Healthy Life Ad
Life Style

အူပိတ်ခြင်း (Intestinal Obstruction)

ပါမောက္ခဦးအေးမွန် (ခွဲစိတ်ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. ဘာကြောင့် အူပိတ်ရောဂါ ဖြစ်ရတာပါလဲ ဆရာ။

ဖြေ. အူပိတ်ရောဂါဖြစ်ရတဲ့ အကြောင်းရင်းမှာ အပိုင်းသုံးပိုင်းရှိပါတယ်။ အူရဲ့အတွင်းအခေါင်းထဲမှာ တစ်ခုခုပိတ်ဆို့တာကြောင့်ရယ်၊ အူနံရံကထူလာပြီး အူအပေါက်ကျဉ်းလာတာကြောင့်ရယ်၊ အူရဲ့အပြင်ကနေ ပိလာတဲ့ Pressure Effecct ကြောင့်ရယ်ဆိုပြီး သုံးပိုင်းရှိပါတယ်။ အကြမ်းဖျင်းအားဖြင့် ခွဲစိတ်ပညာမှာ အူပိတ်တာကို နှစ်ခုပြောလေ့ရှိပါတယ်။ တစ်ခုက ရုတ်တရက် ချက်ချင်းပိတ်တာပါ။ အဲဒါဆိုရင်တော့ ၈၀ ရာခိုင်နှုန်းက ချက်ချင်းခွဲစိတ်ကုသဖို့ လိုအပ်ပါတယ်။ နောက်တစ်ခုက တဖြည်းဖြည်းပိတ်လာတာပါ။ အဲဒါဆိုရင်တော့ ဖြည်းဖြည်းချင်း ပိတ်လာတာဖြစ်တဲ့အတွက် ရောဂါရှာဖွေဖို့ အချိန်နည်းနည်းရပါတယ်၊ ရောဂါကို အတိအကျရှာလို့ ရပါတယ်။

မေး. အူပိတ်ပြီဆိုရင် နောက်ဆက်တွဲအနေနဲ့ ဘာဖြစ်တတ်ပါသလဲဆရာ။

ဖြေ. အဓိကအားဖြင့် အဖြစ်အများဆုံး အခြေအနေတွေကတော့ အူကပ်ခြင်း၊ အူကျခြင်း ဒါမှမဟုတ် အူကျွံခြင်းနဲ့ ကင်ဆာရောဂါတွေကြောင့်ဖြစ်ပါတယ်။ အဲဒါတွေအပြင် ထူးထူးခြားခြား ဖြစ်နိုင်တာကတော့ ကလေးအငယ်တွေဆိုရင် မွေးရာပါရောဂါကြောင့် ဖြစ်တတ်ပါတယ်။ နောက်ပြီး သန်ကောင်တွေများပြီး ကျပ်ပြီးပိတ်တာလည်း ဖြစ်တတ်ပါတယ်။ နောက်ပြီး အူခေါက်စွပ်တယ်ဆိုတာလည်း ဖြစ်တတ်ပါတယ်။ အရမ်းအသက်ကြီးတဲ့သူတွေမှာတော့ ဝမ်းအချုပ်လွန်ပြီး မစင်တွေခဲပြီး ပိတ်တာဖြစ်တတ်ပါတယ်။ အူတွေလိမ်ပြီး ပိတ်သွားတာလည်းရှိပါတယ်။ အူပိတ်ပြီဆိုရင် အူက အရမ်းဖောင်းလာပြီး သူ့ရဲ့ပုံမှန်လုပ်ငန်းတွေကို မလုပ်နိုင်တော့ပါဘူး။ သူ့ရဲ့ ပုံမှန်လုပ်ငန်းတွေဆိုတာ အူသိမ်ဦးဆိုရင် အူထဲမှာရှိတဲ့အရည်တွေကို ပြန်မစုပ်ယူနိုင်တော့ဘူး။ အဲဒီအခါမှာ ခန္ဓာကိုယ်က ရေဓာတ်ခန်းမယ်၊ ပိုတက်ဆီယမ်တို့ ဆိုဒီယမ်တို့ ဓာတ်ဆားတွေချို့တဲ့လာမယ်။ နောက်ဆက်တွဲအနေနဲ့ကတော့ သွေးပေါင်ကျတာတို့၊ ကျောက်ကပ်ပျက်စီးသွားတာတို့ ဖြစ်တတ်ပါတယ်။

