Healthy Life Ad
Child

မွေးကင်းစကလေးငယ်များအတွက် ဆောင်ရန်၊ ရှောင်ရန်များ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

မွေးကင်းစကလေးငယ်လေးတွေကို စောင့်ရှောက်တဲ့အခါမှာ မိဘတွေအနေနဲ့ အထူးသတိ ထားဖို့လိုပါတယ်။ မွေးကင်းစကလေးငယ်တွေရဲ့ ခန္ဓာကိုယ်တွင်းစနစ်တွေက နုနယ်လွန်းတာကြောင့် ကလေးငယ်ကိုကျန်းမာပြီး ဘေးအန္တရာယ်ကင်းကင်းနဲ့ ကြီးပြင်းလာအောင် သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်အချက်တွေရှိနေပါတယ်။

ဆောင်ရန်
(၁) မွေးကင်းစကလေးငယ် အိပ်စက်တဲ့အခါမှာ အမြဲတမ်းစောင့်ကြည့်ပေးပါ။ ဒါမှမဟုတ် ကလေးငယ်ကို အိမ်မှာလူရှိတဲ့နေရာမှာ သိပ်ထားပေးပါ။ မိဘတွေရဲ့ လျစ်လျူရှုမှုကြောင့် ကလေးတွေဟာ အိပ်ရင်းမှောက်သွားရာက ရုတ်တရက် ကလေးငယ်သေဆုံးတဲ့ ရောဂါစုကြောင့် သေဆုံးရတတ်ပါတယ်။
(၂) ကလေးငယ်ကို စကားပြောပေးပါ။ သီချင်းဆိုပြပါ။ ဒါဟာ ကလေးငယ်ကို စောင့်ရှောက်မှုမှာ အထူးအရေးပါပါတယ်။ ဒီလို စကားပြောပေးတာကြောင့် ကလေးတွေဟာတုံ့ပြန်လွယ်တတ်ပါတယ်။
(၃) မွေးကင်းစကလေးငယ်ကိုပွေ့ဖက်တာ၊ နှိပ်နယ်တာ၊ မိခင်နို့ချိုတိုက်ကျွေးတာ စတဲ့ လုပ်ဆောင်မှုတွေကိုဆောင်ရွက်ပေးပါ။ ဒါဟာ ကလေးငယ်ကို ကျန်းမာစေသလို စိတ်ခံစားမှုအားလည်း ကောင်းမွန်စေပါတယ်။
(၄) ကလေးငယ်ကို အမူအရာတွေနဲ့ ပြောဆိုရှင်းပြတာမျိုးလုပ်ပါ။ ကလေးက စကားမပြောနိုင်သေးလို့ မတုံ့ပြန်နိုင်ပေမယ့် သင့်လှုပ်ရှားမှုကြောင့် ကလေး ရဲ့ တုံ့ပြန်နိုင်စွမ်းက တခြား သက်တူကလေးတွေ ထက်ပိုမြန်တတ်ပါတယ်။
(၅) ကလေးကို အသက်ခြောက်လအထိ မိခင်နို့ချို တစ်မျိုးတည်းကိုသာ တိုက်ကျွေးပါ။ ရေကိုတောင် တိုက်စရာမလိုပါဘူး။

ရှောင်ရန်
(၁) မိဘတချို့ဟာ ငိုနေတဲ့ကလေးကို အငိုတိတအောင်ဆိုပြီး လှုပ်ရမ်းပြီး ချော့လေ့ရှိပါတယ်။ ဒါဟာ မွေးကင်းစကလေးငယ်အတွက် လုံးဝမသင့်တော်ပါဘူး။
(၂) မွေးကင်းစကလေးငယ်အတွက် တစ်ညလုံး အိပ်ဖို့တော့ မမျှော်လင့်ပါနဲ့။ အိပ်လိုက်၊ နို့ဆာလို့ နိုးလိုက်၊ သေးစိုလို့နိုးလိုက် . . အဲဒီလို သံသရာလည်နေတတ်ပါတယ်။ ဒါကြောင့် လအနည်းငယ်အထိတော့ ကလေးငယ်က တစ်ညလုံး အကြာကြီး မအိပ်တဲ့အတွက် စိတ်အနှောင့်အယှက်မဖြစ်ပါနဲ့။
(၃) ကလေးငယ်ကိုတိရစ္ဆာန်တွေနဲ့အတူ မထားပါနဲ့။ ဘယ်လောက်သေးငယ်ပြီး ရန်မပြုနိုင်တဲ့ တိရစ္ဆာန်ဖြစ်ပါစေ၊ ကလေးငယ်ကို ဓာတ်မတည့်မှု ဖြစ်စေနိုင်တာကြောင့် ကလေးအတွက် အန္တရာယ်ရှိပါတယ်။
(၄) ကလေးကိုနို့တိုက်နေတဲ့ မိခင်အဖို့ ကလေးငယ်ရဲ့ကျန်းမာရေးအတွက် အစာရှောင်တာမျိုး လုံးဝမလုပ်သင့်ပါ။
(၅) ကလေးကိုဖြည့်စွက်စာကျွေးလို့ရတဲ့အချိန်မှာ ကလေးတွေကြိုက်တတ်တဲ့ အချိုစာတွေကို မကျွေးပါနဲ့။ ကလေးငယ်ကို သွားပိုးစားစေနိုင်လို့ပါ။
(၆) ကလေးငိုနေရင် အာရုံပြောင်းသွားအောင်လုပ်ပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top