Healthy Life Ad
Local

မြန်မာလူမျိုးတို့ ကင်ဆာဖြစ်နှုန်း မြင့်မားလာခြင်းမှာ အစားအသောက်ဆင်ခြင်မှု အားနည်းခြင်းနှင့်ဆက်စပ်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

မြန်မာလူမျိုးတို့ ကင်ဆာဖြစ်နှုန်း များပြားလာရခြင်းအကြောင်းရင်းတစ်ခုသည် အစားအသောက် ဆင်ခြင်ဂရုစိုက်မှုမရှိခြင်းနှင့် ဆက်စပ်နေကြောင်း ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီးပါမောက္ခဦးကိုကိုက ပြောကြားသည်။

“ကင်ဆာဖြစ်နှုန်းမြင့်မားလာရတဲ့ အကြောင်းရင်းတစ်ခုက အစားအသောက်နဲ့ဆိုင်ပါတယ်။ ကူးစက်မဟုတ်တဲ့ ရောဂါတွေ (Non-Communicable Diseases) အဖြစ်များစေတဲ့ အစားအသောက်တွေဟာ ကင်ဆာဖြစ်နှုန်း များစေတာပဲဖြစ်ပါတယ်။ ကူးစက်မဟုတ်တဲ့ ရောဂါတွေ (NCD) တွေဟာ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအသောက်၊ အဆီအအိမ့်စာတွေ များများစားရင်ဖြစ်တယ်။ အဲဒီလိုပဲ ဒီအစာတွေ အစားများစားတာကြောင့် ကင်ဆာဖြစ်စေနိုင်ပါတယ်”ဟု ရှင်းပြသည်။

ယခုအခါ ဈေးကွက်ထဲရှိ ငရုတ်သီးမှုန့်အများစုထဲတွင် ကင်ဆာဖြစ်စေသည့် Aflatoxin 1 ပါဝင်မှုမြင့်မားကြောင်း၊ Aflatoxin 1 ပါဝင်သည့် အစာများမှာ အရောင်၊ အနံ့နှင့် ရနံ့ပြောင်းလဲမှုမရှိကြောင်းနှင့် အပူပေးခြင်းကြောင့် တိုက်ဖျက်နိုင်ခြင်းမရှိကြောင်း သိရှိရသည်။

“ကင်ဆာမှာ ထူးခြားတာက မှိုတက်နေတဲ့ ငရုတ်သီးထဲမှာပါတဲ့ Aflatoxin ကြောင့် အသည်းကင်ဆာ ဖြစ်စေနိုင်ပါတယ်။ ဥပမာအားဖြင့် ကုန်းဘောင်ကြီးကြော်ထဲမှာ ငရုတ်သီးတောင့်တွေ ထည့်ထားတယ်။ မှိုတက်နေမှန်းမသိဘဲ စားတာကြာလာတော့ ကင်ဆာဖြစ်စေနိုင်ပါတယ်။ အကင်တွေတူးတဲ့အခါ ထွက်လာတဲ့ Nitrosamine တွေကြောင့်လည်း ကင်ဆာဖြစ်စေနိုင်ပါတယ်။ စည်သွပ်ဘူးတွေများများစားရင်လည်း ကင်ဆာဖြစ်စေနိုင်ပါတယ်။ အူမကြီးကင်ဆာဆိုရင်တော့ အနီရောင်အသားတွေ အများကြီးစားတာနဲ့ ဝမ်းချုပ်တာတွေကြောင့် ဖြစ်တတ်ပါတယ်”ဟု ပါမောက္ခဦးကိုကိုက ဆိုသည်။

ကင်ဆာမဖြစ်စေရန် ကာကွယ်ရေးတွင် နေ့စဉ်နေထိုင်စားသောက်မှုပုံစံသည်လည်း ကျန်းမာရေးနှင့်ညီညွတ်ရန်လိုအပ်ကြောင်း၊ ကျန်းမာရေးနှင့်ညီညွတ်သည့် နေထိုင်စားသောက်မှုပုံစံ (Healthy Lifestyle) ရှိခြင်းသည် ကင်ဆာရောဂါများကိုသာမက ကူးစက်မဟုတ်သော ရောဂါများကိုလည်း ကာကွယ်နိုင်ကြောင်း သိရှိရသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top