Healthy Life Ad
Life Style

လည်ချောင်းကင်ဆာကုသအောင်မြင်ထားတာ၁၀နှစ်ကျော်ခဲ့ပြီဆိုတဲ့မဇင်မာမိုးစက်

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

အမည်ရင်းမဇင်မာဌေးဖြစ်သော်လည်း သီချင်းဆိုသည့် ဇင်မာမိုးစက် နာမည်ကိုသာ အများက သိကျွမ်းလေ့ရှိကြသည်။ ယခုအခါ ချောမောလှပကြည့်ကောင်းသော ကိုယ်ဟန်ရှိပြီး စကားပြော သွက်လက်သူ မဇင်မာမိုးစက်သည် ၂၃-၁၀-၂၀ဝ၄ ရက်နေ့၊ အသက် ၂၀ အရွယ် သင်္ချာမေဂျာဖြင့် တက္ကသိုလ် ဒုတိယနှစ်တက်နေစဉ်တွင် လည်ပင်း၌ အကျိတ်ရောင်သလို စတင်ခံစားခဲ့ရကြောင်း သူ၏ ကင်ဆာခရီးလမ်းအစကို ပြန်ပြောင်းပြောပြခဲ့သည်။

“လည်ပင်းမှာအကျိတ်လေးရောင်သလို စဖြစ် တော့ ရိုးရိုးပဲဖြစ်တယ်ထင်ပြီး ဆေးလေး ဘာလေး လိမ်းလိုက်တယ်။ တစ်နေ့ကျတော့ အမေက ငါးခူနဲ့ ရဲယိုရွက်နဲ့ ချက်ကျွေးတာကို စားလိုက်တော့ အရိုးစူး တယ်ထင်ပြီး ပါးစပ်ကို ဟကြည့်လိုက်တယ်။ အဲဒီမှာ အာခေါင်ထဲ အာသီးနေရာမှာ ကျောက်ခက်လို အလုံးကြီး အကြီးကြီးဖြစ်နေတာကို တွေ့လိုက်တယ်။ အဲဒီမှာ လန့်တောင် လန့်သွားတယ်။ ဆရာဝန်တွေက နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံကို ညွှန်တာနဲ့ သွားပြလိုက်တယ်။ အဲဒီမှာ “အာသီးခွဲရမယ်၊ အာ သီးခွဲလိုက်ရင်ကောင်းသွားမှာပါ” ဆိုတာနဲ့ ခွဲမယ့် ရက်ကိုသွားလိုက်တယ်။ ဆရာဝန်တွေက မသင်္ကာဘူးဆိုပြီး ထုံဆေးနဲ့ အသားစယူစစ်လိုက်တော့မှ “ကင်ဆာဖြစ်နေတာ”လို့ သိလိုက်ရတယ်”

အသက် ၂၀ အရွယ် လန်းဆန်းတက်ကြွနေတုန်း၊ နုပျိုသစ်လွင်တုန်းအချိန်တွင် “ကင်ဆာဖြစ် နေပြီ”ဆိုသော စကားသံကြားလိုက်ရသည့်အခါ မဇင်မာမိုးစက် ကြောင်တွေတွေ ဖြစ်သွားခဲ့ရသည်။


“အဲဒီအချိန်မှာ ရှင်လျက်နဲ့သေသလို ဖြစ်သွားခဲ့ရတယ်။ သူငယ်ချင်းတွေက ကိုယ့်ကို စကားလာပြောလည်း မျှော်လင့်ချက်မဲ့သလို ဖြစ်သွားတယ်။ ဘယ်လိုပဲ အမြဲတွေးနေမိသလဲဆိုတော့ “နောက် ခြောက်လလောက်နေရင် ဒီလောကမှာဘာတွေ ဖြစ် နေသလဲ ငါမသိရတော့ဘူး”ဆိုပြီး တွေးနေမိတယ်။ ကိုယ့်ကိုယ်ကိုယ် သေလူလိုပဲ . .ဘယ်လောက်ပဲ အံ့သြစရာကောင်းတဲ့ ကိစ္စဖြစ်ဖြစ်၊ ဘယ်လောက်ပဲ ပျော်စရာကောင်းတဲ့ ကိစ္စဖြစ်ဖြစ်ကိုယ်နဲ့ မဆိုင်တော့ ဘူး။ မျှော်လင့်ချက်လုံးဝ မဲ့သွားခဲ့ပါတယ်” ဟု မဇင်မာမိုးစက်က ဆိုသည်။

