Healthy Life Ad
International

ကုသမှုခံယူပြီး ၁၅ နှစ်အကြာတွင် ရင်သားကင်ဆာ ပြန်ဖြစ်နိုင်ခြေရှိဟုဆို

၊ မိုးမင်းထွန်း ၊

အောင်မြင်စွာ ဆေးကုသမှုခံယူပြီးနောက် ၁၅ နှစ်ကြာ ငြိမ်နေပြီးနောက်မှာ ရင်သားကင်ဆာ ပြန်ဖြစ်လာနိုင်ခြေရှိတယ်လို့ လေ့လာမှုတစ်ခုက ဆိုပါတယ်။

ကြီးမားတဲ့ အကျိတ်တွေ၊ သားနံရည်ကျိတ်တွေအထိ ပြန့်နှံ့ဖူးတဲ့ ကင်ဆာဝေဒနာခံစားဖူးတဲ့ အမျိုးသမီးတွေမှာ ပြန်ဖြစ်နိုင်ခြေအမြင့်ဆုံးအဖြစ် ၄၀ ရာခိုင်နှုန်းရှိကြောင်းသိရပါတယ်။ ကင်ဆာအဆင့်နိမ့်ပြီး သားနံရည်ကျိတ်တွေအထိ မပြန့်နှံ့သေးတဲ့ အမျိုးသမီးတွေမှာ ပြန်ဖြစ်နိုင်ခြေ အနိမ့်ဆုံးအဖြစ် ၁၀ ရာခိုင်နှုန်းအောက်ရှိတယ်လို့ ဆိုပါတယ်။ အောက်စဖို့ဒ်တက္ကသိုလ်မှ သုတေသီတွေက ရင်သားကင်ဆာဖြစ်ဖူးတဲ့ အမျိုးသမီး ၆၃,ဝ၀ဝ တို့ရဲ့ ဆေးမှတ်တမ်းကို နှစ် ၂၀ ကြာ စူးစမ်းခဲ့ကြပါတယ်။

လူနာတိုင်းဟာ အီစထရိုဂျင်ဟော်မုန်း သက်ရောက်မှုကို ဟန့်တားတဲ့ tamoxifen ဒါမှမဟုတ် aromatase ကဲ့သို့ ကုသမှုတွေ ခံယူခဲ့ကြပါတယ်။ ကုသမှု ၅ နှစ်ကြာခံယူခဲ့ပြီးနောက် ကင်ဆာပျောက်ကင်းသွားပေမယ့် တချို့အမျိုးသမီးတွေမှာ ၁၅ နှစ်ကျော်ကာလအတွင်း တချို့မှာ နှစ် ၂၀ အထိ ကာလအတွင်း ကင်ဆာပြန်ဖြစ်လာတာကို တွေ့ရှိခဲ့ကြပါတယ်။

ဒီတွေ့ရှိမှုနဲ့ပတ်သက်ပြီး ရင်သားကင်ဆာဖြစ်ဖူးတဲ့ အမျိုးသမီးတွေအနေနဲ့ အထိတ်တလန့်ဖြစ်စရာမလိုဘဲ ကင်ဆာပြန်ဖြစ်တဲ့ လက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ တိုင်ပင်စစ်ဆေးကြည့်ဖို့လိုကြောင်း သုတေသီတွေက တိုက်တွန်းထားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top