အူကပိတ်တာ အရမ်းကြာလာပြီဆိုရင် အူကဖောင်းလာပြီးတော့ ပေါက်ထွက်သွားတာရှိပါတယ်။ အဲဒါဆိုရင်တော့ အခြေအနေဆိုးပါတယ်။ ချက်ချင်းခွဲစိတ်ဖို့ လိုအပ်ပါတယ်။ တစ်ခါတလေ ပေါက်လည်းပေါက်မထွက်ဘဲနဲ့ လိမ်သွားတာ၊ ခေါက်သွားတာ ဖြစ်တတ်ပါတယ်။ အဲဒီအခါမှာ သွေးမရောက်တော့တဲ့အတွက် အူကပုပ်သွားပြီး အသက်အန္တရာယ်ရှိပါတယ်။

မေး. အူပိတ်တဲ့အခါ ဘယ်လိုလက္ခဏာတွေကို ခံစားရတတ်ပါသလဲ ဆရာ။

ဖြေ. အူပိတ်တဲ့အခါမှာ အဓိကလက္ခဏာအနေနဲ့ လေးခုကို ခံစားရပါတယ်။

(၁) ရုတ်တရက်ထိုးထိုးပြီး ဗိုက်အောင့်တယ်၊ ဗိုက်ရဲ့အလယ်ပိုင်းမှာ ဖြစ်တာများပါတယ်။

(၂) နောက်တစ်ခုက အန်တာပါ။ ပိတ်တဲ့နေရာထိကုန်အောင် ဆက်တိုက်အန်တာပါ။ အစာအိမ်ထဲက အက်စစ်တွေ အန်မယ်၊ ချဉ်မယ်၊ နောက်အစိမ်းတွေ၊ အခါးတွေအန်မယ်၊ နောက်ပိတ်ဆို့နေတဲ့အရာအထိ ကုန်အောင်အန်တတ်ပါတယ်။ အန်တာက တအားဆိုးပါတယ်။

(၃) နောက်လက္ခဏာတစ်ခုကတော့ ဝမ်းချုပ်သွားတယ်။ အူအပြည့်သာ ပိတ်သွားပြီဆိုရင် လေရော၊ ဝမ်းရော ချုပ်သွားပါတယ်။

(၄) နောက်ဆုံးတစ်ချက်ကတော့ ဗိုက်ပူလာတယ်၊ ဖောင်းလာပါတယ်။

ဒီလက္ခဏာလေးခုမှာ သုံးခုလောက်ဆိုရင် အူပိတ်ရောဂါဖြစ်နေတာ သေချာနေပါပြီ။ ထူးထူးခြားခြား ရှိနိုင်တာကတော့ ကလေးတွေမှာ အူခေါက်စွပ် ဖြစ်တယ်ဆိုရင်တော့ ဗိုက်မှာ အလုံးတွေပေါ်တတ်တယ်။ ကင်ဆာဆိုရင်လည်း ကင်ဆာလက္ခဏာတွေပါ တွေ့ရပါမယ်။

