Healthy Life Ad
Q & A

အရေပြားဆိတ်ဖဲ့အကျင့်စွဲရောဂါ

ဒေါက်တာအုန်းကျော်(စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

အထွေထွေရောဂါကုဆေးရုံကြီးနဲ့ တွဲဖက်ထားတဲ့ စိတ်ကျန်းမာရေးပြင်ပလူနာဆေးခန်းမှာ စာရေးသူ ဆေးခန်းထိုင်တဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။ ပထမဆုံး ကြည့်ရှုရမယ့်လူနာကို မတွေ့ဆုံခင် အရေပြား ရောဂါအထူးကုဆရာဝန်တစ်ဦးရဲ့ လွှဲစာကို ဖတ်ရှုရပါတယ်။ ဒေါက်တာပီတာရဲ့ လွှဲစာမှာ ဖော်ပြထားတာကတော့-
“မစ်ကေကို ကြည့်ရှုပေးတဲ့အတွက် ကျေးဇူး တင်ပါတယ်။ မစ်ကေရဲ့မျက်နှာမှာ ဖြစ်ပွားနေတဲ့ အရေပြားနာအတွက် ကျွန်တော့်ဆေးခန်းမှာ စမ်းသပ်ကုသပေးခဲ့ပါတယ်။ ဒါပေမဲ့ သူ့မျက်နှာက အနာတွေက မပျောက်ကင်းနိုင်တာကို တွေ့ရပါတယ်။ ကုတ်ဖဲ့ခြစ်ရာတွေ ထပ်တလဲလဲ ပြန်လည်ပေါ်ပေါက်နေပါတယ်။ မစ်ကေကို မေးကြည့်တော့ သူ့မျက်နှာကို မကြာခဏ ဆိတ်ဖဲ့တဲ့အကျင့်ရှိတယ်လို့ ဝန်ခံပါတယ်။

အသက် ၁၃ နှစ်လောက်ကစပြီး အဲဒီအကျင့် ပေါ်ပေါက်လာတာလို့ပြောတယ်။ အခုအချိန်မှာတော့ မစ်ကေက သူ့မျက်နှာကို တစ်နေ့ သုံးလေးကြိမ်၊ တစ်ကြိမ်မှာ ၁၀ မိနစ်ကျော် ဆွဲဖဲ့ခြစ်ကုတ်တဲ့ အကျင့်ရှိနေပါတယ်။ မျက်နှာမှာရှိတဲ့ တချို့အနာတွေကကျက်နေပြီ။ တချို့အနာက အသားနုတက်စ ရှိသေးတယ်။ နီရဲရောင်ရမ်းနေတဲ့ အနာသစ်တစ်ခုကိုလည်းတွေ့ရပါတယ်။ မစ်ကေ အခုလို ပြုမူနေတာဟာ စိတ်ကျန်းမာရေးပြဿနာတစ်ခုခုကြောင့်လို့ ကျွန်တော်ယူဆပါတယ်။ ဒါကြောင့် မစ်ကေရဲ့ စိတ်ကျန်းမာရေးအခြေအနေကို စမ်းသပ်စစ်ဆေးပေးဖို့ မေတ္တာရပ်ခံပါတယ်”
ဒေါက်တာပီတာရဲ့စာကိုဖတ်ပြီးတော့ မစ်ကေကို စာရေးသူ တွေ့ဆုံစစ်ဆေးပါတယ်။ ဒီတော့ မစ်ကေက သူရဲ့ရောဂါဖြစ်စဉ်ကို အခုလို ပြောပြပါတယ်။

“ကျွန်မအသက် ၁၃ နှစ်ပတ်ဝန်းကျင်အရွယ်မှာ မျက်နှာမှာ ဝက်ခြံပေါက်တာက စပါတယ် ဆရာ။ ဝက်ခြံကို ကုတ်ခြစ်ကြည့်တဲ့အကျင့်ကစပြီး တဖြည်းဖြည်း အခုလိုဖြစ်လာတာပါ”
စာရေးသူက ဆက်လက်စုံစမ်းပါတယ်။

“မျက်နှာကို ကုတ်ခြစ်ချင်တာ၊ ဆိတ်ဖဲ့ချင်တာက အရေပြားယားယံတာကို ခံစားရလို့လား။ ဒီလို မေးမြန်းတာက အကြောင်းရှိပါတယ်။ အရေပြားရောဂါ၊ ဆီးချိုရောဂါ၊ အသည်းရောဂါ၊ ကျောက်ကပ်ရောဂါ၊ သွေးနီဥရောဂါ စတဲ့ ခန္ဓာကိုယ်ရောဂါတစ်ခုခု ကြောင့် အရေပြား ယားယံပြီး ကုတ်ဖဲ့တဲ့အကျင့် ရရှိလာနိုင်ပါတယ်”

