Healthy Life Ad
Life Style

အဖြစ်များသော ခါးကုန်းခြင်း

ပါမောက္ခဦးနေဝင်း အရိုးခွဲစိတ်ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး။ ။ ခါးကုန်းရတဲ့ အကြောင်းရင်းကို သိပါစေ ဆရာ။
ဖြေ။ ။ ခါးကုန်းတာက ခါးနာသလို လက္ခဏာတစ်ခုပါပဲ။ ခါးကုန်းရတဲ့ အကြောင်းရင်းတွေ အများကြီး ရှိပါ တယ်။ ခါးကုန်းတာက အများအားဖြင့် အသက်ကြီးတဲ့ သူတွေမှာ တွေ့နေရတာ များပါတယ်။ အဘွားကြီး တွေမှာ ပိုတွေ့ရလေ့ရှိပါတယ်။ သူတို့တွေ ခါးကုန်းရတဲ့ အကြောင်းရင်းက အရိုးပါးရောဂါကြောင့် ခါးအရိုးတွေ ပြားလာတယ်။ ဒါက အတွေ့ရအများဆုံး ဖြစ်တယ်။

နောက်တစ်ခုက ခါးမကျိုးရင်တောင် ခါးအရိုးတွေ၊ အဆစ်တွေက အချိန်နဲ့အမျှ ပင်ပင်ပန်းပန်း သုံးရတဲ့အတွက်ကြောင့် ယိုယွင်းပျက်စီးမှုတွေ (Dege-nerative Changes) ရှိလာတယ်။ ဒီ အကြောင်းရင်းကြောင့်လည်း ခါးက ကုန်းလာတတ်ပါတယ်။ နောက်တစ်ခု ခါးကုန်းရတဲ့အကြောင်းရင်းကတော့ ခါးရိုးတီဘီ (Potts Spine) ဖစ်ရင် ခါးရိုး ကြီးစားသွားပြီး ခါးကုန်းတာများပါတယ်။ ဒါကိုလည်း တွေ့ရတတ်ပါတယ်။

မေး။ ။ ခါးကုန်းရတဲ့ တခြားအကြောင်းရင်းတွေလည်း သိပါရစေ ဆရာ။
ဖြေ။ ။ တခြားအကြောင်းတွေက အနေအထိုင်ပုံမမှန်လို့၊ တချို့ကလည်းတည့်တည့်မတ်မတ်နေရမှန်း မသိလို့ ခါးကုန်းပြီးနေရာက ခါးက ကိုင်းသွားတတ်ပါတယ်။ အထူးသဖြင့် မိန်းကလေးတွေ လက်ပြင်ကုန်းပြီး နေ ရာက ခါးကိုင်းသွားပါတယ်။ ဒါက အနေအထိုင်မမှန်လို့ ဖြစ်တာပါ။ နောက်တစ်ခုက အသက် ၁၂ နှစ်နဲ့ ၁၅ နှစ်ကြားမှာ စဖြစ်လေ့ရှိပါတယ်။ Sheuer-mann’s Disease ဆိုတဲ့ ရောဂါတစ်ခုဖြစ် ရင်လည်း ခါးရိုးအဆစ်မှာ ပြောင်းလဲချက်တွေကြောင့် ခါးကုန်းတတ်ပါတယ်။

မေး။ ။ ကလေးတွေမှာရော ခါးကုန်းတတ်ပါသလား ဆရာ။
ဖြေ။ ။ ကလေးတွေမှာတော့ မွေးရာပါရောဂါကြောင့် ကျောရိုးအလယ် (Dorsal Spine) မှာ ခါးကုန်းတာ ဖြစ်ပါတယ်။ မွေးရာပါ ခါးကွေးတာ (Primary Curvature) နဲ့ ကြီးလာမှဖြစ်တာ(Secondary Curvature) ဆိုပြီး နှစ်မျိုးရှိတယ်။ ခါးကုန်းတာက အဓိက, ကတော့ မွေးရာပါကုန်းတာကနေ ထပ်ဖြစ်တော့ ခါးကုန်းသွားတာ ဖြစ်ပါတယ်။ ခါးရိုးတွေက တစ်ခုနဲ့တစ်ခုဆက်သွားတာ၊ ခါးရိုးဆစ်တွေ ပုံမမှန်တာ စတဲ့မွေးရာပါ ပုံမှန်မဟုတ်တဲ့ အခြေအနေတွေ ကြောင့်လည်း ခါးက ကုန်းတတ်ပါတယ်။

