Healthy Life Ad
Life Style

ရင်သားကင်ဆာအဆင့်(၂) ကုသအောင်မြင်တာ ငါးနှစ်ရှိပြီဆိုတဲ့ ဒေါ်စောမြင့်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

၂၀၁၂ ဇူလိုင်လတွင် တရားရိပ်သာ၌ ဝိပဿနာတရားအားထုတ်နေစဉ် ကျိုက္ခမီမြို့နေ ဒေါ်စောမြင့်၏ ဘယ်ဘက်ရင်သားမှာ အပ်နှင့် ထိုးသကဲ့သို့ စူးရှသော နာကျင်မှုကို စတင်ခံစားခဲ့ရသည်။
“အန်တီ တရားထိုင်ရင်း ဘယ်ဘက်ရင်သားက အပ်နဲ့ ထိုးသလို စူးပြီးနာတယ်။ တစ်ပတ်လောက် တရားထိုင်ပြီး ရိပ်သာက ထွက်တာနဲ့ ၂၀၁၂ ရှစ်လပိုင်းမှာ ရန်ကုန်သွားပြီး ပါမောက္ခဒေါ်တင်တင်မာနဲ့ သွားပြပါတယ်။ ပြပြီး စစ်လိုက်တော့ အကျိတ်က သေးသေးလေးဖြစ်နေတယ်။ သေချာအောင် ရင်သားဓာတ်မှန် (Mammogram)ရိုက်ကြည့်ပါဆိုတာနဲ့ အဲဒီမှာပေါ်သွားတယ်”
ပါမောက္ခဒေါ်တင်တင်မာကပင် ဒေါ်စောမြင့်၏ ဘယ်ဘက်ရင်သားရှိ အကျိတ်ကို ခွဲစိတ်ထုတ်ပေးခဲ့ပြီး အသားစယူစစ်ဆေးလိုက်ရာ ကင်ဆာအဆင့် (၂)ဟု အဖြေထွက်ခဲ့သည်။

“ရှစ်လပိုင်း ၂၉ ရက်နေ့မှာ ကင်ဆာလို့ အဖြေသိတာနဲ့ အန်တီလည်း မိသားစုနဲ့တိုင်ပင်လိုက်တယ်။ မိသားစုက ကင်ဆာဆိုတာနဲ့စိုးရိမ်ကြတယ်လေ။ ဒါ နဲ့ ဘန်ကောက်ကိုသွားလိုက်ပါတယ်။ ဘန်ကောက်က ဘန်ရွမ်ဂရက်ဆေးရုံမှာ ဘယ်ဘက်ရင်သားကို ဖြတ်ထုတ်လိုက်ပါတယ်။ အဲဒီမှာ Her2 Positive ဖြစ်နေတော့ ကင်ဆာဆေးကို ခြောက်ကြိမ်သွင်းပြီး Herceoptin ၇ လုံးသွင်းရမယ်လို့ဆိုတယ်”ဟု ဒေါ်စောမြင့်က ဆိုသည်။

ထိုအချိန်တွင် ဒေါ်စောမြင့်က အသက်အရွယ် မှာ ၆၁ နှစ်ရှိနေပြီဖြစ်၍ ဆေးဒဏ်မခံနိုင်မည်စိုးသဖြင့် ခွဲစိတ်ဆရာဝန်ကြီးက မြန်မာနိုင်ငံသို့ပြန်ရန် ပြောကြားခဲ့သည်။
“အန်တီလည်း မပြန်သေးဘဲ ကင်ဆာအထူးကုဆရာဝန်ကြီး၊ ဓာတ်ရောင်ခြည်ကုဆရာဝန်ကြီး တွေနဲ့ပြန်တိုင်ပင်တယ်။ ဒါနဲ့ ဆေးဆက်သွင်းတယ်။ ပထမဆေးတစ်လုံးသွင်းတော့ အန်တီသတိလစ် သွားသေးတယ်။ ဆေးဒဏ်မခံနိုင်လို့လည်းပါတယ်။ ဒုတိယဆေးသွင်းတော့လည်း သတိလစ်သွားသေးတယ်။ ဒါပေမဲ့ အန်တီပြန်နေကောင်းလာတယ်။ ဆေးတတိယအလုံးကစပြီး အန်တီဘာမှမဖြစ်တော့ဘူး။ မြန်မာနိုင်ငံကိုပြန်ပြီး ကျန်တဲ့အကြိမ်တွေကို မြန်မာနိုင်ငံမှာပဲ ဆေးဆက်သွင်းပါတယ်”

