Healthy Life Ad
Health Tips

သွားပေါ်၌ အဖြူစက်လေးများထင်ခြင်း

၊ မီမိုးမေ ၊ (ဆေးဝါးတက္ကသိုလ်)

သွားလေးတွေဖြူနေရင် နုပျိုကြည့်ကောင်းပြီး ဆွဲဆောင်မှုရှိစေတာ အမှန်ပါ။ ဒါပေမဲ့ သွားမျက်နှာပြင်ပေါ်မှာ အဖြူစက်လေးတွေကွက်ပြီး ထင်နေတာက သွားကြွေလွှာအားနည်းတဲ့ လက္ခဏာတစ်ရပ် ဖြစ်ပါတယ်။ သွားပေါ်မှာ အဖြူစက်လေးတွေထင်တဲ့အခါ သက်သာစေမယ့် သဘာဝနည်းတွေကို အကြံပြုလိုက်ပါတယ်။

သဘာဝကုထုံး (၁) ကယ်လ်ဆီယမ်ပါဝင်မှုများသော အစားအသောက်စားခြင်း

ကယ်လ်ဆီယမ်ပါဝင်မှုများတဲ့ အစားအသောက်တွေဖြစ်တဲ့ နွားနို့၊ နို့ထွက်ပစ္စည်းနဲ့ အရိုးပါစားနိုင်တဲ့ ငါးကလေးတွေ စားသောက်ပေးတာက သွားပေါ်မှာ အဖြူစင်းတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

သဘာဝကုထုံး (၂) အက်စစ်နှင့် သကြားများလွန်းသော အစားအသောက်များရှောင်ကြဉ်ခြင်း

နေ့စဉ်စားသောက်တဲ့ အစားအသောက်မှာ ကယ်လ်ဆီယမ်ပါတဲ့ အစာတွေကိုထည့်စားပြီး အက်စစ်နဲ့သကြား လွန်ကဲတဲ့ အစာတွေကို ရှောင်သင့်ပါတယ်။ သကြားများတဲ့အစာတွေက သွားချေးဖတ်ဖြစ်အောင် အားပေးတဲ့အတွက် သွားကြွေလွှာကို အားနည်းစေပါတယ်။

သဘာဝကုထုံး (၃) ဆော်ဒါမှုန့်နှင့် သွားတိုက်ခြင်း

ဆော်ဒါမှုန့်နဲ့ သွားတိုက်တာက သွားမျက်နှာပြင်ရှိ အစွန်းအထင်းတွေကို ကင်းစင်စေတဲ့ နည်းလမ်းကောင်းဖြစ်ပါတယ်။ ဆော်ဒါမှုန့်က သွားချေးဖတ်တွေကို ထိထိရောက်ရောက် ဖယ်ရှားနိုင်ရုံသာမက ခံတွင်းထဲက အက်စစ်ဓာတ်ကို လျော့ကျစေတာကြောင့် သွားကြွေလွှာတွေ အားမနည်းအောင် ကာကွယ်ပေးပါတယ်။

သဘာဝကုထုံး (၄) နူးညံ့သော သွားတိုက်တံဖြင့်တိုက်ခြင်း

သွားတွေကို အကြမ်းပတမ်း မတိုက်ဖို့အရေးကြီးပါတယ်။ သွားတိုက်တံသုံးတဲ့အခါ နူးညံ့တဲ့အမွှေးအမျှင်တွေပါတဲ့ သွားတိုက်တံနဲ့ တိုက်ပေးမှသာ သွားတွေထိခိုက်မှုကင်းပြီး အဖြူစက်တွေ မဖြစ်စေမှာပါ။

သဘာဝကုထုံး (၅) သွားဖြူစေသော အရာများရှောင်ခြင်း

ဈေးကွက်ထဲက သွားဖြူစေတဲ့ ပစ္စည်းတွေကို ရှောင်သင့်ပါတယ်။ သွားဖြူစေတဲ့အရာတွေသုံးရင် သွားကြွေလွှာကို အားနည်းစေရုံသာမက သွားပေါ်က အစွန်းအထင်းတွေကို ပိုဆိုးစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top