Healthy Life Ad
Life Style

၂၀၁၃ က စတင်ခဲ့တဲ့ အသည်းကင်ဆာ ခရီးလမ်းကို သတ္တိရှိရှိ ရင်ဆိုင်နိုင်ခဲ့သူ ဒေါက်တာမင်းသိန်းမော်

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

၂၀၁၃ ဇန်နဝါရီလတွင် အသက် ၃၁ နှစ်အရွယ် ဒေါက်တာမင်းသိန်းမော်သည် ကျောက်ကပ်ကျောက်တည်သော ဝေဒနာကို ကုသမှုခံယူရင်း အသည်းကင်ဆာ အစောပိုင်းအဆင့်ဖြစ်နေကြောင်း မမျှော်လင့်ဘဲတွေ့ရှိခဲ့ရသည်။

“ကျွန်တော်က ကံကောင်းတယ်လို့ပဲ ပြောရမယ်။ အသည်းကင်ဆာရဲ့ သဘောက လက္ခဏာပြမှဆိုရင် ကင်ဆာကျိတ်က လှီးထုတ်ပစ်လို့မရလောက်အောင် ဒါမှမဟုတ် အသည်းအစားထိုးလို့ မရနိုင်တော့အောင် အရွယ်အစားအရမ်းကြီးသွားပါပြီ။ နောက်တစ်ချက်က အဆုတ်၊ ဦးနှောက်၊ အရိုး စသဖြင့်လည်း ခန္ဓာကိုယ်ရဲ့တခြားနေရာတွေအထိပါ ပြန့်နှံ့နေဖို့များနေပါပြီ။

ကျွန်တော့်ဖြစ်စဉ်ကတော့ ကျောက်ကပ်မှာ ကျောက်တည်တာအတွက် ဆီးနဲ့ကျောက်ကပ် ပါမောက္ခ ဆရာကြီးဦးဝင်းမြိုင်က မခွဲစိတ်စေဘဲ ကျောက်ကြေဆေးပဲသောက်ခိုင်းပြီး ၁ပတ်တစ်ခါ အာထရာဆောင်းရိုက်စေခဲ့တော့ ၃ ကြိမ်မြောက်မှာ အသည်းမှာ မသင်္ကာစရာပြောင်းလဲမှုတစ်ခု တွေ့ရှိခဲ့တဲ့အတွက် ကွန်ပျူတာဓာတ်မှန် (CT Scan) ဆက်ရိုက်ဖို့ ဓာတ်မှန်ပါရဂူဆရာ ဦးအောင်ချိုထွန်းက ညွှန်ကြားခဲ့ပါတယ်။ အဲဒီနောက် CT အဖြေမှာ အကျိတ်က ၃ ဒသမ ၂ စင်တီမီတာအရွယ်လောက်ရှိပြီး ကင်ဆာလို့အဖြေထွက်တယ်”ဟု အသည်းကင်ဆာခရီးလမ်းအစကို ဒေါက်တာမင်းသိန်းမော်က ပြန်ပြောင်းပြောပြခဲ့သည်။

သို့ဖြစ်ရာ ၂၀၁၃ ဖေဖော်ဝါရီလတွင် မြောက်ဥက္ကလာပဆေးရုံကြီး၌ ခွဲစိတ်ဆရာဝန်ကြီး ပါမောက္ခ ဦးခင်ဇော်နှင့် ခွဲစိတ်ကုသမှုခံယူခဲ့ကြောင်း သိရသည်။ “ခွဲပြီး အသားစယူစစ်ဆေးလိုက်တော့လည်း ကင်ဆာလို့ပဲအဖြေထွက်ပါတယ်။ ခွဲလိုက်တော့မှ အသည်းက ခြောက်နေပြီဆိုတာ တွေ့ခဲ့ရတယ်။ ဒါနဲ့ အပိုင်းတစ်ခုကိုပဲ လှီးထုတ်ခဲ့ရတယ်။ ခွဲစိတ်ပြီး ၃နှစ်နဲ့၈လအထိကို ကျွန်တော် Disease Free Period ကင်ဆာရောဂါပြန်မဖြစ်ဘဲ လူကောင်းအတိုင်း နေထိုင်နိုင်ခဲ့ပါတယ်”ဟု ဒေါက်တာမင်းသိန်းမော်က ပြောပြခဲ့သည်။