ကင်ဆာဆေး ခြောက်ကြိမ်သွင်းပြီးချိန်တွင် ချိန်းဆိုချက်အတိုင်း ဘမ်ရွန်ဂရက်ဆေးရုံသို့ ပြန်သွားပြီး ဓာတ်ရောင်ခြည်ကုထုံးအကြိမ် ၃၀ကို တစ်လခွဲကြာခံယူခဲ့ကြောင်း သိရသည်။ တစ်ပြိုင်တည်း မှာပင် Herceptin ကို ၂၁ ရက်တစ်ကြိမ် ၁၇ လုံး သွင်းပေးခဲ့ကြောင်း သိရသည်။
“ပြီးသွားတော့ မြန်မာနိုင်ငံမှာပဲ သူတို့ပေးတဲ့ ဆေးတွေကို ဆက်သောက်ရသေးတယ်။ ခြောက်လတစ်ကြိမ် ရန်ကုန်မှာ စစ်ပြီး ဘမ်ရွန်ဂရက်ဆေးရုံကို အဖြေပို့ပေးနေရတယ်။ အကုန်လုံးဘာမှမဖြစ်ဘူး”

အသက် ၄၀ အရွယ်တွင် သားအိမ်အလုံးဖြစ်၍ သားအိမ်ထုတ်ထားဖူးသော ဒေါ်စောမြင့်အတွက် ကင်ဆာဆိုသည်မှာ အထူးတလည် ကြောက်စရာ မဖြစ်ခဲ့ပေ။

“ကင်ဆာလို့သိသိချင်းမှာလည်း အန်တီ ဘယ်လိုမှမခံစားရပါဘူး၊ စိတ်မလှုပ်ရှားဘူး။ အန်တီက ဘယ်လိုတွေးထားလဲဆိုတော့ ဘာပဲဖြစ်ဖြစ် ရင်ဆိုင်မယ်ဆိုပြီးဆုံးဖြတ်ထားတယ်။ အဲဒီတော့ ဆရာမကြီးတောင် အန်တီ့ကိုအံ့သြနေတယ်။”

“အန်တီက တရားကို အမြဲထိုင်တယ်။ အန်တီ့အမျိုးသားက အဖြေစာရွက်သွားယူပြီး ကားပေါ်တက်လာကတည်းက သူငြိမ်နေတာနဲ့ အန်တီသိလိုက်တယ်။ ဆရာဝန်တွေက အားပေးတယ်။ အန်တီ့ဆွေမျိုးတွေကလည်း ရန်ကုန်တက်လာပြီး အားပေးကြတယ်”

စိုက်ပျိုးရေးတက္ကသိုလ်မှ ဘွဲ့ရခဲ့ပြီး နောက်ပိုင်း ကျိုက္ခမီမှာပင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသည့် ဒေါ်စောမြင့်၏ ကင်ဆာကုသမှု ခရီးလမ်းတွင် သူ၏ခင်ပွန်းသည်နှင့် သမီးဖြစ်သူတို့က များစွာ အားပေးအထောက်အကူဖြစ်ခဲ့သည်။

“အန်တီ ဘန်ကောက်မှာ ဆေးသွားကုတော့ အမျိုးသားကိုယ်တိုင်လိုက်လာပြီး အားပေးတယ်။ ချက်ပြုတ်ဖို့အတွက် ညီမတစ်ယောက် လိုက်လာပေးတယ်။ အန်တီ့သမီးက မွေးထားတဲ့ ကလေးငယ်နေလို့ မလိုက်လာနိုင်ဘူး။ အဖေကအစ အစ်ကို မောင်တွေအားလုံး ဝိုင်းဝန်းအားပေးကြပါတယ်။ ဆွေမျိုးတွေအကုန်လုံးက အားပေးတော့ အားတက်ရပါတယ်။”
ဒေါ်စောမြင့်က မျိုးရိုးအရ ကင်ဆာဖြစ်သူများရှိသဖြင့် ကင်ဆာဖြစ်ရခြင်းဖြစ်နိုင်ကြောင်း သူ၏ ထင်မြင်ချက်ကို ပြောပြခဲ့သည်။