မစ်ကေက အရေပြားရောဂါကု ဆရာဝန်ကြီးကို ကိုးကားပြီး ဖြေဆိုတယ်။

“ကျွန်မမှာ အရေပြားနာကလွဲပြီး တခြားခန္ဓာကိုယ်ရောဂါ ဘာမှမရှိဘူးလို့ ပြောထားပါတယ်”
“ဒီလိုဆိုရင် မစ်ကေရဲ့ စိတ်ထဲမှာ ဘယ်လို ခံစားရလို့ မျက်နှာအရေပြားကို ဆိတ်ဖဲ့ချင်တာလဲ”
မစ်ကေက အနည်းငယ်တွေဝေစဉ်းစားပြီး အဖြေပေးပါတယ်။

“ကျွန်မစိတ်ထဲမှာအလိုအလျောက် တင်းကျပ်ဖိစီးမှု ခံစားရတယ်ဆရာ။ အဲဒီလို ခံစားလာရရင် ကျွန်မ မျက်နှာပေါ်မှာ လက်ရောက်သွားပြီး ဆိတ်ဖဲ့ကုတ်ခြစ်မိပါတယ်။ အဲဒီလို လုပ်လိုက်ပြီးရင် စိတ်သက်သာသွားတယ်။ စိတ်တင်းကျပ်နေတာတွေ ပျောက်သွားတယ်။ စိတ်ကျေနပ် နှစ်သိမ့်သာယာမှု ရရှိပါတယ်”

မစ်ကေစကားဆုံးတော့ စာရေးသူက မှတ်ချက်ချပါတယ်။

“အဲဒီလိုစိတ်မထိန်းနိုင်ဘဲ အရေပြားကို မကြာခဏ ဆိတ်ဖဲ့တဲ့အကျင့်ရှိရင် ‘အရေပြားဆိတ်ဖဲ့အကျင့်စွဲရောဂါ’(Skin Picking Disorder)လို့ ခေါ်ပါတယ်။ ဆေးပညာမှာ အသိအမှတ်ပြုထားတဲ့ ရောဂါ ဖြစ်တယ်။ လှုံ့ဆော်မှုကို မထိန်းချုပ်နိုင်တဲ့ ရောဂါအုပ်စုထဲမှာ ပါဝင်ပါတယ်။ ဒါပေမဲ့ ဒီရောဂါကို တခြားစိတ်ရောဂါတွေနဲ့ ခွဲခြားသိဖို့တော့ လိုအပ်ပါတယ်”

“ဘယ်လို စိတ်ရောဂါတွေလဲ ဆရာ”

“အဲဒါ မစ်ကေနဲ့ ဆက်လက်ဆွေးနွေးဖို့ လိုအပ်ပါတယ်။ ကျွန်တော် ရှင်းပြပါမယ်။ အရေပြား ဆိတ်ဖဲ့အကျင့်စွဲရောဂါနဲ့ ဆင်တူယိုးမှားရှိတဲ့ စိတ်ရောဂါတစ်ခုကတော့ “အစွဲအလန်းလွန်ကဲ ထပ်တလဲလဲ ပြုမူရောဂါ”( Obsessional Disorder) ဖြစ်ပါတယ်။ ဒီရောဂါမှာတော့ စိတ်ထဲမှာ အလိုအလျောက် ပေါ်ပေါက်လာတဲ့ “အတွေး”တွေကို အခြေခံပါတယ်။ အရေပြားကို ကုတ်ခြစ်ချင်တဲ့ အတွေးကို ဖျောက်ဖျက်ပစ်လို့ မရဘူး။ အရေပြားကို အကြိမ်ကြိမ်ဆိတ်ဖဲ့လိုက်ရမှ အတွေးတွေကပျောက်ပျက်သွားတယ်။ အတွေးနဲ့ ထပ်တူ ခံစားနေရတဲ့ စိတ်တင်းကျပ်မှုလည်း သက်သာသွားပါတယ်”