နောက်တစ်ခုက အာဟာရချို့တဲ့လို့ဖြစ်တာပါ။ အထူးသဖြင့် ဗီတာမင်ဒီချို့တဲ့တဲ့သူတွေမှာ အဖြစ်များပါတယ်။ နောက်တစ်မျိုးခါးကုန်းရတဲ့ အကြောင်းရင်းကတော့ ထိမိခိုက်မိလို့ ခါးအရိုးကျိုးတယ်၊ အ ဆစ်ပြုတ်တယ်ဆိုရင်လည်းဖြစ်တတ်ပါတယ်။ နောက်တစ်မျိုးက ကြွက်သားရောဂါတွေနဲ့ အာရုံကြောရောဂါတွေ (Neuromuscular Diseases) ၊ Cerebral Palsy ၊ Muscular Dystrophy စတဲ့ ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ကင်ဆာအသေးစား၊ ကျောရိုးအကျိတ် စတာတွေကြောင့်လည်း ခါးကုန်းတတ်ပါတယ်။ ပိုလီယိုရောဂါကြောင့်လည်း ခါးကုန်းတတ်ပါတယ်။

မေး။ ။ ခါးကုန်းလာရင် ဘာပြဿနာတွေ ဖြစ်နိုင်ပါသလဲ ဆရာ။
ဖြေ။ ။ ခါးကုန်းလာရင် ကျောတွေ၊ ခါးတွေ နာလာပါတယ်။ ဆိုးဆိုးဝါးဝါးခါးကိုင်းလာရင် နှလုံးကို ထိခိုက်ပြီး နှလုံးရောဂါတွေ ဖြစ်နိုင်ပါတယ်။ အဆုတ်ရဲ့ လုပ်ငန်းတွေ ထိခိုက်တယ်။ ဗိုက်ထဲက အင်္ဂါအစိတ်အပိုင်းတွေကို ထိခိုက်လာနိုင်ပါတယ်။ ခါးတအားကုန်းနေရင် အာရုံကြောတွေလည်း ထိခိုက်တတ်ပါတယ်။

မေး။ ။ လူနာအနေနဲ့ ဘယ်လို လက္ခဏာတွေ ခံစားရတာကြောင့် လာပြလေ့ရှိပါသလဲ ဆရာ။
ဖြေ။ ။ လူနာအနေနဲ့ ခါးကုန်းလာရင် အသက်ရှူရတာ သိပ်မကောင်းဘူး။ အသက်ရှူရတာ သိပ်ခက်ခဲလာ တယ်။ ခါးနာတယ်။ မောပန်းတယ်၊ အားမရှိဘူး။ ခါးက ကုန်းနေတော့ အနေအထိုင်ပုံမမှန်လို့ ကြည့်လို့ မကောင်းဘူးလို့လည်း ဆရာတို့ကို ပြောတတ်ပါတယ်။ ခါးက ခိုင်နေတတ်ပါတယ်။ အနေအထိုင်မမှန် တာကြောင့် ခါးကိုင်းတာက မိန်းကလေးတွေမှာ ဖြစ်တာ များပါတယ်။

ဆရာဝန်တွေဆီ ရောက်လာရင် စစ်ဆေးမှုတွေ လုပ်ပေးရပါတယ်။ ခါးက ဘာကြောင့်ကိုင်းရတာလဲ ဆိုတဲ့ အကြောင်းရင်းကို သိနိုင်ဖို့ ဓာတ်မှန် (X-ray) ရိုက်ရပါတယ်။ ဒါဆိုရင် ဘာရောဂါကြောင့် ဖြစ်တာလဲဆိုတာ မှန်းလို့ရသွားပါတယ်။ ဒါမှ မသေချာသေး ဘူးဆိုရင် CT Scan တွေ ရိုက်လို့ရပါတယ်။ ပြီး တော့ MRIရိုက်လို့ရပါတယ်။ MRI ရိုက်ရင် အကျိတ်ကြောင့်ဖြစ်တာ၊ ပိုးဝင်လို့ ဖြစ်တာတို့ကို ပိုတွေ့နိုင်ပါတယ်။