“တစ်ဝမ်းကွဲအဒေါ်က ရင်သားကင်ဆာဖြစ်ခဲ့ဖူးတယ်။ အစ်မတစ်ဝမ်းကွဲက သားအိမ်ကင်ဆာ ဖြစ်ခဲ့ဖူးတယ်။ အစ်မဝမ်းကွဲတစ်ယောက်ကလည်း အူကင်ဆာဖြစ်ခဲ့ဖူးတယ်။ အန်တီ့မှာ အစ်ကို၊ အစ်မ တွေရှိပေမယ့် သူတို့မှာတော့ ကင်ဆာမဖြစ်ပါဘူး။ အန်တီတစ်ယောက်တည်းပဲ စဖြစ်တာပါ။ တခြားတော့ အန်တီဘာကြောင့် ကင်ဆာဖြစ်သလဲဆိုတာ မပြောတတ်ပါဘူး။
အန်တီကျောင်းတက်တုန်းက ညာဘက်ရင်သားမှာ အကျိတ်တွေ့လို့ ခွဲထုတ်ဖူးတယ်။ အဲဒါ လည်း ကင်ဆာမဟုတ်ပါဘူး။ ၉၀ ခုနစ်လောက်တုန်းက ဘယ်ဘက်ရင်သားမှာ အကျိတ်တွေ့လို့ ထုတ်ဖူးတယ်။ အဲဒါလည်း ကင်ဆာမဟုတ်ဘူး။ နောက်တော့ အသက် ၄၀ မှာ သားအိမ်အလုံးဖြစ်လို့ ခွဲထုတ်ဖူးတယ်။ အဲဒါလည်း ကင်ဆာ မဟုတ်ပါဘူး။ အကျိတ်တွေကဖြစ်တော့ဖြစ်နေတယ်။ အခုတစ်ခါ မှပဲကင်ဆာဖြစ်နေတာပါပဲ”ဟု ဒေါ်စောမြင့်က ပြောပြခဲ့သည်။

ကင်ဆာဆေးသွင်းကုသစဉ်နှင့် ဓာတ်ရောင်ခြည်ကုထုံးခံယူစဉ် နေထိုင်စားသောက်မှုပုံစံတို့ကိုမူ ဒေါ်စောမြင့်က ယခုလို မျှဝေထားသည်။
“ဘန်ကောက်မှာ ကင်ဆာကုတဲ့သူတွေ စုပြီး တိုက်ခန်းငှားနေကြတာဆိုတော့တစ်ယောက်နဲ့ တစ်ယောက် အသိချင်း ဖလှယ်ကြတယ်။ အန်တီဆိုရင် မနက်အိပ်ရာက နိုးတာနဲ့ ကြက်ဥအကာချည်းပဲ ခြောက်လုံးကို ရေနွေးငွေ့နဲ့ ပေါင်းပြီး ပျော့ပျော့လေးသောက်ရတယ်။ ပြီးတော့ Ensure သောက်ရတယ်။ ဟင်းအနံ့တွေမခံနိုင်ဘူး။ ဒါနဲ့ ပန်းသီးတစ်လုံး၊ မုန်လာဥနီနှစ်လုံးကို ရောကြိတ်ပြီး ထွက်လာတဲ့ အရည် တစ်ဖန်ခွက်ကို နေ့တိုင်း သောက်ပါတယ်။ အဲဒါကို အခုထိကို သောက်နေပါတယ်။

