Healthy Life Ad
Life Style

ဆေးလိပ်သောက်လို့ဖြစ်တဲ့ လျှာကင်ဆာအဆင့်(၃) ကုသအောင်မြင်တာ ၁၀နှစ်ရှိပြီဆိုတဲ့ ဦးမောင်မောင်တင်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

၂၀ဝ၆ခုနှစ် ဇူလိုင်လတွင် အသက် ၅၀ အရွယ် ဦးမောင်မောင်တင်သည် အစားအသောက်အချို့ စားရာ၌ အရသာအပြောင်းအလဲများကို စတင်ခံစားခဲ့ရသည်။
“စစချင်း နာနတ်သီးစားတော့ ပါးစပ်ထဲမှာ စပ်သွားတယ်။ နာနတ်သီးမှာ အချဉ်ပါတော့ ပါးစပ်ထဲမှာ ဘာကြောင့် စပ်သလဲဆိုတာ မသိဘူး။ ငရုတ်သီးစားတော့ မစပ်ပြန်ဘူး။ ဒါနဲ့ သွားဆရာဝန်ကို သွားပြပါတယ်။ သွားဆရာဝန်က ဘာမှမဖြစ်ဘူးလို့ ပြောတယ်။ ဒါပေမဲ့ သွားတိုက်ရင် သွားပွတ်တံနဲ့ ထောက်မိသလို ဖြစ်နေတယ်။ သွားတွေက မညီတော့ သွားတိုက်ရင် လက်ချော်ချော်ပြီး သွားတိုက်မိသလို ဖြစ်နေတယ်။ အဲဒီတုန်းက စမ်းတော့ ဘာမှမတွေ့ဘူး။ ဒါပေမဲ့ ဒဏ်ရာက နှစ်လ-သုံးလနေတော့ ထပ်ပေါ်လာတယ်”
သွားဆရာဝန်ထံပင် ထပ်မံပြသခဲ့ရာ ထိုဆရာဝန်က သူ၏ဆရာဖြစ်သူ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်ပါမောက္ခဖြစ်သူနှင့် သွားရောက်ပြသရန် လွှဲပေးခဲ့သည်။

“ဒါနဲ့ သွားဆေးတက္ကသိုလ်က ပါမောက္ခဆရာဝန်ကြီးနဲ့ သွားပြရပါတယ်။ ဆရာကြီးက စစ်ဆေးပြီး အရေးကြီးတယ်လို့ ပြောတယ်။ ဒါနဲ့ အသားစနမူနာ ယူတယ်။ ပြီးတော့ လျှာကင်ဆာ အဆင့် (၃) လို့ ဆိုပါတယ်။ အဲဒီမှာ တခြားလူတွေကိုလည်း မေးမြန်းတယ်။ ဆရာဝန် နှစ်ယောက်-သုံးယောက်ကိုလည်း လိုက်ပြသေးတယ်။ ဆရာတစ်ယောက်က မေးရိုးဖြုတ်ပြီး ကုရမယ်၊ ဖြုတ်ပြီး ပြန်တပ်ရင် တစ်ခါတစ်ရံ အတည့်မကျဘဲ လွဲနေတတ်တယ်လို့ ဆိုတယ်။ သွားရည်တွေ ဘာတွေ ကျနေနိုင်တယ်၊ စကားပြောလို့လည်း ကောင်းချင်မှ ကောင်းမယ်လို့ ပြောတယ်” ဟု ဦးမောင်မောင်တင်က ရောဂါသိချိန် မည်သို့မည်ပုံကုသရမည်ကို မဝေခွဲနိုင်ဖြစ်ခဲ့ရကြောင်း ပြောပြခဲ့သည်။

သို့ဖြစ်ရာ လျှာကင်ဆာအဆင့် (၃) ကို စင်ကာပူနိုင်ငံ၌ မိတ်ဆွေများရှိသည့်အပြင် သားတစ်ဦးကလည်း ထိုနိုင်ငံတွင် အလုပ်လုပ်နေရာ သူတို့၏ အကူအညီများဖြင့်ပင် စင်ကာပူသို့ သွားရောက်ကုသမှု ခံယူရန် ဦးမောင်မောင်တင် ဆုံးဖြတ်ခဲ့တော့သည်။

