Healthy Life Ad
Life Style

ခြေမဘုထွက်ခြင်း (Bunion)

ပါမောက္ခဦးနေဝင်း(အရိုးခွဲစိတ်ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး ။ ခြေမဘုထွက်ခြင်းအကြောင်း သိပါရစေ ဆရာ။
ဖြေ ။ အရပ်ထဲမှာတော့ Bunion လို့ခေါ်ပါတယ်။ ဆေးပညာအရတော့ Halus valgus လို့ခေါ်ပါတယ်။ ဒီရောဂါက အများအားဖြင့် ရှူးဖိနပ်စီးတဲ့လူတွေ၊ နိုင်ငံတွေမှာ အဓိကဖြစ်တတ်ပါတယ်။ ရှူးဖိနပ်မစီးတဲ့နိုင်ငံတွေမှာ အဖြစ်နည်းပါတယ်။ ဆရာတို့နိုင်ငံတွေမှာဆိုရင် အဖြစ်နည်းပါတယ်။

မေး ။ ခြေမဘုထွက်တဲ့အခါ ဘယ်လို ရောဂါလက္ခဏာတွေကို တွေ့ရတတ်ပါသလဲ ဆရာ။
ဖြေ ။ အဲဒီရောဂါဖြစ်ပြီဆိုရင် ခြေမက ခြေညှိုးဘက်ကို စောင်းပြီးတော့ ခွင်သွားတာ ဖြစ်ပါတယ်။ တစ်ခါတလေ သိပ်ဆိုးသွားရင် ခြေညှိုးအောက် ရောက်သွားတာ၊ ထပ်သွားတာတွေ ဖြစ်သွားပါတယ်။ သိပ်စောင်းသွားရင် ခြေမရင်းနေရာက ဘုကြီးဖြစ်လာပါတယ်။ ခြေမအရင်းကအဆစ်နေရာမှာ ထွက်လာတာဖြစ်ပါတယ်။ ပြီးရင် ခြေမအရင်းက ငေါထွက်လာပါတယ်။ ငေါထွက်လာတော့ အရိုးကလည်း ငေါထွက်လာတယ်။ တစ်ခါတလေမှာ ငေါလာတဲ့ အရိုးအပေါ် ဖိနပ်စီးအားက သွားဖိမိတဲ့အခါ အရည်ကြည်အိတ် (Bursor)တွေ ဖြစ်လာပါတယ်။ အရိုး ငေါလာတာကြောင့် ဒီလို ရောဂါဖြစ်လာရပြီးတော့ များသောအားဖြင့်တော့ ရှူးဖိနပ်အစီးများတဲ့အတွက် အရိုးငေါလာရတာဖြစ်ပါတယ်။ ဖိအားတွေကလည်း အရေပြားပေါ်မှာများလာတဲ့အတွက် အရေပြားတွေ နီလာတယ်၊ ရောင်လာတယ်၊ အရည်ကြည်အိတ်ကလည်းပိုးဝင်တာတွေဖြစ်တတ်ပါတယ်။ အဲဒီလို ပိုးဝင်တဲ့အခါမှာတော့ ပိုပြီးဆိုးသွားစေနိုင်ပါတယ်။ အထိမခံနိုင်တော့တာ၊ အရမ်းနာကျင်တာတွေဖြစ်လာပြီး လမ်းလျှောက်ရခက်မယ်၊ ဖိနပ်မစီးနိုင်တာတွေဖြစ်လာပါတယ်။

မေး ။ ခြေမဘုထွက်ရတဲ့ အကြောင်းရင်းကို သိပါရစေ ဆရာ။
ဖြေ ။ ခြေထောက်က ပုံပျက်လာတယ်၊ နောက်ပြီးတော့ နာလာတယ်၊ လမ်းလျှောက်လို့မရတော့ဘူး..စသဖြင့် ဖြစ်လာပါတယ်။ ဒီရောဂါက မျိုးရိုးဗီဇကြောင့်လည်း ဖြစ်တတ်တယ်လို့လည်း ယူဆကြပါတယ်။ အဲဒါက လည်းဟုတ်ပါတယ်။ ဆရာတို့တိုင်းပြည်မှာဆိုရင် တချို့လူတွေက ရှူးဖိနပ်မစီးဘဲနဲ့ ခြေညှပ်ဖိနပ်ပဲ စီးနေပေမယ့်လည်း ဖြစ်တတ်တာတွေရှိပါတယ်။ အဖေ၊ အမေမှာဒီရောဂါရှိရင် သားသမီးတွေမှာဖြစ်ဖို့ အခွင့်အလမ်းများပါတယ်။ ရှူးဖိနပ်စီးတိုင်းလည်း ဖြစ်တာ မဟုတ်ပါဘူး။ မျိုးရိုးကလည်း ရှိနေခဲ့ရင်တော့ ဒီရောဂါဖြစ်နိုင်ခြေရှိပါတယ်။ ဒီရောဂါဖြစ်တဲ့သူ ၉၀ ရာခိုင် နှုန်းက အမျိုးသမီးတွေမှာဖြစ်တတ်ပါတယ်။ ဒီရောဂါဖြစ်လာတဲ့အခါမှာ အဆစ်က ခိုင်ခံ့မှုမရှိတော့ပါဘူး။ အရွတ်တွေကလည်း ခိုင်ခံ့မှုမရှိတော့ပါဘူး။ အရွတ်တွေ လျော့ရဲလာနိုင်ပါတယ်။