မေး. အူပိတ်တာကို ဘယ်လိုရောဂါရှာဖွေ စစ်ဆေးမှုတွေ လုပ်ရပါသလဲ ဆရာ။

ဖြေ. အူပိတ်ပြီလို့ ထင်တယ်ဆိုရင် ဓာတ်မှန်ရိုက်ကြည့်လိုက်ရုံနဲ့ ဆုံးဖြတ်နိုင်ပါတယ်။ မတ်မတ်ရိုက်လည်းရတယ်၊ လှဲအိပ်ပြီးရိုက်လည်း ရပါတယ်။ ဓာတ်မှန်ထဲမှာ အူရဲ့တချို့နေရာတွေမှာ ဖောင်းနေမယ်၊ တချို့နေရာတွေမှာတော့ သိမ်နေမယ်၊ အဆက်နေရာက ပိတ်တဲ့နေရာလို့ တန်းပြီးသိနိုင်ပါတယ်။ ပိတ်နေတဲ့အဆင့်ကိုလည်း သိနိုင်ပါတယ်။ အူဘယ်လောက်ဖောင်းနေတယ်၊ ဘယ်လိုအခြေအနေရှိနေသလဲဆိုတာလည်း သိနိုင်ပါတယ်။ ဒါပေမဲ့ ကင်ဆာကြောင့်လား၊ တခြားအခြေအနေကြောင့်လားဆိုတာကိုတော့ မသိနိုင်ပါဘူး။

နောက်တစ်ဆင့်အနေနဲ့ဆိုရင်တော့ အာထရာဆောင်းရိုက်ကြည့်တဲ့အခါမှာ အထဲက အလုံးတွေ၊ အကျိတ်တွေရှိရင် သိနိုင်ပါတယ်။ အချိန်ရတယ်ဆိုရင် အောက်ကနေ မှန်ပြောင်းထည့်ကြည့်မယ်ဆိုရင်တော့ ကင်ဆာတွေရှိရင် တွေ့နိုင်ပါတယ်။ ဒါပေမဲ့ ရုတ်တရက် ပိတ်သွားတဲ့အခြေအနေမှာ ချက်ချင်းခွဲစိတ်ဖို့လိုအပ်တဲ့အတွက် အချိန်မပေးနိုင်တော့ပါဘူး။ ဒါတွေကိုမလုပ်ဖြစ်တော့ပါဘူး။ အူက ရိုးရိုးပိတ်သွားတာလား၊ ပေါက်သွားတာလား၊ ပုပ်နေပြီလားဆိုတာကိုတော့ ဆရာတို့စမ်းကြည့်လိုက်ရုံနဲ့ သိနိုင်ပါတယ်။ ဗိုက်ကို အထိမခံနိုင်ဘူး၊ ထိလိုက်ရင်နာတယ်၊ လွှတ်လိုက်ရင် တစ်ခါနာတယ်၊ အင်မတန်နာနေတယ်ဆိုရင် ပုပ်နေပြီဆိုတာ သိနိုင်ပါတယ်။

မေး. အူပိတ်တာနဲ့ ဆက်စပ်နေတဲ့ ရောဂါတွေကို သိပါရစေ ဆရာ။

ဖြေ. ဆက်စပ်နေတဲ့ရောဂါတွေကတော့ အူကပ်ခြင်းနှစ်မျိုးရှိတယ်။ တစ်မျိုးကတော့ အရင်က ခွဲစိတ်ကုသမှု ခံယူထားဖူးတဲ့သူတွေက ချုပ်ရိုးမှာ အူလာကပ်တာလည်း ဖြစ်နိုင်ပါတယ်။ ကြည့်လိုက်တဲ့အချိန်မှာ ချုပ်ရိုးရှိပါတယ်။ တစ်ခါခွဲထားဖူးတဲ့သူဆိုရင် အူကပ်တာဖြစ်ဖို့များပါတယ်။ အထူးသဖြင့် ခွဲစိတ်ခဲ့တဲ့ အကြောင်းရင်းက အရေးပေါ်အူအတက်ပေါက်တာ၊ အစာအိမ်ပေါက်တာ စတာတွေကို ခွဲခဲ့တာဆိုရင် ပိုပြီးအဖြစ်များပါတယ်။ နောက်တစ်မျိုးကတော့ အပြင်မှာ ချုပ်ရိုးမရှိဘဲနဲ့ အထဲမှာ လိုက်ကပ်တာရှိပါတယ်။ အဲဒါကတော့ အူတီဘီဖြစ်တာပါ။