“စင်ကာပူက မိတ်ဆွေတွေနဲ့ တိုင်ပင်ကြည့်ပြီး သူတို့က ဆေးရုံနဲ့ ချိတ်ပေးမယ်လို့ ပြောတာနဲ့ အဲဒီကို ၂၀ဝ၆ ခုနှစ် ခရစ္စမတ်မတိုင်ခင် သွားလိုက်ပါတယ်။ အဲဒီမှာ ပြပြီး ရက်ပိုင်းအတွင်း လျှာအကျိတ် တွေကို ခွဲထုတ်လိုက်ပါတယ်”
လျှာအရင်းရှိ ကင်ဆာဆဲလ်ရှိသည့် အစိတ်အပိုင်းများအားလုံးကို ဖယ်ထုတ်ခဲ့ပြီး စုစုပေါင်း ၂၄ ချက်ချုပ်ရကာ ဆေးရုံ၌ငါးရက်ကြာတက်ခဲ့ရကြောင်း ဦးမောင်မောင်တင်က ဆိုသည်။

“လျှာနဲ့ လည်ပင်းအကျိတ်လေးတွေက စုစု ပေါင်း ၃၀ လောက် ရှိတယ်လို့ ပြောတယ်။ ခွဲထုတ်ပြီးတော့ ကင်ဆာဆေးသွင်းဖို့နဲ့ ဓာတ်ရောင်ခြည်ကုထုံးခံယူဖို့ ပြောပါတယ်။ အဲဒီမှာ ရန်ကုန်ကို ခဏပြန်လာပြီး ငါးရက်လောက် နားပါတယ်။ ပြီးတော့ သွားနှစ်ချောင်း-သုံးချောင်းလောက်ကို နုတ်ရသေးတယ်။ အဲဒီအချိန်တွေမှာ ပီးစပ်ရွက်ကို ကြိတ်ပြီး အရည်ညှစ်သောက်ပါတယ်။ အစားအသောက်ကိုတော့ ပုံမှန် စားသောက်တယ်။ ဒါပေမဲ့ အချဉ်နဲ့ အစပ်စားရင် နာလို့မစားဘူး”
၂၀ဝ၆ နှစ်ကူးရက်တွင် စင်ကာပူနိုင်ငံသို့ ပြန်သွားပြီး ကင်ဆာဆေးသွင်းကုသမှု နှစ်ကြိမ်ခံယူကာ ဓာတ်ရောင်ခြည်ကုထုံးကို အကြိမ် ၃၀တိတိ ခံယူခဲ့ရကြောင်း သိရသည်။

“ကင်ဆာဆေးကတော့ နှစ်ကြိမ်ပဲ သွင်းရတယ်။ ဓာတ်ရောင်ခြည်ကုထုံးကတော့ ရက် ၃၀ ကို ပျက်ရက်မရှိ ကင်ရတယ်။ ဘာမှထူးထူးခြားခြား သိပ်မခံစားခဲ့ရပါဘူး။ လိမ်းဆေးလေးတွေ ပေးတယ်၊ ဒါပေမဲ့ လိမ်းစရာကို မလိုခဲ့ပါဘူး”ဟု ပြောသည်။

ဦးမောင်မောင်တင်က လျှာကင်ဆာဖြစ်ရခြင်း အကြောင်းရင်းမှာ ဆေးလိပ်သောက်ခြင်းကြောင့်ဟု ထင်မြင်ထားသည်။ ကင်ဆာမျိုးရိုးလည်းမရှိကြောင်း သူက ဆိုသည်။

