Healthy Life Ad
Health Tips

မသိကျိုးကျွံ မပြုသင့်သည့် နှလုံးရောဂါ လက္ခဏာ၁၂ရပ်

၊ စူး (ဆေးဝါးတက္ကသိုလ်) ၊

နှလုံးကျန်းမာရေး ထိခိုက်နေကြောင်း ပြသတဲ့ လက္ခဏာတွေကို လျစ်လျူရှုမထားဘဲ ဆရာဝန်နဲ့ ပြသင့်ပါတယ်။

(၁) စိုးရိမ်ပူပင်စိတ်များခြင်း

နှလုံးရောဂါထတာကြောင့် စိုးရိမ်ပူပင်စိတ်များ လာတတ်ပြီး သေမှာကို ကြောက်ရွံ့နေတတ်ပါတယ်။

(၂) ရင်ဘတ်အောင့်ခြင်း

ရင်ဘတ်အောင့်တာက နှလုံးရောဂါထတာရဲ့ လက္ခဏာတစ်ရပ် ဖြစ်တတ်ပါတယ်။ နှလုံးနဲ့ ဆက်စပ်နေတဲ့ ရင်ဘတ်အောင့် ဝေဒနာဟာ ရင်ညွှန့်ရိုးအောက်က စဖြစ်တတ်ပြီး ဘယ်ဘက်နည်းနည်း ရောက်တတ်ပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် ရင်ပူတဲ့ ဝေဒနာ ရတတ်ပါတယ်။

(၃) ချောင်းဆိုးခြင်း

တာရှည် ချောင်းဆိုးတာ ဒါမှမဟုတ် ချောင်းခြောက်ဆိုးတာက နှလုံးအားနည်းတဲ့ ရောဂါလက္ခဏာ တစ်ရပ်ပါ။ အဆုတ်ထဲမှာ အရည်စုပုံလို့လည်း ဖြစ် နိုင်ပါတယ်။ တစ်ခါတလေ နှလုံးအားနည်းသူတွေက ချောင်းဆိုးရင်း သလိပ်ထဲ သွေးပါနိုင်ပါတယ်။

(၄) ခေါင်းမူးခြင်း

နှလုံးရောဂါထတာကြောင့် ခေါင်းမူးတာနဲ့ သတိလစ်တာတို့ ဖြစ်တတ်ပါတယ်။ အဲဒီအခါ နှလုံးခုန်နှုန်း မမှန်တဲ့ ဝေဒနာ ရတတ်ပါတယ်။

(၅) နုံးချည့်ညောင်းညာခြင်း

အထူးသဖြင့် အမျိုးသမီးတွေမှာ နှလုံးရောဂါ ထချိန်အတွင်း ပုံမှန်မဟုတ်တဲ့ နုံးချည့်ညောင်းညာတဲ့ ဝေဒနာရတတ်ပါတယ်။ တစ်ချိန်လုံး ပင်ပန်းနေတာက နှလုံးရဲ့ လုပ်ငန်းဆောင်တာ ထိခိုက်တဲ့ လက္ခဏာပါ။

(၆) ပျို့ချင်အန်ချင်ဖြစ်ခြင်း သို့မဟုတ် အစာ စားချင်စိတ် မရှိခြင်း

နှလုံးရောဂါထချိန်မှာ ဝမ်းဗိုက်မအီမသာ ဖြစ်တဲ့ ခံစားချက်တွေ ရတတ်ပါတယ်။ များသောအားဖြင့် နှလုံးရဲ့ လုပ်ငန်းဆောင်တာ ထိခိုက်တာနဲ့ဆက်စပ်ပြီး ဖြစ်တဲ့ ဝမ်းဗိုက်ရောင်ရမ်းတာက အစာစားချင် စိတ်ကို အဟန့်အတား ဖြစ်စေတာပါ။

(၇) ခန္ဓာကိုယ်အခြားအစိတ်အပိုင်းများ ကိုက်ခဲခြင်း

နှလုံးရောဂါထတဲ့အခါ နာကျင်မှုက ရင်ဘတ်မှာ စတင်ဖြစ်ပေါ်ပြီး ပခုံး၊ လက်မောင်း ၊တံတောင်ဆစ်၊

နောက်ကျော၊ လည်ပင်း၊ မေးရိုးနဲ့ ဝမ်းဗိုက်တွေဆီ ပြန့်နှံ့သွားတတ်ပါတယ်။ တစ်ခါတစ်ရံ ရင်ဘတ်မအောင့်ဘဲ နာကျင်မှုက လက်မောင်းတစ်ဖက် ဒါမှမဟုတ် နှစ်ဖက် ဒါမှမဟုတ် ပခုံးတွေအထိ ဖြစ်တတ်ပါတယ်။

(၈) အသက်ရှူမဝခြင်း

အသက်ရှူမဝတာက တစ်ခါတလေ နှလုံးရောဂါထတာ ဒါမှမဟုတ် နှလုံးရဲ့ လုပ်ငန်းဆောင်တာ အားနည်းတာရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။

(၉) ချွေးထွက်များခြင်း

ချွေးစေးအေးအေးတွေ ထွက်နေတာက နှလုံးရောဂါထတာ (Heart Attack)မှာ အတွေ့ရများတဲ့ လက္ခဏာ တစ်ရပ်ဖြစ်ပါတယ်။ ထိုင်ခုံမှာထိုင်ရင်း လေ့ကျင့်ခန်း လုပ်ထားသလို ချွေးတွေ ရုတ်တရက် အထွက်များနေရင် သတိထားသင့်ပါတယ်။

(၁၀) နှလုံးခုန်နှုန်း မြန်ခြင်း/မမှန်ခြင်း

နှလုံးရောဂါထတာ၊ နှလုံးရဲ့ လုပ်ငန်းဆောင်တာ မကောင်းတာနဲ့ နှလုံးခုန် မမှန်တာတို့ ဖြစ်ရင် အားနည်းတာ၊ မူးဝေတာနဲ့ အသက်ရှူမဝတာတို့ ဖြစ်တတ်ပါတယ်။ ကုသမှု မခံယူရင် နှလုံးခုန် မမှန်တာကြောင့် လေဖြတ်တာ၊ နှလုံး ထိခိုက်တာနဲ့ သေဆုံးတာအထိ ဖြစ်နိုင်ပါတယ်။

(၁၁) ရောင်ရမ်းခြင်း

နှလုံးရဲ့ လုပ်ငန်းဆောင်တာ အားနည်းတဲ့အခါ ခန္ဓာကိုယ်ထဲမှာ အရည်တွေစုပုံ လာနိုင်ပါတယ်။ အဲဒီ အခါ ခြေထောက်၊ ခြေကျင်းဝတ်နဲ့ ဝမ်းဗိုက်နေရာတွေ အရည်စုပုံလာပြီး ရုတ်တရက် ကိုယ်အလေးချိန် မြင့်တက်တာနဲ့ အစာစားချင်စိတ် ဆုံးရှုံးတာတို့ ဖြစ်တတ်ပါတယ်။

(၁၂) အားနည်းခြင်း

နှလုံးရောဂါထတဲ့အခါ အကြောင်းရင်း မယ်မယ်ရရ မရှိဘဲ အားနည်းတတ်ပါတယ်။ လက်ချောင်းတွေ ကြား စက္ကူစလေး ထည့်ထားရင်ကို မကိုင်နိုင်လောက်အောင် ဖြစ်တတ်တာမျိုးပါ။

(Ref;HD)

Most Popular

Healthy Life Ad
To Top