အူတီဘီဆိုရင် ဗိုက်ထဲမှာတီဘီအကျိတ်တွေကကြီးလာပြီး အကျိတ်တွေမှာ အူကလိုက်ကပ်ပါတယ်။ လူကနည်းနည်းပိန်မယ်၊ အာဟာရပြတ်မယ်၊ ညနေပိုင်း နည်းနည်းဖျားဖျားနေတတ်တယ်၊ အဲဒီလိုအချိန်တွေကြာလာရင် အူတီဘီဖြစ်တတ်ပါတယ်။ နောက်ပြီး မိန်းမတွေမှာဆိုရင် သားအိမ်တို့၊ ဥပြွန်တို့၊ ဥအိမ်တို့ ခဏခဏ ရောင်ရင်လည်း အဲဒီမှာ အူကသွားကပ်တတ်ပါတယ်။ အူကျခြင်းနဲ့ အူကျွံခြင်းဖြစ်တဲ့အခါမှာတော့ ချောင်းဆိုးလိုက်ရင်၊ အလေးအပင်မလိုက်ရင် ပြန်ထွက်သွားတတ်ပါတယ်။ ကျွံလိုက်ထွက်လိုက်ဖြစ်နေတာကနေ တစ်ခါတလေတော့ မထွက်လာတော့ဘဲ ကပ်သွားတတ်ပါတယ်။ အူမကြီးကင်ဆာတွေကလည်း အူပိတ်တာနဲ့ ဆက်စပ်နေတဲ့ ရောဂါတွေပါပဲ။

မေး. ဘယ်လိုလူတွေက အူပိတ်တဲ့ အခြေအနေအဖြစ်များတတ်ပါသလဲ ဆရာ။

ဖြေ. သာမန်အားဖြင့်တော့ ခုနကပြောတဲ့ ခွဲစိတ်ဖူးတဲ့သူတွေ၊ အူကျတာနဲ့ အူကျွံတာဖြစ်တတ်တဲ့လူတွေမှာ အဖြစ်များပါတယ်။ အသက်အရမ်းကြီးတဲ့သူတွေမှာတော့ ဝမ်းချုပ်လွန်ပြီး အူပိတ်သွားတာရှိပါတယ်။ ဝမ်းအရမ်းချုပ်တယ်၊ ဝမ်းချုပ်တာနာတာရှည် ဖြစ်တယ်ဆိုရင် အူပိတ်တတ်ပါတယ်။ အဲဒီအခါတွေမှာ ဝမ်းချူပေးတာလေးတွေလုပ်ပေးရင် ပြန်ကောင်းသွားတတ်ပါတယ်။

မေး. အူပိတ်တာက မျိုးရိုးလိုက်တတ်ပါသလား ဆရာ။

ဖြေ. အူပိတ်တာက မျိုးရိုးလိုက်တာမျိုးတော့ မရှိပါဘူး။ မိသားစုမှာ တီဘီရောဂါတွေဖြစ်တဲ့ အဆုတ်တီဘီ၊ အူတီဘီရှိနေရင်တော့ ဖြစ်တတ်ပါတယ်။ မျိုးရိုးကြောင့်တော့ မဟုတ်ပါဘူး။ နေထိုင်မှုစရိုက်ကြောင့် လို့ပြောရပါမယ်။