“ဦးက ကွမ်းလည်း စားခဲပါတယ်။ စားဖူးတယ် ဆိုရုံလောက်ပဲ စားတာ။ အရက်ကလည်း သောက်တာရှားတယ်။ တစ်ခါတစ်ရံမှသာ သောက်တယ်။ ဒါပေမဲ့ ဆေးလိပ်သောက်တာ များပါတယ်။ ဆေးလိပ်သောက်တာက ခုနစ်တန်း-ရှစ်တန်း၊ အသက် ၁၂ နှစ်-၁၃နှစ်အရွယ်လောက်ကတည်းက စသောက်ခဲ့တာ။ ငယ်ငယ်က စီးကရက်ရှားတော့ ဆေးပေါလိပ်သောက်ခဲ့တာ။ ကြီးလာတော့ စီးကရက်ကို တစ်နေ့တစ်ဘူးလောက် သောက်ဖြစ်ခဲ့တယ်။

ကင်ဆာဖြစ်မှန်းသိကတည်းက ဆေးလိပ် မသောက်တော့ဘူး။ ဆေးကုပြီးတဲ့အချိန်ကျတော့ ဆေးလိပ်အနံ့ကိုတောင် ခံလို့မရတော့ဘူး။ အနံ့က မွှန်သွားတာ”ဟု ဦးမောင်မောင်တင်က ပြောသည်။

ဦးမောင်မောင်တင်၏ လျှာကင်ဆာဖြတ်သန်းမှု ခရီးလမ်းတွင် ဇနီးဖြစ်သူဒေါ်ရင်ရင်စိန်နှင့် သားသမီး လေးဦးတို့၏ ကူညီထောက်ပံ့အားပေးမှုများစွာကို ရရှိခဲ့ကြောင်း သိရသည်။

“စင်ကာပူမှာ အလုပ်လုပ်နေတဲ့ သားက ရှိပြီးသား။ ဦး ဆေးသွားကုတော့ ဇနီးကပဲ တောက်လျှောက်လိုက်ပြီး ပြုစုပေးခဲ့တာ။ မိတ်ဆွေအပေါင်းအသင်းတွေရဲ့ အကူအညီတွေလည်း အများကြီး ရခဲ့ပါတယ်”

လျှာအရင်းရှိ အကျိတ်လေးများကို လှီးထုတ်ထားသဖြင့် အစားအသောက်ကိုမူ ကျန်းမာရေးနှင့် ညီညွတ်သည့် အစားမအသောက်မှန်သမျှ စားနိုင်သော်လည်း စကားပြောရာတွင် အသံထွက်သိပ်မမှန်တော့ကြောင်း ဦးမောင်မောင်တင်က ပြောသည်။

“ဆေးကုပြီးတဲ့အချိန်မှာ ဆရာဝန်တွေက စားချင်တာ စားလို့ရတယ်၊ အဆင်ပြေတာ အကုန်စားလို့ ပြောပါတယ်။ ဦးက အိမ်မှာ ချက်တဲ့ထမင်းဟင်းတွေကိုပဲ စားပါတယ်။ သွားတွေက သိပ်မကောင်းတော့ ဇွန်းလေးနဲ့ဖဲ့ပြီး မျိုချပါတယ်။ ထမင်းစားရင် ခပ်ပျော့ပျော့စားရတယ်။ ရေနွေးလေးနဲ့ စားရပါတယ်။ အစာစားရင် အချိန်ယူပြီး ဖြည်းဖြည်းချင်းနဲ့ စားရပါတယ်”
ကင်ဆာကုထုံးပြီးနောက် ခြောက်လအကြာ ပြန်လာပြရန် စင်ကာပူနိုင်ငံက ဆရာဝန်များမှာကြားလိုက်သော်လည်း ဦးမောင်မောင်တင်က မသွားတော့ဘဲ ရန်ကုန်မှ ဆရာဝန်ထံ သွားပြခဲ့သည်။

“ကျန်းမာရေးက တခြားတော့ ထွေထွေထူးထူး ဘာမှမဖြစ်တော့ဘူး။ နေလို့ ကောင်းနေတာနဲ့ နောက်ပိုင်းကျတော့ မပြဖြစ်တော့ပါဘူး။ အရင်က စက္ကူအရောင်းအဝယ်လုပ်ခဲ့တယ်။ ကင်ဆာကုပြီးနောက်ပိုင်း မှာတော့ အလုပ်မလုပ်တော့ပါဘူး။

