Healthy Life Ad
Life Style

မျိုးဥအိမ်ရောဂါနဲ့ ကလေးရအောင်လုပ်နည်း(Pcos and Clomid)

ဒေါက်တာတင့်ဆွေ

မေး ။ ဆရာရှင့် ကျွန်မ အသက် ၂၂ နှစ်ရှိပါပြီ။ အိမ်ထောင်ကျတာ ၃ နှစ်ရှိပါပြီ။ အမျိုးသားက ၂၆ နှစ်ပါ။ အ ခုလက်ရှိ – -မြို့မှာ နေထိုင်ပါတယ်။ ကျွန်မ ရာသီ မမှန်တာ အိမ်ထောင်စကျကတည်းကပါ။ အပျိုတုန်းကတော့ အမြဲ ရာသီမှန်မှန်လာပါတယ်။ အိမ်ထောင်ကျပြီးတော့ ၃လ သန္ဓေတားဆေးထိုးပြီးနောက်ပိုင်း ရာသီမမှန်လို့ OG နဲ့ ပြကြည့်တော့ PCOS ဖြစ်နေတယ်လို့ ပြောပါတယ်။ PCOS နဲ့ပတ်သက်ပြီး ဆရာရေးထားတဲ့စာတွေ ဖတ်ဖူးပါတယ်။ ဒါပေမဲ့ ကျွန်မမှာ PCOS ရဲ့ လက္ခဏာတွေဖြစ်တဲ့ အမွေးပေါက်များတာ၊ ဝက်ခြံတွေအများကြီးထွက်တာ အဝလွန်တာတွေမရှိပါဘူး။ အာလ်ထွာဆောင်းအဖြေမှာ ovaries မှာ ရေအိတ်သေးသေးလေးတွေ အများကြီးဖြစ်နေတာနဲ့ ရာသီလုံးဝထိန်နေတာ ဖြစ်ပါတယ်။ သန္ဓေတားဆေးမသောက်ရင် လုံးဝရာသီမလာပါဘူး။ ကျွန်မဆီမှာ အစ်မနှစ်ယောက်ရှိပြီး တစ်ယောက်က သားသမီးထွန်းကားပါတယ်။ နောက်တစ်ယောက်ကလည်း PCOS ဖြစ်နေပါတယ်။ သူလည်း အိမ်ထောင် ကျတာ ၅ နှစ်ရှိပြီး ကလေးမရသေးပါဘူး။ ကျွန်မ အခုလက်ရှိ တစ်နေ့ကို diane35 နဲ့ metformin 500mg ၁လုံးစီသောက်နေပါတယ်။ ဆရာရေးတဲ့စာထဲမှာ clomid ကိုသုံးရမယ်လို့ဖတ်ဖူးပါတယ်။ ကျွန်မအစ်မ ရန်ကုန်မှာဆေးခန်းပြတော့ PCOS ရှိသူတွေကို သားဥကြွေဆေးသောက်ခိုင်းလို့မရဘူးလို့ သူပြတဲ့ OG ကပြောပါတယ်။ အဲဒါဘာဖြစ်လို့ပါလဲ။ ကျွန်မ ရန်ကုန်မှာနေတုန်းကလည်း OG ၂ယောက်၊ ၃ ယောက်နဲ့ပြဖူးပါတယ်။ သူတို့လည်း ကျွန်မကို သားဥကြွေဆေးမပေးပါဘူး။ သန္ဓေတားဆေး diane35 တွေ metformin နဲ့ carbagolin တွေ တလှည့်စီပေးပြီး ဆေးရပ်ပြီး စောင့်ကြည့်ရင် ကောင်းသွားလိမ့်မယ်။ ကလေးရလိမ့်မယ်လို့ပဲ ပြောပါတယ်။ ဒါပေမဲ့ မကောင်းလာပါဘူး။ သန္ဓေတားဆေး မသောက်ရင် လုံးဝရာသီမလာပါဘူး။ ၃ လ- ၄လ ရပ်ပြီး စောင့်ကြည့်လည်း မထူးပါဘူး။ ကျွန်မအဓိကသိလိုတာက ကလေး လိုချင်ပါတယ်။ ဘာလုပ်သင့်ပါသလဲ။ သားဥကြွေဆေးသောက်လို့ရပါသလား။ သန္ဓေတားဆေးကို ရပ်လိုက်ရင် ရာသီထိန်နေတဲ့အတွက် သားဥကြွေဆေးကို ဘယ်အချိန်တွေမှာ ဘယ်လိုသောက်သင့်ပါသလဲ။ ကျေးဇူးပြုပြီးဖြေကြားပေးပါရှင်။

ဖြေ ။ Clomid (Clomiphene citrate or Sero-phene) ဆေးဟာ ကလေးမရသေးသူတွေအတွက် ပေးတဲ့ မျိုးဥထွက်ဆေး ဖြစ်တယ်။

မျိုးဥမထွက်တာ ကို Anovulation ခေါ်တယ်။ အများဆုံးဖြစ်စေတာက polycystic ovarian syndrome (PCOS) ခေါ် မျိုးဥအိမ်ထဲမှာ အိတ် (အလုံး) လေးတွေ များနေလို့ဖြစ်တယ်။ အဲလိုအမျိုးသမီးတွေကို ဒီဆေးပေးနည်းနဲ့ကုသရင် ကိုယ်ဝန်ရလမ်း ကောင်းပါတယ်။

