Healthy Life Ad
International

၂၄ လက်မအရွယ် လက်မောင်းကြွက်သားရရှိရန် အသက်အန္တရာယ်ရှိ ဓာတုဆေးရည်ထိုးသည့် အမျိုးသား

၊ မိုးမင်းထွန်း ၊

ရုရှားနိုင်ငံမှ အသက် ၂၁ နှစ်အရွယ် ကီးရီးရိုတီရာရှင်က လက်မောင်းကြွက်သားတွေ ကြီးထွားဖို့ synthol လို့ လူသိများတဲ့ ကြီးထွားဆေးရည်ကို လက်မောင်းထဲထိုးသွင်းနေပါတယ်။

ခန္ဓာကိုယ်ကြံ့ခိုင်ဖို့ အပြင်းအထန်အားထုတ်နေတဲ့ ကီးရီးရိုဟာ တစ်နေ့မှာ စံချိန်ချိုးနိုင်တဲ့ ကာယဗလမောင်တစ်ယောက်ဖြစ်အောင် အလေးမ အားကစားလုပ်ရင်း အန္တရာယ်ရှိတဲ့ ဓာတုဆေးရည်ထိုးသွင်းတဲ့အလုပ်ကို တွဲဖက်လုပ်ဆောင်နေတာဖြစ်ပါတယ်။ ၁၀ ပတ်အတွင်း လက်မောင်းကြွက်သား ၁၀ လက်မ ကြီးထွားလာခဲ့တယ်လို့ သိရပါတယ်။ ဒီလိုကြီးထွားဖို့ လက်မောင်းထဲ ဆေးရည်လီတာလိုက် ထိုးသွင်းဖို့လိုအပ်ပြီး အစပိုင်းမှာ နေမကောင်းဖြစ်ကာ အိပ်ရာထဲလှဲနေရပြီး သေလုနီးပါးဝေဒနာ ခံစားခဲ့ရကြောင်းနဲ့ နောက်ပိုင်းမှာ သက်သာလာခဲ့ကြောင်း ကီးရီးရိုက ပြောပြခဲ့ပါတယ်။

ခန္ဓာကိုယ် အလေးချိန် ၁၃၇ ပေါင်မှ ၁၅၀ ပေါင်အထိ တိုးလာခဲ့ကြောင်းသိရပါတယ်။ ကြွက်သားကြီးထွားလာပေမယ့်လည်း ကြွက်သားအရွယ်အစားအလိုက် အားအင်ပိုတိုးလာတာမျိုးမရှိကြောင်း သိရပါတယ်။ Synthol က အဆုတ်သွေးခဲတာ၊ အာရုံကြောထိခိုက်တာ၊ ပိုးဝင်တာ၊ အဆီခဲတာ၊ လေဖြတ်တာနဲ့ ကြွက်သားပြည်တည်နာဖြစ်တာ စတဲ့ဝေဒနာတွေ ဖြစ်ပွားစေတတ်ကြောင်း ဆရာဝန်တွေက သတိပေးထားပေမယ့် နိုင်ငံအတော်များများမှာ တားမြစ်ထားခြင်းမရှိဘဲ အင်တာနက်မှ အလွယ်တကူ ဝယ်ယူရရှိနေကြကြောင်း သိရပါတယ်။ ဝေဖန်သူတွေက ကျန်းမာရေးထိခိုက်အောင် ပြုလုပ်နေတဲ့ ကီးရီးရိုအတွက် စိုးရိမ်နေကြပြီး စိတ်ကျန်းမာရေးဆေးရုံပို့ကာ ဆေးကုသခံယူသင့်ကြောင်း တိုက်တွန်းနေကြပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top