မေး။ ။ ခါးကုန်းတာကို ဘယ်လိုကုသသင့်ပါသလဲဆရာ။
ဖြေ။ ။ ကုသမှုအနေနဲ့ကတော့ ဖြစ်ရတဲ့ အကြောင်းရင်းပေါ် မူတည်ပြီး လိုအပ်သလို ကုသသွားရမှာ ဖြစ်ပါ တယ်။ အနေအထိုင် ပုံမမှန်လို့ ဖြစ်တဲ့ ခါးကုန်းတာမျိုးကျတော့ အနေအထိုင် ပုံမှန်နေတတ်အောင် သင်ပေးရမယ်။ ကျောလေ့ကျင့်ခန်းနဲ့ ဗိုက်လေ့ကျင့်ခန်းတွေ သင်ပေးရတယ်။ အိပ်ရင်လည်း ခပ်တင်းတင်း အိပ်ရာနဲ့အိပ်ခိုင်းရတယ်။ ဒီလိုနည်းတွေ လိုက်နာပြီး အနေအထိုင် ပုံမှန်နေလိုက်ရင် ကောင်းသွား တာများပါတယ်။

တချို့ Sheuermann’s Disease ဆိုရင်လည်း ဘယ်လောက်ဆိုးသလဲ ဆိုတဲ့အဆင့်ပေါ် မူတည်ပြီး လည်ပင်း၊ ကျောနဲ့ ခါးတွေ တည့်အောင်လုပ်နိုင်တဲ့ Bracesအကာတွေ တပ်ပေးလို့ရပါတယ်။ ပြီးတော့ Physiotherapy ဆိုတဲ့ ကာယလေ့ကျင့်ခန်းတွေ သင် ပေးရပါတယ်။ ဒီအကာတွေကို ၂၄ နာရီ အမြဲတပ် ထားရပြီး တစ်နှစ်လောက်တပ်ထားရတော့ တချို့လူ နာတွေက မခံနိုင်ကြဘူး။ ခါးကိုင်းတဲ့သူက အသက် နည်းနည်း ကြီးလာပြီ၊ ဆိုးလည်း ဆိုးတယ်ဆိုရင် ခွဲစိတ်မှုတွေလုပ်ပေးလို့ရပါတယ်။

ခွဲစိတ်ကုသမှုက အတော်ဆိုးတဲ့ အခြေအနေကိုပဲလုပ်တာပါ။ အာရုံကြော ထိခိုက်နိုင်တယ်၊ ထည့်ထားတဲ့ ပစ္စည်းတွေ ပြုတ်ထွက်လို့ နောက်တစ်ခါ ပြန်ပြင်ဖို့လိုတယ် အစရှိတဲ့ကိစ္စတွေမှာ လုပ်သင့်ရင်လုပ်ရပါမယ်။ ခွဲစိတ် ကုသတယ်ဆိုတာ တစ်ခါတလေ သွေးထွက်များတာ၊ ပိုးဝင်တာ၊ အာရုံကြောထိခိုက်တာ စတဲ့အခြေအနေ တွေဖြစ်တတ်လို့ လိုအပ်မှပဲလုပ်သင့်ပါတယ်။

ဆရာတို့ဆီမှာ အမြဲလိုလိုအတွေ့ရများတဲ့ အရိုးပါးရောဂါကြောင့် ခါးကုန်းတယ်ဆိုရင်တော့ ကာကွယ်မှုကအဓိကပါပဲ။ အရိုးပါးရောဂါကို ကာကွယ်တဲ့အနေနဲ့ ကယ်လ် စီယမ်နဲ့ ဗီတာမင်ဒီတွေ မှီဝဲရမယ်။ တခြားကာကွယ်တဲ့ Sodium Aladronate ဆိုတဲ့ ဆေးတွေ မှီဝဲသင့်တယ်။ ပြီးတော့ အနေအထိုင် ဆင်ခြင်ပြီးတော့ ခါးမကုန်းအောင် ကုန်းကုန်းကွကွနဲ့ အလုပ်မလုပ်သင့်ပါဘူး။ နောက်တစ်ခုက အလေးအပင် မ,မသင့်ဘူး။

