Healthy Life Ad
Local

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို မြန်မာတစ်နိုင်ငံလုံး အခမဲ့ ထိုးနှံပေးမည်

♦ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

၂၀၂၀ ပြည့်နှစ်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို မြန်မာတစ်နိုင်ငံလုံး အခမဲ့ထိုးနှံပေး သွားမည်ဖြစ်ကြောင်း ရွှေရောင်နှင်းဆီကင်ဆာ ဖောင်ဒေးရှင်း နာယက ပါမောက္ခဦးရဲမြက Healthy Life ဂျာနယ်သို့ ၄-၂-၂၀၁၉ ရက်နေ့တွင် ပြောကြားခဲ့သည်။

”ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အင်မတန်အားစိုက်ပြီး ငွေရေးကြေးရေး၊ ဝန်ထမ်း အင်အားတွေနဲ့ ကင်ဆာကာကွယ်ရေးတွေကို လုပ်ဆောင်နေပါတယ်။ ဥပမာတစ်ခုပြောရရင် နောက်နှစ် ၂၀၂၀ ကစပြီး သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို မြန်မာတစ်နိုင်ငံလုံးက အမျိုးသမီးလေးတွေ မှာ အခမဲ့ ထိုးနှံပေးတော့မှာ ဖြစ်ပါတယ်။ ဒါဆိုရင် နောက်မျိုးဆက်သစ်တွေမှာ သားအိမ်ခေါင်းကင်ဆာ ရောဂါဖြစ်နှုန်းလျော့ကျသွားမှာ ဖြစ်ပါတယ်”ဟု ပါမောက္ခဦးရဲမြက ပြောသည်။
မြန်မာနိုင်ငံတွင် မွေးကင်းစကလေးများကို အသည်းရောင်အသားဝါ ဘီပိုး ကာကွယ်ဆေးအား စီမံချက်ဖြင့် ထိုးနှံပေးခဲ့သဖြင့် နောက်ပိုင်းတွင် ဘီပိုးရှိသူဦးရေ သိသိသာသာ လျော့ကျသွားကြောင်း သိရသည်။

”ကင်ဆာမှာ ကာကွယ်လို့ရတာ ရှိတယ်၊ အ ကုန်လုံးကတော့ ကာကွယ်လို့မရသေးဘူး။ ၃၀-၄၀ ရာခိုင်နှုန်းလောက်ကိုပဲ ကာကွယ်လို့ရတယ်။ ကာကွယ်လို့ မရပေမယ့် ရောဂါကို စောစော ဖော်ထုတ် လို့ရတာရှိတယ်။ စောစောသိရင် ပျောက်နိုင်တယ်။ ဒါကိုလည်း ပြည်သူလူထုကို သိစေချင်ပါတယ်။

သားအိမ်ခေါင်းကင်ဆာက Human Papilloma Virus ဆိုတဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်တာပါ။ ဒီဗိုင်းရပ်စ်ပိုး မဝင်အောင် အမျိုးသမီးငယ်လေးတွေ အပျိုမဖြစ်ခင် မှာ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေး မှာ ဖြစ်ပါတယ်။ ဒါမှသာ နောက်ပိုင်း အိမ်ထောင်ကျ တဲ့အချိန်မှာ သားအိမ်ခေါင်းကင်ဆာ မဖြစ်တော့မှာပေါ့။ ဒါကလည်း အရမ်းအရေးကြီးတဲ့အတွက်ကြောင့် ပြည်ထောင်စုအစိုးရက အခမဲ့ စီမံချက်နဲ့ ဆောင်ရွက် ပေးမှာ ဖြစ်ပါတယ် ”

မြန်မာနိုင်ငံက အရှေ့တောင်အာရှနိုင်ငံများထဲ တွင် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှု တတိယအများဆုံးနိုင်ငံဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတွင် သားအိမ်ခေါင်းကင်ဆာရောဂါ ဖြစ်ပွားနှုန်း လျော့ကျ သွားစေရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က နိုင်ငံ ၆ နိုင်ငံရွေးချယ်ခဲ့ရာ မြန်မာနိုင်ငံသည် လည်း အပါအဝင်ဖြစ်၍ အသက် ၁၀နှစ်နှင့် ၁၄ နှစ် ကြား မိန်းကလေးများကို သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top