မျိုးရိုးဗီဇ ရှိနေပေမယ့်လည်း ဒီရောဂါက ဖြစ်ချင်မှသာဖြစ်တတ်တာပါ။ ဒါပေမဲ့ ထိပ်ချွန်တဲ့ ရှူးဖိနပ်တွေ၊ ဒေါက်ဖိနပ်တွေ စီးတာများရင်တော့ ရောဂါကိုဖြစ်စေနိုင်သလို ဆိုးဝါးသွားစေနိုင်တဲ့အကြောင်းရင်းပဲဖြစ်ပါတယ်။ တခြားရောဂါတွေဖြစ်တဲ့ ဒူးအဆစ်ရောင်ရောဂါ၊ ဂေါက်အဆစ်ရောင်ရောဂါတွေရှိသူနဲ့ ခြေထောက်ပြားတဲ့သူတွေမှာ ဒီရောဂါဖြစ်ဖို့ အလားအလာပိုများပါတယ်။ ဖြစ်ရင်လည်း ပိုဆိုးတတ်ပါတယ်။

မေး ။ ခြေမဘုထွက်ရင် ဘယ်လိုရောဂါရှာဖွေရပါသလဲ ဆရာ။
ဖြေ ။ ခြေထောက်က အဲဒီလိုဖြစ်နေရင် ဓာတ်မှန် ရိုက်ကြည့်ရပါတယ်။ အရိုးငေါနေတာတွေကို ပိုတွေ့စေနိုင်ပါတယ်။ တခါတလေကြရင် အဆစ်ရောင်ရောဂါတွေဖြစ်နေတာရှိခဲ့ရင်လည်း တွေ့နိုင်ပါတယ်။

မေး ။ ခြေမဘုထွက်တဲ့ အခြေအနေမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ ဆရာ။
ဖြေ ။ ဒီရောဂါကိုကာကွယ်ဖို့က ထိပ်ပိုင်းကျပ်တဲ့ ဒေါက်ဖိနပ်တွေနဲ့ ရှူးဖိနပ်တွေကို မရွေးပါနဲ့။ ခြေချောင်းတွေ ချောင်ချောင်ချိချိဖြစ်တာကိုဝယ်ပါ။ နောက်ပြီး

ဖိနပ်ဝယ်ရင်လည်း ညနေပိုင်း အချိန်မှာသွားဝယ်ပါ။ ညနေပိုင်းမှာ ခြေထောက်က အနည်းငယ်ပိုကြီးနေတတ်တဲ့အတွက် အဲဒီအချိန်မှာ အနေတော်အရွယ်က စီးဖို့အဆင်ပြေဆုံးပါ။ တချို့ခြေထောက်တွေက နှစ်ဖက်အရွယ်မညီတာတွေရှိပါတယ်။ အဲဒီအခါ ကြီးတဲ့ခြေထောက်နဲ့တော်တာကိုပဲ ရွေးသင့်ပါတယ်။ ဖိနပ်ကိုနှစ်ဖက်စလုံးစီးကြည့်ပြီး လမ်းနည်းနည်း အရင်လျှောက်ကြည့်သင့်ပါတယ်။

ခြေထောက်တွေ ကျပ်နေလား၊ အဆင်ပြေရဲ့လားဆိုတာ သေချာကြည့်သင့်ပါတယ်။ ခြေထောက်ပြားတဲ့သူဆိုရင် ဖိနပ်ကို အထဲက အခုံးလေးတွေပါတဲ့ ဖိနပ်လေးတွေပါတာကို ရွေးသင့်ပါတယ်။ ဖိနပ်ထဲမှာခံတဲ့အခံလေးတွေက အမျိုးမျိုးရှိပါတယ်။ အဲဒါလေးတွေ သုံးပေးသင့်ပါတယ်။ ခြေထောက်က ဘုဖြစ်ချင်သလို ဖြစ်လာရင် ဖိနပ်နဲ့ အဲ့ဒီ ဘုကြီးကြားမှာ အခံလေးတွေ ခံပေးထားသင့်ပါတယ်။