မေး. အူပိတ်တာကို ခွဲစိတ်ကုသမှု ခံယူဖို့မဖြစ်မနေလို အပ်ပါသလား ဆရာ။

ဖြေ. ရုတ်တရက်ပိတ်တဲ့ အခြေအနေမှာတော့ ချက်ချင်းခွဲစိတ်ဖို့လိုပါတယ်။၂၄ နာရီမတိုင်ခင် အမြန်ခွဲစိတ်ပြီးဖို့ လိုပါတယ်။ မနက်မိုးလင်းဖြစ်တယ်ဆိုရင် နေမဝင်ခင် ခွဲပြီးသားဖြစ်ရမယ်၊ ညဘက်ဖြစ်တယ်ဆိုရင် နေမထွက်ခင်ခွဲပြီးသား ဖြစ်ရမယ်လို့တောင် အရင်ကစာဆိုရှိပါတယ်။ အကြမ်းဖျင်းအားဖြင့် အူပိတ်တာက ၆နာရီကြာရင် အူပုပ်သွားတတ်ပါတယ်။ ခြွင်းချက်တော့ ရှိပါတယ်၊ မစင်ကြောင့် ဝမ်းချုပ်တာဆိုရင် ဆရာတို့က ချက်ချင်းမခွဲပါဘူး၊ ဝမ်းချူတာတွေလုပ်ကြည့်ပါတယ်။ နောက်တစ်ခုက ချုပ်ရိုးကြောင့် အူကပ်တာဆိုရင်လည်း မခွဲသေးဘဲ နည်းနည်းစောင့်ကြည့်ပါတယ်။

ကလေးတွေ သန်ကောင်ကြောင့် ပိတ်တာဆိုရင်လည်း မခွဲပေးဘဲ ဆေးသွင်းတာ၊ နှာခေါင်းကနေ နည်းနည်းအရည်သွင်း စုပ်တာ၊ မှုတ်တာ နည်းနည်းလုပ်လိုက်ရင် သန်ကောင်လေးတွေက ကျပ်နေရာကနေ နည်းနည်းလေးလှုပ်ပြီး ချောင်သွားပါတယ်။ အဲဒီအခါမှ သန်ချလိုက်ရင် ကောင်းသွားနိုင်ပါတယ်။ ကျန်တဲ့အခြေအနေမှာတော့ ချက်ချင်းခွဲစိတ်ကုသပါတယ်။ ဖြည်းဖြည်းချင်း ပိတ်တာဆိုရင်တော့ အချိန်ရတဲ့အတွက် ရောဂါကို အတိအကျရှာလို့ရပါတယ်။ သေသေချာချာလည်း ရှာရပါတယ်။ တစ်ခါတလေ မဆိုင်တဲ့အပြင်က ကင်ဆာကျိတ်တွေက လာပိနေလို့ပိတ်နေတာလည်း ရှိတတ်ပါတယ်။

မေး. အူပိတ်တာက အစားအသောက်နဲ့ဆိုင်ပါသလား ဆရာ။

ဖြေ. အစားအသောက်နဲ့တော့မဆိုင်ပါဘူး။ ဒါက ရောဂါကြောင့်ဖြစ်တာပါ။ အဓိကကတော့ ဝမ်းချုပ်တတ်တယ်၊ ညှစ်အားကလည်း ကျတယ်ဆိုရင် ဖြစ်သွားတတ်ပါတယ်။ မြန်မာတွေမှာ တွေ့နေတာက လူတွေက ဝမ်းနုတ်ဆေးစားပြီး ဝမ်းသွားနေကျတာတွေ ရှိနေပါတယ်။ အဲဒီလူတွေက ဝမ်းပိတ်တတ်ပါတယ်။ ပညာပေးစရာအနေနဲ့တော့ အများစုက ချက်ချင်းခွဲစိတ်ရပါတယ်။ သိပြီဆိုတာနဲ့ အရည်တွေပေးရတယ်။ ဆေးဝါးတွေပေးရတယ်။ ခွဲစိတ်ဖို့ ချက်ချင်းလုပ်ပေးရပါတယ်။ အူကပ်တယ်ဆိုရင် အူကပ်တာကို ခွာပေးရုံပါပဲ၊ အူကလည်း မပုပ်သေးဘူးဆိုရင် ဆယ်မိနစ်လောက်ပဲ ကြာတတ်ပါတယ်။