အသည်းရောင်အသားဝါ ဘီပိုးရှိပြီး အသည်းခြောက်နေသဖြင့် ဒေါက်တာမင်းသိန်းမော်သည် အချိန်မရွေးကင်ဆာပြန်ဖြစ်နိုင်ကြောင်း သိထားပြီးဖြစ်သည်။ “ခွဲစိတ်ပြီး လတ်တလော ကင်ဆာရောဂါရှိမနေဘူးဆိုပေမယ့် အသည်းရောင်အသားဝါ ဘီပိုးရှိထားတာရယ်၊ အသည်းခြောက်နေတာရယ်၊ ကင်ဆာပါ တစ်ကြိမ်ဖြစ်ဖူးပြီးသား အသည်းဆိုတော့ နောက်ထပ်တစ်ကြိမ် ပြန်ဖြစ်ဖို့က သေချာလောက်မို့ အသည်းပါမောက္ခ ဦးကိုကိုလွင်နဲ့ ပြသတိုင်ပင်ဖြစ်ပါတယ်”

ကြားထဲတွင် ခြောက်လတစ်ကြိမ် အာထရာဆောင်းရိုက်ခြင်းနှင့် သွေးစစ်ဆေးမှုများကို ပုံမှန်ခံယူခဲ့ရာ ၂၀၁၆ ရှစ်လပိုင်းတွင် ဒုတိယအကြိမ် အသည်းကင်ဆာပြန်ဖြစ်ခဲ့ကြောင်း သိရသည်။

“ဒါနဲ့ ခုတင် ၅၀ဝ ဆံ့ဆေးရုံကြီးမှာ ပါမောက္ခ ဒေါ်တင်တင်မာနဲ့ ထပ်ခွဲရပါတယ်။ ဒုတိယတစ်ကြိမ် ခွဲပြီးချိန်မှာတော့ အကြာကြီး မခံတော့ဘူး။ ခွဲပြီး တလမှာတင်ပဲ အသည်းကင်ဆာရှိရင် တက်တဲ့ Tumor Marker (AFP) ပြန်တက်ပါတယ်၊ CT ပြန်ရိုက်ပါတယ်၊ နောက်ထပ် ကင်ဆာကျိတ် ၃လုံး ထပ်ထွက်ပါတယ်၊ အဲဒီအချိန်မှာတော့ အသည်းကို နောက်ထပ်လှီးထုတ်ဖို့လည်း မဖြစ်နိုင်တော့ဘဲ အစားထိုးကုသမှု ခံယူဖို့တစ်လမ်းပဲကျန်ပါတော့တယ်။ ကျွန်တော့်ညီမဖြစ်တဲ့ လင်းလင်းသိန်းမော်ကလည်း လိုလိုလားလား လှူချင်တယ်လို့ပြောတယ်။ ဒါနဲ့ အသည်းအစားထိုးထားတဲ့သူတွေကို မေးမြန်းစုံစမ်းရတယ်။ ဒါနဲ့ အိန္ဒိယနိုင်ငံ၊ ချန်နိုင်းဆေးရုံမှာပဲ ကုသဖို့ဆုံးဖြတ်ခဲ့တယ်”

အသေးစိတ်စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးနောက် ဒေါက်တာမင်းသိန်းမော်သည် မိဘနှစ်ပါး၊ ညီမဖြစ်သူတို့နှင့်အတူ အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့ပြီး ၂၀၁၇ ဧပြီလ ၂၈ ရက်နေ့တွင် Chennai မြို့၊ Global Hospital သို့ သွားရောက်ပြီး အသည်းအစားထိုးကုသမှုကို ခံယူဖြစ်ခဲ့ကြောင်း သိရသည်။ “Chennai မြို့၊ Global Hospital မှာရောက်ပြီး မောင်နှမနှစ်ယောက်စလုံး ခွဲစိတ်မှုဒဏ် ခံနိုင်၊ မခံနိုင်အတွက် ကြိုတင်စစ်ဆေးမှုခံယူပါတယ်။ ကြားထဲမှာ TACE, ကင်ဆာကျိတ်ကို ကင်ဆာဆေးဖြန်းတာ တစ်ကြိမ်လုပ်ပါတယ်။ ပြီးတော့မှ အသည်းအစားထိုး ကုသမှုခံယူရပါတယ်”

ဒေါက်တာမင်းသိန်းမော်၏ အသည်းကင်ဆာကုသမှု ခရီးလမ်းတွင် မိသားစု၏ အားပေးကူညီစောင့်ရှောက်မှုကို အပြည့်အဝရရှိခဲ့ကြောင်း သိရသည်။

ကျွန်တော်ကိုယ်တိုင်ကလည်း စိတ်မာတယ်။ ၂၀၁၃ ကတည်းက ကင်ဆာဆိုတဲ့ အဖြေကို သိလိုက်ရချိန်မှာ အရင်ဆုံး CT ရလဒ်အဖြေကို လက်ခံနိုင်ဖို့ ကြိုးစားပါတယ်။ ပြီးတော့ ‘ငါဘာဆက်လုပ်ရမလဲ၊ ဘာဆက်လုပ်သင့်သလဲ’ တစ်ခုချင်းစဉ်းစားပါတယ်၊။ အခု တတိယအကြိမ် ကင်ဆာထပ်ဖြစ်လို့ အသည်းအစားထိုးဖို့လို အပ်ချိန်မှာလည်း . . .