မေး ။ ခြေမဘုဖြစ်လာရင် ဘယ်လိုကုသမှုပေးရပါသလဲ ဆရာ။
ဖြေ ။ ကုသမှုအနေနဲ့ ဒီရောဂါဖြစ်ရင် ဒီဘုတွေကို ငေါနေတဲ့နေရာမှာ Padding လေးတွေပေးတယ်။ ရှူးဖိနပ်စီးတဲ့အခါမှာ ခြေမအောက်နဲ့ဘေးမှာခံပေးတယ်။ ဖိနပ်ကိုပြောင်းလဲစီးခိုင်းပါတယ်။ အနာသက်သာစေမယ့် သောက်ဆေးတွေ ပေးရပါတယ်။ အရမ်းနာရင် ဆေးထိုးပေးတာမျိုး လုပ်ပေးလို့ရပါတယ်။ သက်သာရာ သက်သာကြောင်းလုပ်ပေးရပါတယ်။ ဒီလိုလုပ်လို့ မှ မသက်သာဘူးဆိုရင် ခွဲစိတ်ကုသမှု ပေးရပါတယ်။ ခွဲစိတ်ကုသတဲ့အပိုင်းအနေနဲ့ အရည်ကြည်အိတ်ရှိရင် အရည်ကြည်အိတ်ကို ခွဲထုတ်ပစ်ရပါတယ်။ ခြေမ ပုံပျက်နေတာကိုလည်း ပြန်တည့်အောင် အရိုးတွေကို အမျိုးမျိုးကုသပေးရပါတယ်။ ဖြတ်သင့်တဲ့ အရိုးကိုဖြတ်၊ တည့်ရမယ့်အရိုးကိုတည့်ရပါတယ်။ ခွဲစိတ်မှုကအမျိုးမျိုးဖြစ်နိုင်ပါတယ်။ အဆစ်ထိခိုက်မှု၊ အရိုးထိခိုက်မှုတွေပေါ်မူတည်ပြီး ခွဲစိတ်ပေးရမှာဖြစ်ပါတယ်။ ဒီရောဂါကို ခွဲစိတ်မှုက လူနာအခြေအနေ၊ အလုပ်အကိုင်၊ ကျန်းမာရေးအခြေအနေ၊ အသက်အရွယ်၊ ခွဲစိတ်ကုသပေးတဲ့ ဆရာဝန်ရဲ့ အားသာမှု စတာတွေအပေါ်မှာ မူတည်ပြီးတော့ ခွဲစိတ်မှုတွေ လုပ်ပေးပါတယ်။ ခွဲစိတ်ပြီဆိုရင် ခြေထောက်ကို ခြောက်ပတ်လောက် မလှုပ်ရှားစေဖို့ ကျောက်ပတ်တီးစည်းထားသင့်ရင် စည်းပေးထားရပါတယ်။ ခွဲစိတ်ထားတာတွေ ပုံမှန်ဖြစ်အောင် စောင့်ရတဲ့အချိန်ကတော့ကြာနိုင်ပါတယ်။ တစ်ခါခွဲစိတ်ပြီးရင်တော့ ပြန်ဖြစ်နိုင်ဖို့ကတော့ နည်းသွားပါတယ်။ ဒါပေမဲ့ ခုနကပြောခဲ့တဲ့ ရှူးဖိနပ်တွေ၊ ခြေချောင်းနေရာ အရမ်းကျပ်တဲ့ ဖိနပ်တွေတော့ လုံးဝမစီးသင့်တော့ပါဘူး။ ခြေထောက်တစ်ဖက်တည်းမှာ ဖြစ်တတ်သလို ခြေထောက်နှစ်ဖက်လုံးမှာလည်း ဖြစ်တတ်ပါတယ်။ နှစ်ဖက်စလုံးမှာဖြစ်တယ်ဆိုရင်တော့ ကုသရတာလည်း ပိုခက်ပါတယ်။ အခြေအနေလည်း ပိုဆိုးနိုင်ပါတယ်။ ခွဲပြီးရင် လမ်းမလျှောက်နိုင်တဲ့အခြေအနေတွေကို လူနာအနေနဲ့ ဘယ်လိုရင်ဆိုင်မလဲပေါ်မူတည်ပြီး နှစ်ဖက်ပြိုင်ခွဲမလား၊ တစ်ဖက်ပြီးမှ တစ်ဖက်ခွဲမလားဆိုတာ ဆုံးဖြတ်ပါတယ်။

မေး ။ ခြေမဘုထွက်တာနဲ့ ပတ်သက်ပြီး ဆရာ့အတွေ့အကြုံလေးတွေကို မျှဝေပေးပါလား ဆရာ။
ဖြေ ။ အမျိုးသမီးတွေ ဒီလိုဖြစ်တာ ဆရာ တွေ့ဖူးပါတယ်။ ဒါပေမဲ့ ဖြစ်တာနည်းပါတယ်။ ပြီးတော့ ခွဲစိတ် ရလောက်အောင် ဆိုးဝါးတာတော့ မရှိပါဘူး။ အမျိုးသမီးတွေစီးတဲ့ ရှူးဖိနပ် ထိပ်ပိုင်းက ပိုကျပ်တတ်တာကြောင့် ပိုအဖြစ်များတာဖြစ်ပါတယ်။ ရှူးဖိနပ်မှာ ဒေါက်ပါတာကို စီးကြတဲ့အတွက် ဖိအားက ခြေချောင်းတွေအပေါ်မှာ များသွားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top