ရန်ကုန်ဆေးရုံကြီးကို လွှဲလိုက်သဖြင့် ထိုအချိန်မှစတင်ကာ ကင်ဆာဆေးသွင်းကုထုံးနှင့် ဓာတ်ရောင်ခြည်ကုထုံးတို့ကို ခံယူခဲ့ရကြောင်း သိရသည်။

“တက္ကသိုလ်တက်တာကိုလည်း ခဏနားလိုက် ရတယ်။ ကင်ဆာဆေးသွင်းကုထုံး ခြောက်ကြိမ်နဲ့ ဓာတ်ရောင်ခြည်ကုထုံးကိုတော့ အကြိမ် ၃၀ ပြုလုပ် ရမယ်လို့ဆိုပါတယ်။ ကင်ဆာအဆင့်ကိုတော့ သေချာမပြောလိုက်ဘူး၊ ဒါပေမဲ့ အသိဆရာဝန်တစ် ယောက်ကိုမေးကြည့်တော့ အဆင့်(၂)နဲ့ (၃)ကြား လို့ ပြောပါတယ်။

အစပိုင်းကတော့ သီချင်းဆိုတာကို အပျော်ဆိုပြီး လုပ်လိုက်တာ၊ နောက်ပိုင်း သီချင်းဆိုတာနဲ့ အသက်မွေးဝမ်း ကျောင်းလုပ်တော့ မိသားစုကလည်း ကျွန်မကို မသေဘဲနဲ့ ရှင်လာတာဖြစ်တဲ့အတွက် ဘာလုပ်လုပ် ကိုယ့်ကိုကြည့်ပြီး ကျေနပ်နေကြတယ် . . .

ကုသတုန်းက ကြုံခဲ့ရတဲ့ အခက်အခဲတွေက တော့ အများကြီးပဲ။ လည်ချောင်းကို ဓာတ်ရောင်ခြည်ပေးလိုက်တော့ တံတွေးဂလင်းတွေထိခိုက်သွား တယ်။ ဒါနဲ့လည်ချောင်းကြီးက ခြောက်သွေ့ပြီး ဘာ မှစားလို့မရ၊ မျိုလို့မရတော့ဘူး။ ဆံပင်တွေလည်း အကုန်ကျွတ်ကုန်တယ်။ မျက်နှာဆိုလည်း မည်းသည်းကုန်တယ်။ သွားဖုံးတွေကော လက်မှာရှိတဲ့ အကြောတွေပါမည်းတူးကုန်တယ်။ အဲဒီအချိန်တုန်းက မှန်လည်း မကြည့်ရဲဘူး။ သူငယ်ချင်းတွေ အိမ်ကိုလာရင်တောင် အတွေ့မခံတော့ဘူး။ ရှက်တာကိုး။ ထိုင်လို့လည်း မရဘူး။ အားမရှိတော့ဘူး။ ရေနွေးကြမ်းပန်းကန်လုံးထဲ နွားနို့ထည့်ထားပြီး နွားနို့လေး တစ်ဇွန်းသောက်ဖို့အရေး လူက မနည်းထိုင်ပြီး မျက်ရည်တွေ တွေတွေကျနေခဲ့တာ။ အကျိတ်ကလည်း လည်ချောင်းထဲမှာရှိနေပြီး ဓာတ်ရောင်ခြည် ပေးလိုက်တော့ ပိုခံစားရတယ်။ အဟွတ်လို့ ချောင်းဆိုးလိုက်ရင် လည်ချောင်းက ဆတ်ခနဲကွဲသွားပြီး တံတွေးထွေးလိုက်ရင် သွေးတွေထွက်လာတာ။