“ကျွန်တော်ကိုယ်တိုင်ကလည်း စိတ်မာတယ်။ ၂၀၁၃ ကတည်းက ကင်ဆာဆိုတဲ့အဖြေကို သိလိုက်ရချိန်မှာ အရင်ဆုံး CT ရလဒ်အဖြေကို လက်ခံနိုင်ဖို့ကြိုးစားပါတယ်၊ ပြီးတော့ ‘ငါဘာဆက်လုပ်ရမလဲ၊ ဘာဆက်လုပ်သင့်သလဲ’ တစ်ခုချင်းစဉ်းစားပါတယ်၊။ အခု တတိယအကြိမ် ကင်ဆာထပ်ဖြစ်လို့ အသည်းအစားထိုးဖို့ လိုအပ်ချိန်မှာလည်း ကျွန်တော့်ညီမက သူလှူမယ်ဆိုပြီး ချက်ချင်းပြောပါတယ်၊ ခွဲစိတ်ဖို့ကုန်ကျစရိတ် (ခန့်မှန်း သိန်း၉၅၀ခန့်) အတွက်လည်း မိသားစုလေးယောက်စလုံး စုပေါင်းတိုင်ပင်ပြီး သူငယ်ချင်းမိတ်ဆွေတချို့ထံကချေးငှားပြီး အကောင်းဆုံးလုပ်ခဲ့ကြပါတယ်။

အိန္ဒိယကိုလည်း မိသားစုလေးယောက်စလုံး အတူသွားပြီး အကောင်းဆုံး ကုသမှုခံယူခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့မောင်နှမနှစ်ယောက်စလုံးက လူမမာဖြစ်သွားတော့ အဖေကပဲ ဟိုဘက်ခန်း၊ ဒီဘက်ခန်းပြေးပြီး စောင့်ပေးခဲ့ရတယ်။ အသည်းအစားထိုးမှု မခံယူခင်မှာ ဘာပဲဖြစ်ဖြစ် ကျန်းမာရေးနဲ့ညီညွတ်ရင် အကုန်စားသောက်လို့ရတယ်။ အသီးအနှံတွေစားရတယ်။ ဟိုက အစားအသောက်တွေ မစားနိုင်တဲ့အတွက် ကိုယ့်ဘာသာပဲ ချက်ပြုတ်စားရတယ်”

ဒေါက်တာမင်းသိန်းမော်၏ ဘီပိုးကူးစက်ခြင်းကို မွေးရာပါကူးစက်မှုဟု အိန္ဒိယမှ ဆရာဝန်ကြီးများက ယူဆခဲ့သည်။

“အိန္ဒိယက ခွဲစိတ်ဆရာဝန်အပြောအရ ကျွန်တော်ကမွေးရာပါ မိဘတစ်ပါးပါးဆီက ဘီပိုးကူးတာဖြစ်မယ်လို့ ဆိုပါတယ်။ ဒီလိုမျိုး ကလေးဘဝထဲက ကူးစက်ခံရတာမျိုးဆိုရင် အသက်၃၀ အရွယ်လောက်မှာ ကင်ဆာဖြစ်ဖို့ အခွင့်အလမ်းအရမ်းများပါတယ်” အသည်းအစားထိုးကုသမှု ခံယူပြီးချိန်တွင် ခုခံအားထိန်းသော ဆေးဝါးနှင့် ဘီပိုးကုဆေးကို ဆက်လက်သောက်သုံးနေရကြောင်း သိရသည်။

