။ ထမင်းစားတာ၊ ရေသောက်တာတွေက အတူတူစားသောက်လို့ရပါတယ်။ အထူးသဖြင့် ခန္ဓာကိုယ်က ထွက်မယ့် အရည်၊ သွေးစတာတွေကို တခြားသူတွေ မထိတွေ့မိအောင် ဆင်ခြင်သင့်ပါတယ်။ အိမ်ထောင်ရှိတယ်ဆိုရင် ကိုယ့်အိမ်ထောင်ဖက်ကို သေချာ ပွင့်ပွင့်လင်းလင်းဆွေးနွေးပြီး အနေအထိုင် ဆင်ခြင်ဖို့ လိုအပ်ပါတယ်။ အပျော်အဖော်တွေ လိုက်စားရင် ကွန်ဒုံးကို စနစ်တကျသုံးစွဲဖို့ အရေးကြီးပါတယ်။

မေး ။ HIV / AIDS ဝေဒနာရှင်တွေကို တွေ့ရင် ပြောပြပေးချင်တဲ့ စကားရှိရင် ပြောပေးပါဦး ဆရာ။
ဖြေ ။ ကမ္ဘာ့ခုခံအားကျဆင်းမှု တိုက်ဖျက်ရေးနေ့ဆောင်ပုဒ်အနေနဲ့ လူတိုင်းကျန်းမာရေးတန်းတူအခွင့်အရေး ရရှိရေးဆိုတဲ့အတိုင်း ဝေဒနာခံစားနေရတဲ့ ညီအစ်ကိုမောင်နှမတွေအားလုံး ကျန်းမာရေးစောင့်ရှောက်မှုကို တန်းတူ အခွင့်အရေး ရရှိဖို့ လိုပါတယ်။ ရခဲလှတဲ့ လူ့ဘဝမှာ ဘဝနေ့ရက်တွေကို စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ တန်ဖိုးရှိအောင် နေထိုင်သွားဖို့ အားပေးနှစ်သိမ့် တိုက်တွန်းလိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top