ကင်ဆာဆေးသွင်းတုန်းက အစာစားလို့မရတဲ့ အပြင် သူများတွေ အစာစားတာ မြင်ရင်တောင် ပျို့ နေတာ။ ဒါပေမဲ့ နှာခေါင်းပိုက်ကို အထည့်မခံခဲ့ဘူး။ နွားနို့လေးတစ်ခွက်ဝင်အောင် တစ်နေ့လုံး အချိန်ယူ ပြီး သောက်ခဲ့တာ။ အဖေ၊ အမေတွေ ကိုယ့်ကြည့် ပြီး သနားနေမှာစိုးလို့ “မကြည့်ကြပါနဲ့၊ သမီးရ အောင်စားပါမယ်”ဆိုပြီး မျက်ရည်တွေတွေ ကျရင်းနဲ့ အတင်းမျိုချခဲ့ရတယ်။

အိပ်ပျော်နေချိန်မှာ အဖေ၊ အမေက ဆံပင်ကျွတ်တာတွေ ဖယ်ပေးတယ်။ နောက်ဆုံး ဆံပင်က ပြောင်ထွက်သွားတာ”ဟု ပြောပြခဲ့သည်။
အသက် ၂၀ အရွယ် ဇင်မာမိုးစက်သည် ကင် ဆာဆေးသွင်းကုထုံးနှစ်ကြိမ်မြောက်နှင့် ဓာတ်ရောင် ခြည်ကုထုံး အကြိမ် ၂၀ မြောက်တို့တွင် ပင်ပန်းအား နည်းလွန်းသဖြင့် ကုသမှုကို ရပ်နားခဲ့တော့သည်။

“အဲဒီအချိန်မှာ လူက ပေါင်ချိန် ၈၀လောက်ပဲ ရှိတော့တယ်။ လမ်းလည်း မလျှောက်နိုင်တော့ဘူး။ သူများ ကုန်းပိုးမှပဲ သွားနိုင်တော့တယ်။ လူကလည်း နုံးချည့်ပြီး မလှုပ်နိုင်တော့ဘူး။ အဖေနဲ့ အမေကို” သမီးဆေးရုံကို မသွားတော့ဘူး။ ဖြစ်ချင်တာ ဖြစ် ပစေတော့။ အိမ်မှာပဲနေတော့မယ်။ ဆက်ပြီး ကုသမှု ခံယူမယ့် ဒဏ်တွေကိုမခံနိုင်တော့ဘူး။ ကိုယ့်ဘာသာ ကျန်းမာအောင်လုပ်တော့မယ်”လို့ ပြောပြီး မသွားတော့ဘူး”
ကင်ဆာကုသချိန်တွင် မိသားစု၏ နွေးထွေးသော မေတ္တာတရား၊ ကြင်နာသော ထောက်ပံ့ အားပေးမှုကို အပြည့်အဝရရှိခဲ့ကြောင်း မဇင်မာမိုးစက်က ဆိုသည်။

“အဖေဆို တက္ကစီမောင်းပြီး ဆေးကုစရိတ်ကို ရှာပေးခဲ့တာ။ ကုန်ချင်သလောက် ကုန်ပစေဆိုပြီး ဘာပဲဖြစ်ဖြစ် မငြိုမငြင် အကုန်လုပ်ပေးခဲ့ပါတယ်။ အမေကလည်း ဘေးကနေ ပြုစုအားပေးခဲ့တယ်။ မောင်လေးနဲ့ ညီမလေးကလည်း ကိုယ့်မျက်နှာကြည့် ပြီး နေခဲ့ကြတယ်။ အခုနေကောင်းလာတော့ သူတို့က ပိုပြီး တန်ဖိုးထားလာကြတယ်။

စိတ်တစ်ခုတည်းနဲ့ ရှင်ခဲ့တာ။ ငါရအောင် စားမယ်၊ ငါရအောင် လုပ်မယ်ဆိုပြီး ကြိုးစားခဲ့တာ။ ကင် ဆာသမားအတော်များများကမစားနိုင်၊ မသောက်နိုင် အာဟာရပြတ်ပြီး မခံနိုင်ဘဲ သေတာများတယ်လေ။ ဒါနဲ့ လူတွေ ညွှန်တဲ့ သဘာဝဆေးလေးတွေ စားတယ်။ ဆေးမြစ်ပြုတ်ရည်လေးတွေ သောက်တယ်။ အစားအသောက်အနေနဲ့ ထူးထူးခြားခြား စားဖြစ်ခဲ့ တာက ထောပတ်သီးပဲ။ ထောပတ်သီးကို တအားစား တယ်။ နေမကောင်းဖြစ်နေတဲ့အချိန် ဘာမှ မမျိုချ နိုင်ဘူးဆိုရင် ထောပတ်သီးဖျော်ရည်သောက်တယ်။ အမေကလည်း သူစားလို့ ဝင်တာ စားပါစေဆိုပြီး ထောပတ်သီးကိုမျိုးစုံလုပ်ကျွေးတယ်။