“ညီမရဲ့အသည်းကို ယူထားရတာတော့ ကိုယ့်ပစ္စည်းမဟုတ်တဲ့အတွက် ခန္ဓာကိုယ်က ပြန်တွန်းထုတ်ပါတယ်။ အဲဒီတော့ ခုခံအားထိန်းတဲ့ဆေးတွေ သောက်နေရပါတယ်။ ဒီဆေးသောက်တဲ့သူတိုင်းက ကိုယ်ခံအားက အကျဆုံးအနေအထားဖြစ်တဲ့အတွက် တော်ရုံတန်ရုံမသန့်ရှင်းတဲ့ အစားအသောက်တွေကို စားလို့မရပါဘူး။ ဖုန်၊ မှိုရှိနိုင်တဲ့ သစ်ပင်ပန်းပင်တွေနား၊ အိမ်မွေးတိရစ္ဆာန်လေးတွေနား အမြဲသတိထားရှောင်ရပါတယ်။ လူထူထပ်တဲ့ နေရာတွေမှာလည်း ရောဂါပိုးမွှားပေါင်းစုံရှိနိုင်တာကြောင့် ရှောင်ရပါတယ်။ အစားအသောက်ကို မနက်ချက်တာ မနက်စားပြီး ညနေချက်တာ ညနေစားရတယ်။ ဂရိတ်ဖရုသီးနဲ့ ဆန်းကစ်သီးကလွဲလို့ တခြားအသီးအနှံတွေ သန့်ရှင်းလတ်ဆတ်ရင် စားလို့ရတယ်”

ယခုအခါ အသက် ၃၅ နှစ်ရှိပြီဖြစ်သည့် ဒေါက်တာမင်းသိန်းမော်သည် အင်းစိန်မြို့နယ်တွင် ဖခင် ဒေါက်တာဦးသိန်းမော်၊ မိခင်ဒေါ်ရီလေးလွင်တို့နှင့်အတူ ကျန်းမာစွာနေထိုင်လျက်ရှိပြီး နောက်ပိုင်းတွင် ကိုယ်ပိုင်ဆေးခန်းဖွင့်လှစ်ကာ လူနာများကို ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ရည်မှန်းထားကြောင်း သိရသည်။

“အခုကတော့ စီမံချက်အနေနဲ့ မွေးကင်းစကတည်းက ဘီပိုးကာကွယ်ဆေးထိုးပေးနေပါပြီ။ တခြားလူတွေလည်း အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးကို ထိုးနှံကြဖို့လည်း ပြောချင်ပါတယ်။ လေးကြိမ်-ငါးကြိမ်လောက်ထိုးပြီး ဆေးအောင်သွားတာနဲ့ တစ်သက်လုံး ဘီပိုးမကူးနိုင်တော့ပါဘူး။ ဘီပိုး စီပိုးတွေမရှိပါဘဲနဲ့ အသည်းကင်ဆာဖြစ်စေနိုင်တဲ့ တခြားအချက်ကတော့ အရက်ကိုအလွန်အကျွံသောက်တာမျိုးဖြစ်ပါတယ်၊ တတ်နိုင်ရင် မသောက်ကြစေချင်ပါဘူး။ မသောက်ရမနေနိုင်လို့ သောက်တယ်ဆိုရင်လည်း ဆရာဝန်နဲ့ပြပြီး အသည်းကို ပုံမှန်စမ်းသပ်စစ်ဆေးမှု ခံယူသင့်ပါတယ်” ဟု ဒေါက်တာမင်းသိန်းမော်က အသိပညာပေးစကား မျှဝေထားပါသည်။

မိမိ သို့မဟုတ် မိမိဆွေမျိုးသားချင်းများတွင် အသည်းကင်ဆာဖြစ်မှန်း သိပြီဆိုသည်နှင့် ကုသမှုခံယူနိုင်သည့် ကုထုံးများမှာ –

(၁) Lobectomy or Segmentectomy, ကင်ဆာကျိတ်ရှိရာနေရာကို လှီးထုတ်ပစ်ခြင်း၊

(၂) Liver Transplantation, အသည်းအစားထိုး ကုသခြင်း၊

(၃) TACE, ကင်ဆာကျိတ်ကို တိုက်ရိုက်ဆေးဖြန်းခြင်း၊

(၄) RFA, ရေဒီယိုသံလိုက်လှိုင်းဖြင့် ကင်ဆာဆဲလ်များကို ဖျက်ဆီးပစ်ခြင်း စသည်တို့ကို အစောပိုင်းအဆင့်များအတွက် လုပ်ဆောင်နိုင်သလို နောက်ပိုင်းအဆင့်များအတွက်ဆိုလျှင် ကင်ဆာဆေးသောက်ခြင်းနည်းဖြင့်လည်း သက်သာအောင် ကုသမှုခံယူနိုင်ပါသည်။ ကုသမှုအတွက် သက်ဆိုင်ရာဘာသာရပ်အလိုက် ပါရဂူဆရာကြီးများနှင့် ဆွေးနွေးတိုင်ပင်၍ မိမိနှင့်သင့်လျော်မည့် (ငွေကြေးအင်အားအရရော တတ်နိုင်မည့်) ကုထုံးများကို စနစ်တကျရွေးချယ်မှု ပြုလုပ်သင့်ကြောင်း ဒေါက်တာမင်းသိန်းမော်ကဆိုသည်။

