Healthy Life Ad
Health Tips

သားသားမီးမီး လိုချင်သူ အိမ်ရှင်မတို့ စားသင့်သည့် အာဟာရ

၊ မိမိုး (ဆေးဝါးတက္ကသိုလ်) ၊

ကလေးရဖို့ ခက်ခဲနေတယ်လို့ ထင်ပါသလား။ ကိုယ်ဝန်မရအောင် ကာကွယ်တားဆီးမှု မလုပ်ဘဲ တစ်နှစ်ကြာချိန်အထိ ကလေးမရရင် သားဖွားမီးယပ် အထူးကုဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ကလေးယူနေချိန်မှာ အောက်ပါ အစာတွေကို ပုံမှန် စားပေးရင် ကိုယ်ဝန် မြန်မြန် ရစေနိုင်ပါတယ်။

– ဆန်လုံးညို

ကာဗိုဟိုက်ဒရိတ် အများအပြား ပါဝင်တဲ့ ဆန်လုံးညိုဟာ အမျိုးသမီးတွေကို သားဥ ပုံမှန်ကြွေဖို့ အားပေးပါတယ်။ ဆန်လုံးညိုကို ပုံမှန်စားပေးရင် ဖောလိတ်ဓာတ် ရရှိစေပြီး ကိုယ်ဝန်ဆောင်လို့ ကလေးမွေးရင်တောင် မွေးလာတဲ့ ကလေးမှာ ချို့ယွင်းချက် မပါအောင် ကာကွယ် ပေးနိုင်ပါတယ်။

– နွားနို့

အဆီအပြည့်ပါဝင်တဲ့ နွားနို့မှာ ကယ်လ်စီယမ် ပါဝင်တာကြောင့် အရိုးတွေကို သန်စွမ်းစေတဲ့အပြင် မျိုးဆက်ပွား ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

– သံလွင်ဆီ

အင်တီအောက်ဆီးဒင့် ပါဝင်မှုများတဲ့ သံလွင်ဆီဟာ ရောင်ရမ်းမှု လျော့ကျစေပြီး အဝလွန် ရောဂါ၊ ဆီးချို ရောဂါ၊ နှလုံး ရောဂါ၊ ကင်ဆာ စတဲ့ ကျန်းမာရေး ပြဿနာ အများစုကို ဟန့်တားပေးပါတယ်။ ဒါ့အပြင် မျိုးအောင်နိုင်စွမ်း ထိခိုက်မှုကိုလည်း လျှော့ချ ပေးနိုင်ပါတယ်။

– လိမ္မော်သီး

ကလေးလိုချင်တဲ့ ဇနီးမောင်နှံ နှစ်ဦးစလုံး လိမ္မော်သီး စားသင့်ပါတယ်။

– ငှက်ပျောသီး

တစ်နှစ်ပတ်လုံး အလွယ်ဝယ်ယူ စားသုံးနိုင်တဲ့ ငှက်ပျောသီးဟာ မိသားစုဘဝ ပိုင်ဆိုင်ဖို့ အခက်အခဲ ရှိနေတဲ့ အိမ်ရှင်မတွေအတွက် အားထားရာပါ။ ငှက်ပျောသီးမှာ ဗီတာမင် B6 ပါဝင်တာကြောင့် ဟော်မုန်းဓာတ်ကို ဟန်ချက် ညီမျှစေပြီး အမျိုးသမီးတွေကို ကိုယ်ဝန်မြန်မြန် ရစေပါတယ်။ အမျိုးသားတွေဟာ သုတ်ကောင် အရည်အသွေး ကောင်းဖို့ ငှက်ပျောသီး စားသင့်ပါတယ်။

– ဥအမျိုးမျိုး

ကြက်ဥ၊ ဘဲဥမှာ ဗီတာမင်ဒီ ပါဝင်မှုများလို့ သားသားမီးမီး ချီချင်နေတဲ့ အိမ်ရှင်မတွေ စားသင့်ပါတယ်။ လေ့လာမှုတွေအရ ကိုယ်ဝန်ရဖို့ ခက်ခဲခဲ့တဲ့ အချိန်တွေမှာ အမျိုးသမီး အများစုဟာ အာဟာရဓာတ် ချို့တဲ့နေတယ်လို့ ဆိုပါတယ်။ ဥအမျိုးမျိုးမှာ အိုမီဂါ ၃ ဖက်တီးအက်စစ်နဲ့ ဗီတာမင် B12 လည်း ပါဝင်နေပါတယ်။

– ဆယ်လမွန်ငါး

ဆယ်လမွန်ငါးမှာ ဆီလီနီယမ် ပါဝင်တဲ့အတွက် သားဥနဲ့ သုတ်ကောင်ကို ဖရီးရယ်ဒီကယ်ကြောင့် ထိခိုက်မှု မဖြစ်စေအောင် ကာကွယ်ပေးပါတယ်။ ဆယ်လ်မွန်ငါးမှာ အိုမီဂါ ၃ ဖက်တီးအက်စစ်လည်း ပါဝင်တဲ့အတွက် ဟော်မုန်းတွေကို ဟန်ချက် ညီစေပါတယ်။ အိုမီဂါ ၃ ပါဝင်မှုများတဲ့ တခြားအစာတွေက ဆာဒင်းငါး၊ တူနာငါး စတာတွေဖြစ်ပြီး မြန်မာနိုင်ငံမှာ ငါးသေတ္တာဘူးတွေ အနေနဲ့ အတွေ့ရ များပါတယ်။

– ပဲမည်း

သားဥအိမ်မှာ ရေအိတ်လေးတွေ တည်တဲ့ ရောဂါခံစားနေရရင် ကိုယ်ဝန်ရဖို့ ခက်ခဲ တတ်ပါတယ်။ အဲဒီအခြေအနေမှာ ပဲမည်းကို များများစားပါ။ အမျှင်ဓာတ် ပါဝင်တာကြောင့် သွေးတွင်းသကြားဓာတ်ကို ဟန်ချက်ညီစေပြီး မျိုးအောင်နိုင်စွမ်း ကောင်းစေပါတယ်။

– ကမာကောင်

ကမာကောင်ထဲမှာ ပါဝင်မှုများတဲ့ ဇင့်(သွပ်) ဓာတ်ဟာ အမျိုးသားတွေမှာ ကျားဟော်မုန်း တက်စတိုစတီရုန်းကို မြင့်တက်စေနိုင်ပါတယ်။ ဒါ့အပြင် သုတ်ကောင် အရည်အသွေးလည်း ကောင်းမွန် စေပါတယ်။ ကမာကောင်က ကလေးယူနေတဲ့ အိမ်ရှင်မတွေမှာ ရာသီစက်ဝန်း ပုံမမှန်ဖြစ်တာကို ဟန့်တားပေးပြီး ကိုယ်ဝန်ပျက်ကျတာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top