ကျောင်းကို ဆေးခွင့်တင်လိုက်တယ်။ Day တက်နေတာဆိုတော့ ဆေးခွင့်တင်ထားပေမယ့် စာမေးပွဲဖြေခါနီးကျတော့ နည်းနည်းသက်သာလာတာနဲ့ သွားဖြေတယ်။ ဆရာမတွေကလည်း ခွင့်ပြုပေးတယ်။ ဖြေလိုက်တာ အောင်သွားတယ်” ဟု မဇင်မာမိုးစက်က ဆိုသည်။
၂၀ဝ၅ ခုနစ်တွင် သင်္ချာမေဂျာဖြင့် ဘွဲ့ရခဲ့သော မဇင်မာမိုးစက်သည် ကင်ဆာရောဂါ ခံစားရပြီး နောက် ဝါသနာပါသော အလုပ်များကို လုပ်မည်ဟု စဉ်းစားကာ သီချင်းစဆိုခဲ့ကြောင်း သိရသည်။

Unplugged တွေ လိုက်ဆိုတယ်။ သီချင်း လေးတွေ လိုက်ဆိုရင်း မိသားစုကို ဦးဆောင်တယ်။ အဖေက ဆုံးသွားခဲ့တယ်။ အိမ်မှာ အမေနဲ့ မောင် လေး၊ ညီမလေးရှိတော့ သူတို့ကို ကိုယ်က ဦးဆောင်ပေးတယ်။ အစပိုင်းကတော့ သီချင်းဆိုတာကို အ ပျော်ဆိုပြီး လုပ်လိုက်တာ၊ နောက်ပိုင်း သီချင်းဆိုတာ နဲ့ အသက်မွေးဝမ်းကျောင်းလုပ်တော့ မိသားစုကလည်း ကျွန်မကိုမသေဘဲနဲ့ ရှင်လာတာဖြစ်တဲ့အတွက် ဘာလုပ်လုပ် ကိုယ့်ကိုကြည့်ပြီး ကျေနပ်နေကြတယ်”

ကင်ဆာကုသပြီး သုံးနှစ်အကြာတွင် ဇင်မာမိုးစက်သည် ဖူးစာရှင်ကိုသန်းဇော်ဟိန်းနှင့် အိမ်ထောင်ပြုခဲ့ပြီး သမီးတစ်ယောက် ဖွားမြင်ခဲ့သည်။

“အခုဆို ကင်ဆာဖြစ်ပြီးတာ ၁၃ နှစ်ကျော်သွားပြီ။ ဒါပေမဲ့ ဆေးတော့ ပြန်မစစ်ဖြစ်ဘူး။ ခါးသည်းလွန်းလို့ ဆေးရုံနားကိုတောင် ဖြတ်မလျှောက်ချင် တော့ဘူး။ ကင်ဆာကုပြီး တစ်နှစ်လောက်အတွင်းမှာ ကင်ဆာဌာနသွားတဲ့ လမ်းကို တွေ့တာနဲ့ ဒူးတွေပါ ချောင်ကျလာတာ။ ကိုယ်က အရမ်းခံလိုက်ရတော့ ဆေးစစ်ရမှာကိုလည်းကြောက်နေတယ်” ဟု ဆိုသည်။
ကင်ဆာရောဂါဆိုးဒဏ်ကို ခံစားခဲ့ရသော မဇင်မာမိုးစက်က လောကကြီးတွင် အရေးပါဆုံးမှာ “ကျန်းမာရေးကောင်းမွန်ခြင်း” ဟု ယူဆထားသည်။