အသက် ၃၅ နှစ်အောက်ဆိုရင် အခွင့်အလမ်းပိုကောင်းတယ်။ လူတိုင်းတော့ မကောင်းပါ။ ၄ ယောက်ကိုပေးရင် ၁ ယောက်မှာ မျိုးဥထွက်တာတွေ့ရတယ်။ အသက် ၃၅ နှစ်အောက်ကို Clomid ဆေး ၃-၄ လပေးရင် လစဉ် ကိုယ်ဝန်ရလမ်း ၁၅ ရာခိုင်နှုန်းရှိတယ်။ သူတို့မှာ သားအိမ်ပြွန် ပိတ်မနေရဘူး။ ခင်ပွန်းရဲ့သုက်ရည်ကလည်း အရေအတွက် + အရည်အသွေးမီရမယ်။ ဆေးပေးလို့ မျိုးဥထွက်သူတွေထဲက ၅၀ ရာခိုင်နှုန်း ကိုယ်ဝန်ရတယ်။

PCOS ရှိတဲ့ အသက် ၃၅ နှစ်အောက်အမျိုးသမီးတွေကို IVF နည်းနဲ့ ကလေးရအောင်လုပ်တာမှာ တကြိမ်လုပ်ရင် ၇၀ရာခိုင်နှုန်း အောင်မြင်တယ်။ ၆၀ ရာခိုင်နှုန်း ကလေးအကောင်းမွေးတယ်။ ကိုယ်ဝန် ပျက်တဲ့နှုန်းက ကွဲပြားတာတွေ့ရတယ်။

ရာသီပထမနေ့ဆိုတာ သွေးစဆင်းတဲ့နေ့ကို ခေါ်တယ်။ ရာသီမလာတဲ့အမျိုးသမီးဆိုရင် ရာသီလာအောင်ဆေးပေးရတယ်။ Provera (medroxy­pro-gesterone acetate) 5 or 10mg ကိုနေ့စဉ် ၅ရက် ကနေ ၁၀ ရက်အထိ ပေးတယ်။ ဆေးနောက်ဆုံးရက် နောက် ၂ ရက်ကနေ ၇ ရက်မှာရာသီဆင်းမယ်။ Clomid ဆေးကို ရာသီလအစပိုင်းရက်ကနေစပေးတယ်။ တတိယနေ့ကနေ ၅ ရက်ဆက်တိုက်ပေးတယ်။ သတ္တမနေ့အထိ ဖြစ်တယ်။

၅ရက်မြောက်နေ့ကနေစပေးရင် ၉ ရက်မြောက်နေ့အထိဖြစ်မယ်။ Clomid 50mg နေ့စဉ်ပေးတာနဲ့ စတယ်။ ရာသီမလာသူတွေကို provera ဆေးနဲ့ ရာသီလာစေပြီးနောက် Clomid 100mg ကို အဲဒီရက်တွေအတိုင်းပေးမယ်။ အဲဒါလည်းမရသေးရင် Clomid 150mg ကိုပါပေးသေးတယ်။ မျိုးဥက Clomid ဆေး ၅ ရက်ပေးပြီးနောက် ၈ရက်နဲ့ ၁၉ ရက်တွေမှာထွက်တယ်။ ဆိုလိုတာက ရာသီလရဲ့ ၁၅ ရက်မြောက်နဲ့ ၂၀ ရက်မြောက်မှာ မျိုးဥထွက်မယ်။ တယောက်နဲ့ တယောက် မတူတာလည်းရှိတယ်။ ဒုတိယနဲ့ တတိယပတ်ရောက်မှထွက်သူလည်းရှိတယ်။ အသက် ၄၀ ကျော်သူတွေကို ဆေးပေးတာ မထူးလှပါ။

PCOS ရောဂါရှိသူတွေအတွက် Clomid နှင့် Metformin ဆေး၂ မျိုး တွဲပေးနည်း
Metformin (Glucophage) ဆေးကို ဆီးချိုအတွက်အများဆုံးသုံးတယ်။Metformin တမျိုး တည်းပေးနည်းလည်း လုပ်တယ်။ မရရင် ဆေး၂ မျိုး တွဲနည်းနဲ့ကုသမယ်။Metformin ဆေးပေးပြီး တလနေမှသာ အစွမ်းသိရတယ်။ ရက် ၃၀ ကနေ ၉၀ အထိပေးရတတ်တယ်။ Metformin 500mg ကို တရက် ၁ ကြိမ်တပတ်၊ နောက် ၂ ကြိမ်တပတ်၊ နောက် ၃ ကြိမ်တပတ်ပေးတယ်။ ၃ ကြိမ်ကိုမခံနိုင်ရင် ၂ ကြိမ် သာပေးမယ်။

Clomiphene 50mg ကို နေ့စဉ် ၅ ရက်ပေးမယ်။ တတိယရက်ကနေ သတ္တမရက်အထိ။ (သို့) ပဉ္စမရက်ကနေ နဝမရက်အထိ။ ရာသီမလာသူဆိုရင် Provera ပေးပြီး ရာသီလာစေမယ်။ Clomiphene ကို 50mg နဲ့မရရင် 100mg ပေးမယ်။ 150mg အထိပေးနိုင်တယ်။ အောင်မြင်မှုနှုန်းကွဲပြားတယ်။ အသက် ၃၇ နှစ်အောက်ဆိုရင် ၁၀-၁၅ရာခိုင်နှုန်း ရှိတာတွေ့ရတယ်။ IUI နည်းဆိုရင် ၁၅-၂၀ ရာခိုင်နှုန်းရှိတယ်။

Glucophage / Metformin and Clomid ဘေးထွက်ဆိုးကျိုး = ဗိုက်အောင့်မယ်။ ဝမ်းပျက်မယ်။ ပျို့မယ်။

သားသမီးရတနာတွေ ထွန်းကားပါစေ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top