Healthy Life Ad
Child

ကလေးငယ် အရေပြားမှတစ်ဆင့် ကူးစက်တတ်သည့် ရောဂါပိုးများ

ဒေါက်တာကျော်စွာဦး (တာဝန်ခံဆရာဝန်၊ ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း)

မေး. ကလေးတွေရဲ့ အရေပြားမှတစ်ဆင့် ရောဂါပိုးတွေကူးစက်တဲ့အခါ ဘာတွေဖြစ်တတ်ပါသလဲ ဆရာ။

ဖြေ. ကလေးလေးတွေမှာ အရေပြားပွန်းရှတာ၊ ကုတ်ဖဲ့တာ . . ဒီလိုနည်းတွေကတစ်ဆင့် ရောဂါပိုးက ဝင်ရောက်နိုင်ပါတယ်။ ဒဏ်ရာရတဲ့အခါမှာ ဘက်တီးရီးယားပိုးက ဝင်သွားပြီးတော့ ကလေးတွေမှာ ရောဂါဝေဒနာ ခံစားရတတ်ပါတယ်။ အထူးသဖြင့် ကလေးတွေမှာ အနာဖြစ်တဲ့အခါ အနာမကျက်ဘူး၊ အနာရင်းတယ် . . အဲဒီလိုဖြစ်လာရင် နောက်ဆက်တွဲအနေနဲ့ အနာကိုက်တယ်၊ ဖျားတယ် . . စတာတွေ ဖြစ်တတ်ပါတယ်။

မေး. ကလေးတွေမှာ အရေပြားပိုးဝင်တာကနေ နောက်ဆက်တွဲ ဘယ်လိုဆိုးရွားတဲ့ ကျန်းမာရေးပြဿနာ ဖြစ်တတ်ပါသလဲဆရာ။

ဖြေ. Complications of Staphylococcus အနေနဲ့ အရေပြားအနာကတဆင့် ခန္ဓာကိုယ်ထဲဝင်ရောက်ပြီး တချို့သော အင်္ဂါအစိတ်အပိုင်းတွေဆီဝင်သွားပြီး နောက်ဆက်တွဲ ကျန်းမာရေးပြသနာတွေ ဖြစ်နိုင်ပါတယ်။ ဥပမာ အဆုတ်ရောင်တာ၊ ဦးနှောက်အမြှေးရောင်တာ၊ အရိုးအဆစ်ရောင်တာနဲ့ နှလုံးကြွက်သားရောင်တာ . . စတာတွေ ဖြစ်နိုင်ခြေရှိပါတယ်။

မေး. အဲဒီလိုဖြစ်ခဲ့ရင် ဘယ်လိုကုသမှုခံယူရပါသလဲ ဆရာ။

ဖြေ. ဘက်တီးရီးယားပိုးကြောင့်ဖြစ်ခဲ့ရင် ပဋိဇီဝပိုးသတ်ဆေး (Antibiotics)ပေးပြီး ကုသမှုပေးရပါတယ်။ အဲဒီအခါမှာ ကလေးမိဘတွေကို မှာချင်တာက ပဋိဇီဝပိုးသတ်ဆေးကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဆေးပမာဏအတိအကျ၊ ရက်အတိအကျ တိုက်ပေးပါ။ ပဋိဇီဝပိုးသတ်ဆေးက ဆေးပမာဏနဲ့ အကြိမ်ရေ အရေအတွက်မှန်ကန်မှ ဒီရောဂါကုတာ ထိရောက်မှာဖြစ်ပါတယ်။ တချို့မိဘတွေကလည်း ကလေးသက်သာပြီဆိုပြီး ဆေးကိုရပ်လိုက်တာမျိုးရှိတယ်။ ပဋိဇီဝပိုးသတ်ဆေးကို သူသောက်ရမယ့်ရက်အတိုင်း မသောက်ဘဲရပ်လိုက်ရင် နောက်ဆို ဆေးမတိုးတာ၊ ဆေးယဉ်ပါးတာဖြစ်နိုင်ပါတယ်။ ဒါကို အထူးသတိထားစေချင်ပါတယ်။

ကလေးတွေမှာ လက်သန့်ရှင်းရေးကို အထူးအလေး ထားပေးရပါမယ်။ ကလေးသေးသေးလေးတွေဆိုရင် မိဘတွေက သူ့လက်လေးတွေကို သေချာသန့်ရှင်းပေးရမယ်၊ လက်သည်းလေးတွေကို သေချာညှပ်ပေးရမယ်။ ကလေးမွေးကင်းစကနေ တဖြည်းဖြည်းကြီးပြင်းလာတဲ့အထိ ကလေးကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ အလေ့အထလိုက်နာအောင် ထားပေးဖို့လိုပါတယ် . . .

မေး. ကလေးတွေမှာ အရေပြား ပိုးကူးစက်မခံရအောင် ဘယ်လိုသတိထားကာကွယ်သင့်ပါသလဲ ဆရာ။

ဖြေ. ကလေးတွေမှာ လက်သန့်ရှင်းရေးကို အထူးအလေးထားပေးရပါမယ်။ ကလေးသေးသေးလေးတွေဆိုရင် မိဘတွေက သူ့လက်လေးတွေကို သေချာသန့်ရှင်းပေးရမယ်၊ လက်သည်းလေးတွေကို သေချာညှပ်ပေးရမယ်။ ကလေးမွေးကင်းစကနေ တဖြည်းဖြည်း ကြီးပြင်းလာတဲ့အထိ ကလေးကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ အလေ့အထလိုက်နာအောင် ထားပေးဖို့ လိုပါတယ်။ မွေးကင်းစကနေ ခြောက်လအထိ ကလေးတွေကို မိခင်နို့ချို တိုက်ကျွေးဖို့လိုပါတယ်။ ဖြည့်စွက်အစာကျွေးမယ်ဆိုရင်လည်း သေချာသန့်ရှင်းအောင်ပြင်ဆင်ပြီး ကျွေးဖို့လိုပါတယ်။

အထူးသဖြင့် လက်သန့်ရှင်းရေး အရေးကြီးပါတယ်။ ကလေးတင်မကဘဲ ကလေးကို ပြုစုစောင့်ရှောက်ပေးနေတဲ့ မိခင်၊ ဖခင်နဲ့ အုပ်ထိန်းသူတွေကလည်း လက်သန့်ရှင်းရေးကို အလေးထားဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ကလေးအနှီးလဲပြီးတဲ့အချိန်၊ အိမ်သာတက်ပြီးတဲ့အချိန်၊ နှာချေ၊ ချောင်းဆိုးပြီးတဲ့အချိန်၊ ကလေးကို ထိတွေ့ကိုင်တွယ်တော့မယ့်အချိန်တွေမှာ လက်ကို ဆပ်ပြာနဲ့ စနစ်တကျဆေးကြောသန့်စင်ပေးရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top