အခုနောက်ပိုင်းကျတော့ ခြေလေးချောင်းသား အကုန်ရှောင်တယ်။ ကြက်သားဆိုရင် တစ်ခါတလေ မှ ရင်ပုံသားလောက်ပဲ စားတယ်၊ ကြက်စွပ်ပြုတ်ဆို အရည်ပဲ သောက်တယ်။ ဟင်းသီးဟင်းရွက်ကို များများစားပေးပါတယ်။ ငါးပိ၊ ငါးခြောက်တွေလို အခြောက်အခြမ်းစာတွေကို မစားတော့ဘူး။ အရိုးကျန်းမာအောင် နို့ကို မနက်တစ်ခွက်၊ ညတစ်ခွက်မှန်မှန် သောက်ပေးပါတယ်။ ညတစ်ရေးနိုးမှာ ငှက်သိုက် အစစ်ကို ပေါင်းပြီး ရတဲ့အရည်ကိုသောက်ပါတယ်”ဟု ဒေါ်စောမြင့်က ပြောပြခဲ့သည်။

ကင်ဆာကုသအောင်မြင်ရခြင်းမှာ တရားအားထုတ်ခြင်း၏ အကျိုးကျေးဇူးက အခရာကျကြောင်း ဒေါ်စောမြင့်က ဆိုသည်။
“တရားအားထုတ်လို့သာ ရောဂါကို စောစောစီးစီးသိခဲ့တာပါ။ အဆင့် (၂) မှာ သိတာဆိုတော့ ဒီလိုစောစောသိတာက တရားအားထုတ်ရင်း စူးခနဲ ဖြစ်သွားလို့ပါ။ အကျိတ်ကလည်း ပုံမှန်မသိသာဘူး။ နို့သီးခေါင်းအောက်က အနက်ဆုံးနေရာမှာ ရှိနေပြီး ဘယ်လိုမှ မသိနိုင်တဲ့ နေရာပါ။ တရားထိုင်ရင်း သမာဓိအားကောင်းလာတဲ့အချိန်မှာ အပ်နဲ့ ထိုးသလို စူးရှနေတာ။ ဒါက တရားရဲ့ ကျေးဇူးပါပဲ။

အန်တီ ဆေးကုကတည်းက တစ်ခုခု ဖြစ်သွားနိုင်တယ်ဆိုတာကို သိထားတယ်။ အဲဒီတော့ ဆေးသွင်းရင်း သတိလစ်သွားတော့လည်း ကြောက်စိတ် မဖြစ်ဘူး။ ပြန်သတိရလာတော့လည်း အေးဆေးပဲ။ အဲဒီလို ကြောက်စိတ်မရှိဘဲ ရင်ဆိုင်နိုင်တာကလည်း တရားရဲ့ ကျေးဇူးပါပဲ”

ယခုအခါ အသက် ၆၆ နှစ်ရှိပြီး ကင်ဆာကုသ အောင်မြင်ထားသည်မှာ ငါးနှစ်ကျော်ရှိပြီဖြစ်သည့် ဒေါ်စောမြင့်က ကင်ဆာဖြစ်နေသူများ၊ ကင်ဆာအတွက် ဆေးကုသမှု ခံယူနေရသူများအား သူ၏ အတွေ့အကြုံမှတစ်ဆင့် အားပေးစကားများ ပြောကြားလိုက်ပါသည်။

“လောကမှာ ဖြစ်လာသမျှ ရင်ဆိုင်ရမယ်ဆိုတဲ့ စိတ်ကို မွေးဖို့ အားပေးချင်ပါတယ်။ တရားထိုင်ဖို့နဲ့ အရာရာကို တရားနှလုံးသွင်းပြီး အကြောက်မလွန်ဖို့ ပြောချင်ပါတယ်။ ကင်ဆာဖြစ်လာရင်လည်း တတ်ကျွမ်းနားလည်သူတွေနဲ့ ကုသမှုကို ပြီးဆုံးအောင် ခံယူကြဖို့လည်း အကြံပေးချင်ပါတယ်”

(မှတ်ချက်။ ။ ဓာတ်ပုံများကို အန်တီဒေါ်စောမြင့်၏ ခွင့်ပြုချက်ဖြင့် ဖော်ပြခြင်း ဖြစ်ပါသည်။ အယ်ဒီတာ)
_ _ _

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top