အူကျနေတယ်ဆိုရင်လည်း အူကအထဲကို ကျွံနေတယ်၊ အပေါက်က ကျဉ်းနေတော့ ပြန်မထွက်နိုင်ဘူး၊ အချိန်မီခွဲစိတ်ခဲ့ရင် အဲဒီကျဉ်းနေတဲ့ အပေါက်လေးကို နည်းနည်းလေးချဲ့လိုက်ရုံနဲ့ ပြန်ထွက်သွားပါတယ်။ ဒါပေမဲ့ ပုပ်ပြီဆိုရင်တော့ အူကို ဖြတ်ဆက်လုပ်ရတယ်။ သွေးတွေသွင်းရတယ်။ ပိုပြီး ရောဂါကြီးသွားပါပြီ။ တီဘီကြောင့်ဆိုရင် တီဘီဆေးတွေပေးပြီးကုပါတယ်။ တစ်ခါတလေ အကျိတ်အဖုကကြီးနေရင် ဖြတ်ဆက်လုပ်ပေးရတာရှိပါတယ်။ ကင်ဆာကြောင့်ဆိုရင် ဖြည်းဖြည်းချင်း ပိတ်တာဆိုရင်တော့ အချိန်ရတဲ့အတွက် သေချာစစ်ဆေးပြီးမှ တစ်ပြိုင်တည်း ဖြတ်ဆက်လုပ်လို့ရပါတယ်။ ရုတ်တရက် ပိတ်သွားတဲ့အခြေအနေဆိုရင် အရေးပေါ်အနေနဲ့ လမ်းလွှဲပေးရပါတယ်။ တစ်ဖက်မှာပိတ်နေရင် မပိတ်တဲ့နေရာကနေ လမ်းလွှဲပြီး ရောဂါကို ပြန်ရှာရပါတယ်။

အူပိတ်ပြီဆိုရင် လူနာတွေမသိဘဲမနေပါဘူး။ အရမ်းကို ထိုးထိုးပြီး အောင့်တဲ့အတွက် ဆေးရုံကို ရောက်ကိုရောက်လာပါတယ်။ ဖြည်းဖြည်းချင်း ပိတ်တဲ့အခါမှာတော့ လူနာကမသိပါဘူး။ အန်တာတွေ၊ အောင့်တာတွေက နောက်ကျပါတယ်။ အရင်ဆုံးဝမ်းချုပ်တာက စဖြစ်တတ်ပါတယ်။ လူနာက မသိဘဲ ဆေးမြီးတိုတွေ၊ တခြားဆေးတွေ သောက်မိမယ်ဆိုရင် . . .

မေး. အူပိတ်တာနဲ့ပတ်သက်ပြီး အများပြည်သူကို ပညာပေးလိုတဲ့ အချက်တွေရှိရင် သိပါရစေ ဆရာ။

ဖြေ. အူပိတ်ပြီဆိုရင် လူနာတွေမသိဘဲ မနေပါဘူး။ အရမ်းကို ထိုးထိုးပြီးအောင့်တဲ့အတွက် ဆေးရုံကို ရောက်ကိုရောက်လာပါတယ်။ ဖြညး်ဖြည်းချင်း ပိတ်တဲ့အခါမှာတော့ လူနာကမသိပါဘူး။ အန်တာတွေ၊ အောင့်တာတွေက နောက်ကျပါတယ်။ အရင်ဆုံး ဝမ်းချုပ်တာက စဖြစ်တတ်ပါတယ်။ လူနာက မသိဘဲ ဆေးမြီးတိုတွေ၊ တခြားဆေးတွေ သောက်မိမယ်ဆိုရင်လည်း ပိုဆိုးလာတဲ့ အခြေအနေတော့မဖြစ်ပါဘူး။ ပိုပြီး ကြန့်ကြာတာလောက်တော့ ဖြစ်မှာပါ။ တစ်ခါတလေ ဗိုက်အောင့်နေတဲ့နေရာကို နှိပ်လိုက်ရင်လည်း ပေါက်သွားနိုင်ပါတယ်။ ဒီအခြေအနေမှာ မပေါက်ဘဲ ပြန်ကောင်းလာနိုင်ပေမယ့် နှိပ်လိုက်ရင် အူတွေပေါက်သွားနိုင်ပါတယ်။ ဆေးအပူတွေလိမ်းရင်လည်း ပေါက်သွားနိုင်ပါတယ်။ အန္တရာယ်ရှိပါတယ်။ အဲဒါတွေ ဂရုစိုက်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top