ကင်ဆာဖြစ်ခြင်းနှင့် ပတ်သက်၍ –
“အိမ်ဘေးမှာက ကားဘော်ဒီရုံရှိတယ်။ အဲဒီကအနံ့တွေကို တောက်လျှောက်ရှူခဲ့ရတာ။ အိမ်မှာ ကင်ဆာကြောင့် အိပ်ရာထဲ လှဲနေချိန်မှာလည်း တစ်လျှောက်လုံး ရှူခဲ့ရတယ်။ နှစ်ပေါင်းများစွာ မကောင်းတဲ့ အနံ့တွေကို ရှူခဲ့ရတာကြောင့် ကင်ဆာဖြစ်သလားလို့ တွေးမိတယ်။ ကျန်တာကတော့ သိပ်မရှိပါဘူး။ အဖေကတော့ ကျွန်မဖြစ်ပြီးမှ အစာရေမျိုပြွန် ကင်ဆာဖြစ်တာပါ။ အဖေကတော ဆုံးသွားခဲ့ပါတယ်”ဟု မဇင်မာမိုးစက်က သူ့ထင်မြင်ချက်ကိုပြောပြခဲ့သည်။

ယခုအခါ အသက် ၃၃ နှစ်ရှိပြီဖြစ်သည့် မဇင်မာမိုးစက်သည် ခင်ပွန်းကိုသန်းဇော်ဟိန်း၊ သမီးလေး မိုးစက်ဖြူတို့နှင့်အတူ မြောက်ဒဂုံမြို့နယ်တွင် ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်လျက်ရှိသည်။


ကင်ဆာကုသအောင်မြင်ပြီးနောက်ပိုင်း နေထိုင် မှုပုံစံနှင့်ပတ်သက်၍-
“ငြိမ်းချမ်းရေးဂီတပွဲတော်မှာ ပြိုင်ထားတာပါ တဲ့အတွက် မန္တလေးသွားပြီး သီချင်းဆိုရဦးမယ်။ အခုကျတော့လည်း နေကောင်းတာများ ချောင်းတောင်မဆိုးဘူး။ သီချင်းတွေကိုလည်း တစ်နေ့ ၁၅ ပုဒ်-အပုဒ် ၂၀လောက်ဆိုတယ်။ အစပိုင်းတုန်းက တော့ သမီးလေးမွေးပြီး “ငါ့သမီးလေး တစ်နှစ် လောက်အထိနေရရင် နေပျော်ပါပြီ”လို့ တွေးခဲ့တယ်။ သမီးလေး တစ်နှစ်ကျော်အထိ အသက်ရှင်တော့ “ငါ့သမီးလေးကြီးလာတာ ကြည့်ချင်သေးတယ်၊ နှစ်နှစ်လောက်အထိနေရရင် နေပျော်ပါပြီ” . . အဲဒီလိုတွေးရင်း တွေးရင်း သမီးလေးက အခုဆို ရှစ်နှစ်ကျော် ရှိသွားပါပြီ။

အသက် ၂၀ ကျော်စမှာ ပျော်ရွှင်တက်ကြွမနေရဘဲ ဆေးရုံ၊ ဆေးခန်းမှာပဲ အချိန်ကုန်ခဲ့ရတာပါ။ ဘဝကနေဖို့ မသေချာတော့ပေမယ့် အရှုံးမပေးခဲ့ပါ ဘူး။ ဓာတ်ရောင်ခြည်ပေးလို့ မျက်နှာနဲ့ လည်ချောင်းမှာ မှတ်ထားတဲ့ ခရမ်းရောင်အမှတ်ကြီးတွေရယ်၊ တစ်လကျော်လောက် ရေမထိရလို့ မည်းညစ်နွမ်းနေ တဲ့ မျက်နှာကြီးနဲ့ ဒုတိယနှစ်စာမေးပွဲကို ချည့်နဲ့နဲ့နဲ့ ဖြေခဲ့ဖူးပါတယ်။