မေး။ ။ ခါးမကုန်းအောင် ဘယ်လိုကာကွယ်နိုင်ပါသလဲ ဆရာ။
ဖြေ။ ။ ဆရာတို့ဆီမှာ အမြဲလိုလို အတွေ့ရများတဲ့ အရိုးပါးရောဂါကြောင့်ခါးကုန်းတယ်ဆိုရင်တော့ ကာကွယ် မှုကအဓိကပါပဲ။ အရိုးပါးရောဂါကို ကာကွယ်တဲ့ အနေနဲ့ ကယ်လ်စီယမ်နဲ့ ဗီတာမင်ဒီတွေ မှီဝဲရမယ်။ တခြားကာကွယ်တဲ့ Sodium Aladronate ဆိုတဲ့ ဆေးတွေမှီဝဲသင့်တယ်။ ပြီးတော့ အနေအထိုင် ဆင် ခြင်ပြီးတော့ ခါးမကုန်းအောင်ကုန်းကုန်းကွကွနဲ့အလုပ်မလုပ်သင့်ပါဘူး။ နောက်တစ်ခုက အလေးအပင် မ,မသင့်ဘူး။

တီဘီရောဂါရှိရင်လည်း အရိုးကို မစားခင် စောစောစီးစီး ရောဂါတွေ့ရှိ ကုသလို့ရအောင် စစ်ဆေးပါ၊ ကုသပါလို့ ပြောချင်ပါတယ်။ တခြားရောဂါမှာလည်း သင့်တော်တဲ့ ကုသမှုတွေကို ခံယူရပါမယ်။ ဥပမာ မွေးရာပါ အရိုးပုံမှန်မဖြစ်တဲ့အခြေအနေဆိုရင်လည်း စောစောစီးစီး ကုသသင့်ပါတယ်။ နောက်ကျသွားရင် ခက်ခဲသွားနိုင်လို့ပါ။

မေး။ ။ အရိုးပါးတာကြောင့် ခါးကုန်းပြီးသူတွေမှာ ခါးပြန်မတ်အောင် ဘယ်လို လုပ်ဆောင်နိုင်ပါသလဲ ဆရာ။
ဖြေ။ ။ အရိုးပါးရောဂါကြောင့် အရိုးတွေက ပြားသွားတဲ့ အခြေအနေမှာ ကျိုးသွားတဲ့အရိုးကို ပြန်မတ်သွား အောင် ပစ္စည်းထည့်၊ ပြီးတော့ Bone Cement ထည့်ပြီး ဆန့်လိုက်လို့ရပါတယ်။ ဒီနည်းလမ်းတွေကို ဆရာတို့ဆီမှာ သိပ်မလုပ်သေးပါဘူး။ ဈေးကြီးလို့ပါ။ ပစ္စည်းတွေကရှားပါတယ်။ ဒီနည်းလမ်းကို လုပ်တာကြောင့် ခါးကဆန့်သွားပြီးကြည့်ရတာ ပိုကောင်းလာတယ်။ ခါးနာတာ၊ ကျောနာတာလည်း သက်သာသွားမယ်။ နေလို့ထိုင်လို့ ကောင်းလာတယ်။