မစ်ကေက ကြားဖြတ်ပြောပါတယ်။

“ကျွန်မစိတ်ထဲမှာ အဲဒီလို အတွေးမျိုး ထပ်တလဲလဲ ပေါ်ပေါက်လာတာ မရှိပါဘူး။ စိတ်ထဲမှာ အကြောင်းမဲ့ တင်းကျပ်သလို ခံစားလာရရင် လက်က မျက်နှာဆီကို အလိုအလျောက် ရောက်သွားတာပါ။ ကျွန်မစိတ်က ဆိတ်ဖဲ့ဖို့ ရည်ရွယ်ပြီး သဘောတူပြု လုပ်တာမျိုး မဟုတ်ဘူး။ အဲဒီအချိန်မှာပေါ်လာတဲ့ စိတ်ဆန္ဒလှုံ့ဆော်မှုကို မထိန်းနိုင်ဖြစ်တာပါ”

စာရေးသူက ဆက်လက်ရှင်းပြပါတယ်။

“နောက်ထပ်စိတ်ကျရောဂါတစ်မျိုးရှိသေးတယ်။ ‘ခန္ဓာကိုယ်ပုံပျက်ယုံကြည်မှုမှား ရောဂါ’(Body Dysmorphic Disorder) ဖြစ်ပါတယ်။ ဒီရောဂါမှာတော့ လူနာက မိမိရဲ့မျက်နှာက ပုံပျက်နေတယ်။ နှာခေါင်းကကြီးနေတယ်။ ပါးစပ်က ရွဲ့နေတယ် စသဖြင့် ယုံကြည်နေပါတယ်။ ယုံကြည်မှု မှားယွင်းနေတယ်။ ဒါကြောင့် လူနာက မိမိမျက်နှာကို မကြာခဏ စစ်ဆေးကြည့်ပါတယ်။ ကိုင်တွယ်ပွတ်သပ်ကြည့်မယ်၊ ဆွဲငင်ကြည့်မယ်။ ဒါက အယူမှားကို အခြေခံတဲ့ အပြုအမူမျိုးဖြစ်ပါတယ်”

မစ်ကေကအလျင်အမြန် ဦးခေါင်းခါပြီး ပြောပါတယ်။

“ကျွန်မမှာ အဲဒီလို မျက်နှာပုံပျက်နေတယ်လို့ ယုံကြည်နေတာမျိုး မရှိပါဘူး ဆရာ။ ဆိတ်ဖဲ့လို့ ဖြစ်ပေါ်နေတဲ့အမာရွတ်တွေအတွက် ရှက်စိတ်၊ လူတော မတိုးချင်စိတ်ဖြစ်ပေါ်နေတာတော့ရှိပါတယ်”
“ကောင်းပါပြီ၊ ဆရာ မေးချင်တာ တစ်ခုရှိသေးတယ်”
“မေးပါ ဆရာ”
“မစ်ကေ စိတ်ကြွဆေး သုံးစွဲတတ်တာတို့၊ ကိုကိန်းမူးယစ်ဆေး သုံးတတ်တာတို့ ရှိသလား”
“မရှိပါဘူး ဆရာ။ ဘာကြောင့် မေးတာလဲ”

စာရေးသူက အနည်းငယ် အချိန်ယူပြီး ဖြေဆိုပါတယ်။

“စိတ်ကြွမူးယစ်ဆေးနဲ့ ကိုကိန်းမူးယစ်ဆေးကို ကြာရှည်သုံးစွဲရင် ခန္ဓာကိုယ်မှာ ယားယံသလို အရေပြားအောက်မှာ ပိုးကောင်တွေ တွားသွားနေသလို ခံစားရပါတယ်။ အဲဒီတော့ အရေပြားကို ပွတ်သပ်ကုတ်ဖဲ့တဲ့ အကျင့် ရရှိလာနိုင်ပါတယ်”

ရှေ့ဆက်မပြောခင် စာရေးသူက မစ်ကေကို ကြိုတင်တောင်းပန်ပါတယ်။
“မစ်ကေ စိတ်မရှိပါနဲ့၊ ဆရာ မေးချင်တာ တစ်ခု ကျန်သေးတယ်”
“ကျွန်မကောင်းကျိုးအတွက်ပဲ မေးသာမေးပါ”

“စိတ်ကြောင့် ဖြစ်ပွားတဲ့ အရေပြားနာတစ်ခု ရှိသေးတယ်။ ‘လိမ်ညာလုပ်ကြံအရေပြားနာ’(Factitious Dermatitis)လို့ ခေါ်ပါတယ်။ လူနာက မိမိခန္ဓာကိုယ်ကို ဒဏ်ရာရရှိအောင် ရည်ရွယ်ချက်နဲ့ ပြုမူလုပ်ကြံတာ ဖြစ်ပါတယ်။ အဲဒီလို ပြုမူတာက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ စိတ်ရောဂါတစ်ခုခုကို အခြေခံတာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် အခွင့်အရေးတစ်ခုခု ရရှိဖို့ ဖန်တီးတာလည်း ဖြစ်နိုင်ပါတယ်။