လူငယ်တွေကိုလည်း ဆေးလိပ်မသောက်ပါနဲ့လို့ ပြောချင်ပါတယ်။ ဦးတုန်းက ဆေးပေါလိပ်ရရင် ဆေးပေါလိပ်၊ မရရင် ရတဲ့ ဆေးလိပ်ကို သောက်ခဲ့တာ။ ဆေးလိပ်က တကယ်ကောင်းကျိုး မပေးပါဘူး”ဟု ဦးမောင်မောင်တင်က ဆိုသည်။

ယခုအခါ ရန်ကုန် ပုဇွန်တောင်မြို့နယ်၊ ရေကျော်တွင် မိသားစုနှင့်အတူ အေးချမ်းစွာ နေထိုင်လျက်ရှိသည့် ဦးမောင်မောင်တင်က အခြားကင်ဆာ ဝေဒနာရှင်များသို့ သူ၏ ကင်ဆာကုသအောင်မြင်မှု အတွေ့အကြုံမှတစ်ဆင့် အားပေးစကား ပြောကြားလိုက်ပါသည်။

ဦးက ဗုဒ္ဓဘာသာဝင်ဆိုတော့ ဘုရားရဲ့ လမ်းညွှန်ချက်အတိုင်း ကံ ကံ၏ အကျိုးကို ယုံပါတယ်။ ကင်ဆာအဆင့် (၃) ဖြစ်တာဆိုတော့ ဆေးကုပြီးလည်း ဒီလောက်အကြာကြီး အသက်ရှည်လိမ့်မယ်လို့ မထင်ခဲ့ဘူး။ ဆေးကုပြီးတဲ့အချိန်မှာ ဘုရားတရား အလုပ်တွေ လုပ်တယ်၊ ကုသိုလ်ကောင်းမှုတွေ လုပ်တယ်။ ဒီလိုနဲ့ ၅ နှစ်-၆ နှစ် အသက်ရှည်ခဲ့တယ်။ အခုဆို ၁၀ နှစ်တောင်ကျော်သွားခဲ့ပြီ။ လူကလည်း ပေါ့ပေါ့ပါးပါးပါပဲ။

အလုပ်ကလည်း နားပစ်လိုက်တော့ အပူအပင်ကမရှိတော့ဘူး။ တကယ်တော့ ရုပ် နဲ့ စိတ်က ပေါင်းနေတာဆိုတော့ ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာပါ ငြိမ်အောင်ထားလိုက်တယ်။ တရားထိုင်တယ်၊ ဘုရားရှိခိုးတယ်၊ ပုတီးစိပ်တယ်။ ဘာသာတရားအားထုတ်တာကစိတ်ပိုင်းဆိုင်ရာ ကျန်းမာစေပါတယ်။ ဒီလို လုပ်တာက စိတ်ဓာတ်လည်း မကျတော့ဘူး။

ရုပ်ပိုင်းဆိုင်ရာ ကျန်းမာဖို့အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်လေးတွေကို ဆင်ခြင်ပြီး စားပေးဖို့ လိုပါတယ်။ တခြားကင်ဆာဖြစ်နေသူတွေကို အကြံပေးချင်တာက စိတ်ဓာတ်မကျပါနဲ့။ စိတ်ကိုလည်းပြင်၊ ရုပ်ကိုလည်းပြင်ပါ။ ဒါဆိုရင် ကျန်းမာသက်ရှည်ပါတယ်”ဟု အသက် ၆၀ အရွယ် ဦးမောင်မောင်တင်က သူ့အတွေ့အကြုံမှတစ်ဆင့် အကြံပြုစကားများမျှဝေလိုက်ပါသည်။
_ _ _

(မှတ်ချက်။ ။ ဓာတ်ပုံများကို ဦးမောင်မောင်တင်၏ ခွင့်ပြုချက်ဖြင့် ဖော်ပြခြင်း ဖြစ်ပါသည်။ အယ်ဒီတာ)
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top