လက်ရှိမြန်မာပြည်မှာတော့ အသည်းကင်ဆာအတွက် အသည်းအစားထိုးကုသအောင်မြင်ပြီးသူ အများစုကိုကြည့်လိုက်ရင် တွေ့ရတာ ဆရာဝန်အများစုဖြစ်နေပါလိမ့်မယ်။ ဆိုလိုချင်တာက ဆရာဝန်တွေမှပဲ အသည်းကင်ဆာရွေးဖြစ်နေတာ မဟုတ်ပါဘူး။ ကျန်းမာရေးအသိပညာ ကွာကြတဲ့အတွက် ရောဂါဖြစ်တာချင်း အတူတူမှာ အသက်ရှင်ကျန်ရစ်နိုင်ခဲ့သူ အများစုက ဆရာဝန်တွေဖြစ်နေတာပါ။

“အသည်းကင်ဆာနဲ့ပတ်သက်ပြီး ပြောချင်တာကတော့ တချို့လူတွေရောဂါဖြစ်မှန်း အသိစောကြသူတွေရှိတယ်။ ဒါပေမဲ့ သိပါရက်နဲ့ တချို့ကလက်မခံဘူး။ “ငါ့ကျမှ ဘာလို့ဖြစ်ရတာလဲ”ဆိုတာ မျိုးဝမ်းနည်းကြတယ်။ ဒီလိုနဲ့ လမ်းကြောင်းလွဲပြီး ထင်ရာလျှောက်လုပ်ပစ်တာတွေရှိတယ်။ လက်ရှိ မြန်မာပြည်မှာတော့ အသည်းကင်ဆာအတွက် အသည်းအစားထိုးကုသအောင်မြင်ပြီးသူအများစုကို ကြည့်လိုက်ရင်တွေ့ရတာ ဆရာဝန်အများစုဖြစ်နေပါလိမ့်မယ်။ ဆိုလိုချင်တာက ဆရာဝန်တွေမှပဲ အသည်းကင်ဆာရွေးဖြစ်နေတာ မဟုတ်ပါဘူး။ ကျန်းမာရေးအသိပညာကွာကြတဲ့အတွက် ရောဂါဖြစ်တာချင်းအတူတူမှာ အသက်ရှင်ကျန်ရစ်နိုင်ခဲ့သူ အများစုက ဆရာဝန်တွေဖြစ်နေတာပါ။

တချို့တွေဆိုရင် ငွေကြေးအင်အားအရလည်း တတ်နိုင်ပါလျက်နဲ့ အစားထိုးနိုင်တဲ့အဆင့်အထိ မရောက်လိုက်ဘူး။ ဟိုအပင်ကအရွက်နဲ့ ဟိုအမြစ်သွေးသောက် ပျောက်တယ်ဆိုတာတွေ၊ ဟိုလူဒီလူ တတ်ယောင်ကားညွှန်းတဲ့ ဆေးမြီးတိုတွေနောက် လိုက်ကြရင်း လုံးပါးပါး ငွေကုန်၊ အချိန်ကုန် စိတ်ဓာတ်ကျကြပြီး အသက်ဆုံးရှုံးသွားကြရတာမျိုးကို ကျွန်တော်အရမ်းနှမျောပါတယ်။ အဲ့ဒါကြောင့် ရောဂါရှိနေပြီမှန်းသိပြီဆိုရင် အမြန်ဆုံးတတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ပြသတိုင်ပင်ဆွေးနွေးပြီး ရောဂါကိုအကောင်းဆုံး ကုသအောင်မြင်အောင်ကြိုးစားပါလို့ အကြံပြုချင်ပါတယ်။

လူနာက စိတ်ဓာတ်အရမ်းကျပြီး လက်မခံဘူးဆိုရင်တောင် လူနာကို ပံ့ပိုးပေးမယ့် မိဘ၊ ညီအစ်ကိုမောင်နှမနဲ့ ဆွေမျိုးသားချင်းတွေက လူနာလမ်းကြောင်း အမှန်ရအောင် ဆွဲခေါ်ပေးစေချင်ပါတယ်” ဟု ဒေါက်တာမင်းသိန်းမော်က သူ၏ဆေးကုသမှု အတွေ့အကြုံမှတစ်ဆင့် အကြံပြုအားပေးစကားကို ပြောကြားလိုက်ပါသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top