မစ်ကေမျက်နှာကို ကုတ်ဖဲ့တာက တမင်သက်သက် အနာရအောင် လုပ်တာလားလို့ မေးချင်တာပါ”

မစ်ကေ သွက်သွက်လက်လက် အဖြေပေးပါတယ်။

“ရည်ရွယ်ချက်နဲ့ တမင်သက်သက် အနာရအောင် ဆိတ်ဖဲ့တာ မဟုတ်ရိုးပါ ဆရာ။ ‘အရေပြား ဆိတ်ဖဲ့အကျင့်စွဲရောဂါ’ကို လူတွေထဲမှာ အတော်များများတွေ့ရှိရသလား၊ ကျွန်မတစ်ယောက်သာ ကံဆိုးလို့ရောဂါရရှိနေတာလား”

“အဲဒီလို မယူဆပါနဲ့ မစ်ကေ”လို့ စာရေးသူက ဖျောင်းဖျပြောဆိုပြီး ရောဂါအကြောင်း ဆက်လက်ရှင်းပြပါတယ်။

“အရေပြားဆိတ်ဖဲ့ အကျင့်စွဲရောဂါက ပြည်သူလူထုအတွင်းမှာ ၁ မှ ၅ ရာခိုင်နှုန်းအထိ ဖြစ်ပွားကြောင်း သိရပါတယ်။ မြီးကောင်ပေါက်အရွယ် လူငယ်တွေထဲမှာ ၁၂ ရာခိုင်နှုန်းအထိ ရှိနိုင်ပါတယ်။ အများအားဖြင့် အသက် ၁၂ နှစ်မှ ၁၆ နှစ်အတွင်းမှာ ရောဂါစတင်ဖြစ်ပွားတယ်။ အရေပြားရောဂါအထူးကု ဆေးခန်းကို တက်ရောက်ကုသနေတဲ့ လူနာတွေထဲမှာတော့ ဒီလိုရောဂါရှိသူ ၂ ရာခိုင်နှုန်း တွေ့ရှိရပါတယ်။

မျက်နှာကို ဆိတ်ဖဲ့ကုတ်ခြစ်တာကို အများဆုံး တွေ့ရှိရပါတယ်။ တချို့ကတော့ ခြေထောက်၊ ခြေချောင်း၊ လက်မောင်း၊ လက်၊ လက်ချောင်း၊ လက်သည်းခွံ၊ ခြေသည်းခွံ စတဲ့အစိတ်အပိုင်းတွေကိုကုတ်ခြစ်တတ်ပါတယ်။

ဒီရောဂါက အတက်အကျ ရှိပါတယ်။ သက်သာသွားတဲ့ အချိန်ပိုင်း ရှိသလို ဆိုးရွားလာတဲ့ အချိန်ပိုင်းလည်း ရှိတတ်တယ်။ အမျိုးသမီးတွေမှာ ရာသီလာတဲ့ အချိန်အတွင်း ရောဂါဆိုးရွားလာတာ တွေ့ရှိရတယ်”
မစ်ကေက အားကိုးတကြီးနဲ့ မေးပါတယ်။

“ကျွန်မရောဂါကို ကုသလို့ရသလားဆရာ”

“စိတ်ဆန္ဒတွန်းအား(Impulse)ကို ထိန်းချုပ်နိုင်ဖို့ အသုံးပြုတဲ့ဆေးတွေရှိပါတယ်။ ဥပမာ စိတ်ကျရောဂါကုဆေး (Fluoxetine)၊ ဘိန်းစွဲရောဂါကုသဆေးတစ်မျိုးဖြစ်တဲ့ Naltrexone ၊ အတက်ရောဂါကုသဆေးဖြစ်တဲ့ Lamotrigine စတာတွေ ဖြစ်ပါတယ်။

ဒီရောဂါမှာ အသုံးပြုတဲ့ စိတ်ကုထုံးတစ်မျိုးကတော့ “အကျင့်ပြောင်းပြန်ကုထုံး” (Habit Reversal) ဖြစ်ပါတယ်။ အဲဒါ မစ်ကေ ကိုယ်တိုင်လေ့ကျင့်ရမယ့် အပြုအမူကုထုံး ဖြစ်ပါတယ်”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top