ဓာတ်ရောင်ခြည်ကြောင့် တံတွေးဂလင်းတွေ ပျက်စီးကုန်လို့ ပါးစပ်က သားရေမထိန်းနိုင်၊ လည်ချောင်းတွေကလည်း ကွဲအက်ပြီး သွေးထွက်လို့ နွားနို့အကြမ်းပန်းကန်တစ်ခွက်စာလောက်လေးကို တစ်နေကုန် မျိုချခဲ့ရတာတွေ၊ အစာမစားနိုင်တော့လို့ အရိုးပေါ်အရေတင် ဖြစ်ခဲ့တာတွေ ဆေးသွင်းတဲ့ကာလ တစ်လျှောက်လုံးလည်း ဘဝတူတွေပဲ သိနိုင်တဲ့ ဒုက္ခဝေဒနာမျိုးစုံ အံကြိတ်ခံခဲ့ရတာပါ။ အခုတော့လည်း နေ့ရက်တိုင်းက ကျွန်မအတွက် မျှော်လင့်ချက်အသစ်တွေ၊ အားအင်အသစ်တွေနဲ့ပါ . . အဲဒါကြောင့် ဘဝတူအားလုံးလည်း စိတ်ဓာတ်မကျဘဲ အားတင်းထားကြပါ။

ကျွန်မ ဖြစ်တုန်းက ၁၃ နှစ်ရှိခဲ့ပြီဆိုတော့ ဆေးတွေက နည်းနည်းပြင်းတယ်။ ဘေးထွက်ဆိုးကျိုးလည်း များတယ်။ အခုတော့ တစ်နေ့ထက် တစ်နေ့ဆေးဝါးဓာတ်စာတွေကလည်း ခေတ်မီတိုးတက်လာ နေတာကြောင့် ရောဂါကို အမြစ်ပြတ်ကုသနိုင်နေပြီ ဖြစ်လို့ ကြံ့ကြံ့ခံဖြတ်ကျော်နိုင်ကြပါစေ။

လူတွေက တွေ့ရင် ဘာတွေစားလဲ မေးကြတယ်။ ထွေထွေထူးထူးတော့ မရှိပါဘူး။ အဓိကက ပျော်ပျော်နေတယ်၊ စိတ်ပျော်တဲ့ အလုပ်တွေဖြစ်တဲ့ သီချင်းဆိုတာ၊ သိုးမွှေးအရုပ်ထိုးတာလေးတွေ လုပ်တယ်။ အသက်ရှင်နေတုန်း ကိုယ်ဝါသနာပါတာတွေ အကုန်လုပ်တယ်” ဟု ပြောပြခဲ့ပြီးအခြား ကင်ဆာဝေဒနာရှင်များသို့ မဇင်မာမိုး စက် ပြောချင်သည့် စကားမှာ “စိတ်ဓာတ်မကျပါနဲ့” ဆိုသော စကားပင်။
“ပြောချင်တာက ဘာလိုပဲရင်ဆိုင်ရပါစေ စိတ်ဓာတ်မကျဘဲ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဖို့ပါပဲ။ စိတ်က အဓိကပါပဲ။

ဆေးကုသမှုကို ကိုယ်က ပြီးဆုံးအောင် မလုပ် ခဲ့တော့ ကုသမှု ရပ်လိုက်ကာစ သုံးလေးနှစ်မှာ အာ သီးရောင်တာ၊ လည်ချောင်းနည်းနည်းနာတာမျိုးဖြစ် ရင် ငါပြန်ဖြစ်ပြီးလား မသိဘူးဆိုတဲ့ သံသယစိတ်နဲ့ နေခဲ့ရတယ်။ နေမကောင်းဖြစ်တာက နည်းနည်း၊ ကင်ဆာပြန်ဖြစ်ပြီထင်တယ်ဆိုတဲ့ စိတ်ဓာတ်ကျတာက များများ . . ဒီလို သံသယတွေနဲ့ နေခဲ့ရတော့ တခြားသူတွေကို အကြံပေးချင်တာက ကုသမှုကို ဆရာ ဝန်တွေ ညွှန်ကြားတဲ့အတိုင်း အပြီးအစီး ခံယူကြပါလို့ အကြံပြုလိုပါတယ်”ဟု မဇင်မာမိုးစက်က သူ့အတွေ့အကြုံမှတစ်ဆင့် အကြံပြုစကား ပြောကြားလိုက်ပါသည်။

_ _ _

(မှတ်ချက်။ ။ ဓာတ်ပုံများကို မဇင်မာမိုးစက်၏ ခွင့်ပြုချက်ဖြင့်ဖော်ပြခြင်း ဖြစ်ပါသည်။ အယ်ဒီတာ)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top