မေး။ ။ ခါးကုန်းတဲ့အခါ နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်အောင် ဘယ်လို ကာကွယ်နိုင်ပါသလဲ ဆရာ။
ဖြေ။ ။ ခါးကုန်းတဲ့သူတွေအနေနဲ့ နောက်ဆက်တွဲ ပြဿနာတွေဖြစ်တဲ့ ကြည့်လို့ မကောင်းတာ၊ နှလုံးနဲ့ အ ဆုတ်ရဲ့လုပ်ငန်းဆောင်တာတွေ ထိခိုက်တာ စတာ တွေကခါးကို ပြန်ဆန့်အောင်လုပ်မှ သက်သာမှာပါ။ တကယ်လို့မလုပ်နိုင်ရင် အရိုးပါးရောဂါကြောင့် ခါးနဲ့ ကျောရိုးကျိုးပြီး ခါးကိုင်းတဲ့အခါ ကျောကအရိုးတွေ ဆက်မကျိုးအောင် ကယ်လ်စီယမ်၊ ဗီတာမင်ဒီနဲ့ တခြား သင့်တော်တဲ့ ဆေးတွေပေးရပါမယ်။ ပြီးတော့ လဲမကျ အောင်၊ မကျိုးအောင် ဂရုစိုက်ဖို့ မှာရပါတယ်။ ကုန်းကုန်းကွကွ မနေနဲ့၊ ခါးကို ဆန့်ပြီးနေပါ၊ ပစ္စည်းတစ် ခုခုကုန်းကောက်ရမယ့် အလုပ်ရှိရင် သူများကို လုပ်ခိုင်းပါ၊ ကိုယ်တိုင်မလုပ်သင့်ပါဘူး။

မေး။ ။ ခါးကုန်းတာနဲ့ပတ်သက်ပြီး အများပြည်သူကို ပညာပေးလိုတာရှိရင် ပြောပြပေးပါ ဆရာ။
ဖြေ။ ။ ဆရာတို့အနေနဲ့ အတွေ့များတာက အသက်ကြီးတဲ့ အဘွားကြီးတွေမှာ ပိုအဖြစ်များပါတယ်။ တချို့သူတွေဟာ ငယ်ငယ်တုန်းက ဆရာတို့ ဆရာမကြီးတွေ အရပ်အမောင်းထောင်ထောင် မောင်းမောင်းတွေနဲ့ ကြည့်ကောင်းခဲ့ပေမယ့် အခုအချိန်မှာ ခါးကကုန်းလာတော့ အရပ်ပါပုသွားပါတယ်။ အရပ်က ငါးလက်မလောက် ပုသွားတဲ့အတွက် တစ်ချိန်က ထောင်ထောင်မောင်းမောင်းလူတွေက ခါးကုန်းသွားတော့ ပုသွားတယ်။ အသက်အန္တရာယ်မပေးဘူးဆိုပေမယ့် ကြည့်လို့မကောင်းတော့ဘူး။ နောက်တစ်ခုက ကျန်းမာရေးထိခိုက်သွားပါတယ်။ ဒါကြောင့်အရိုး ပါးရောဂါနဲ့ ပတ်သက်ရင်တတ်နိုင်သမျှ ကာကွယ်မှုတွေလုပ်သင့်ပါတယ်။

ဆရာတို့နိုင်ငံမှာပေါပေါများ များရှိတဲ့ နွားနို့ကိုသောက်ကြပါ၊ Lactose Intole­rance ဖြစ်လို့ နွားနို့နဲ့မတည့်ရင် နို့ထွက်ပစ္စည်းတွေ ဖြစ်တဲ့ ဒိန်ချဉ်ကိုသောက်ကြပါ။ နွားနို့တစ်ဖန်ခွက် သောက်ရင် ကယ်လ်စီယမ် ၃၀ဝ မီလီဂရမ်လောက် ရပါတယ်။ နွားနို့ နှစ်ခွက်လောက်သောက်လိုက်ရင် ၆၀ဝ လောက်ရနေပါပြီ။ ဆရာတို့ လူမျိုးတွေရဲ့ တစ် နေ့စားသမျှ အစားအသောက်ထဲကရရှိတဲ့ ကယ်လ် စီယမ်ပမာဏက ပျမ်းမျှအားဖြင့် ၃၀ဝ မီလီဂရမ်ဝန်း ကျင်လောက်ပဲ ရှိပါတယ်။ စင်ကာပူနိုင်ငံသားတွေတောင် စားသမျှထဲကရတဲ့ ကယ်လ်စီယမ် ပမာဏက ၄၀ဝ လောက်ပဲရှိပါတယ်။ ဒါကြောင့် တစ်နေ့တာ လိုအပ်တာထက် နည်းလွန်းတဲ့အတွက် ကယ်လ်စီ ယမ်နဲ့ ဗီတာမင်ဒီကို သောက်ကိုသောက်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top