Healthy Life Ad
Life Style

ဆီးချိုရောဂါနှင့် အသည်းအဆီဖုံးရောဂါ (၂) (Diabetes Mellitus and NAFLD/NASH)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

အသည်းအဆီဖုံးတာကို ဘယ်လိုသိနိုင်သလဲ

အာထရာဆောင်း (Ultrasound) ခေါ် တယ်လီဗီးရှင်းဓာတ်မှန် ၊ စီတီ CT ခေါ်ကွန်ပျူတာဓာတ်မှန်၊ အမ်အာအိုင် MRI ခေါ် သံလိုက်ဓာတ်မှန်တွေကိုသုံးပြီး အသည်းမှာ အဆီဖုံးတာရှိ၊ မရှိ ရောဂါရှာဖွေနိုင်ပါတယ်။ အသည်းရောင်ရင်တော့ အသည်းကထုတ်တဲ့ အင်ဇိုင်းဓာတ် ALT နဲ့ AST တွေ သွေးထဲမှာများနေတာ တွေ့ရပါမယ်။ အများအားဖြင့် ဒီဓာတ်တွေက ပုံမှန်ရှိတတ်ပါတယ်။

အသည်းကို အသားစယူကြည့်ခြင်းဖြင့်လည်း အသည်းအဆီဖုံးတာသိနိုင်ပါတယ်။ အသည်းရောင်တာ၊ အသည်းခြောက်တာတွေ ဖြစ်နေပြီဆိုတာလည်း တိကျမှန်ကန်စွာ ဖော်ထုတ်နိုင်ပါတယ်။ ဒါပေမဲ့ အပ်နဲ့ဖောက်ရတော့ ဝမ်းတွင်းမှာ မတော်တဆ သွေးယိုတတ်လို့ သိပ်မလုပ်ကြပါဘူး။ အသည်းခြောက် အခြေအနေသိရအောင် ဖိုင်ဘရိုစကင် Fibroscan ရိုက်ကြည့်နိုင်ပါတယ်။

အသည်းအဆီဖုံးတာကို ဘယ်လိုပပျောက်အောင်လုပ်နိုင်မလဲ

– ကျန်းမာတဲ့အစားအစာတွေရွေးစားပါ

ကာဗိုဟိုက်ဒရိတ်ခေါ် ကစီဓာတ်တွေ ၊ သိပ်ချိုတဲ့အချိုတွေ၊ ချိုတဲ့သစ်သီးဖျော်ရည်တွေ အများကြီး လျှော့စားရပါမယ်။ ဟင်းသီးဟင်းရွက်အစိမ်း ပိုစားရမယ်။ အမျှင်ဓာတ်များတဲ့အစာတွေ များများစားရပါမယ်။ ခဲတဲ့ ပြည့်ဝအဆီတွေလျှော့ရမယ်။

မပြည့်ဝတဲ့အဆီ ဥပမာ သံလွင်ဆီ၊ ဟင်းသီးဟင်းရွက်အဆီတွေ ရွေးစားရပါမယ်။ ဆီကြော်မုန့်တွေ၊ အကြော်တွေ၊ အဆီများတဲ့အစာတွေ လျှော့ရပါမယ်။ နီတဲ့အသားတွေ အများကြီးမစားပါနဲ့။ အစားအစာတွေမှာ အသားဓာတ် ပါဝင်ရပါမယ်။အစားအစာကို အဝမလွန်စေဖို့ ကယ်လိုရီအများကြီး လျော့စားပါ။ အရက်သောက်ခြင်းကို ရှောင်ရပါမယ်။

– လေ့ကျင့်ခန်းနဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ ပိုပြီးလုပ်ရပါမယ်။

လေ့ကျင်ခန်းလုပ်တာက အထိရောက်ဆုံး ကုထုံးတစ်ခုလည်းဖြစ်ပါတယ်။ ဆီးချိုသွေးချိုကို မထိန်းနိုင်ရင် အသည်းအဆီများတတ်ပါတယ်။ ဒါကြောင့် ဆီးချိုကောင်းအောင်ကုရင် အသည်းအဆီဖုံးတာလည်း လျော့သွားပါမယ်။

ဘယ်ဆီးချိုဆေးတွေသုံးရင် အသည်းအဆီဖုံးတာ သက်သာစေနိုင်သလဲ

အသည်းအဆီဖုံးတာကို ထိထိရောက်ရောက် ကုနိုင်တဲ့ဆေး မရှိသေးပါဘူး။ ဒါပေမဲ့ အမျိုးအစား (၂) ဆီးချိုတွေအတွက် ဆီးချိုဆေးတွေအသုံးပြုတဲ့အခါ သွေးတွင်းအချိုဓာတ် လျော့စေတဲ့အပြင် အသည်းအဆီဖုံးတာကိုလည်း သက်သာစေနိုင်တဲ့ဆေး၊ နှလုံးသွေးကြောတွေအတွက်ကိုလည်း အကျိုးရှိမယ့်ဆေးတွေကို ရွေးသုံးသင့်ပါတယ်။

အသည်းအဆီဖုံးတာလည်း သက်သာစေနိုင်တဲ့ ဆီးချိုဆေးတွေထဲမှာ မက်ဖော်မင် (Metformin) ပိုင်အိုဂလစ်တာဇုံး (Pioglitazone)၊ စစ်တာဂလစ်ပ် တင်အုပ်စု (DPP4 Inhibitors) ဂျီအယ်လ်ပီဝမ်း ရီဆက်ပတာအေဂိုးနစ် (GLP1-receptor agonist) အက်စ်ဂျီအယ်လ်တီ တူးအင်ဟစ်ဘစ်တာ SGLT2 Inhibitor တွေဟာ သွေးချိုကျတဲ့အပြင် အသည်းအဆီလည်း လျော့စေပါတယ်။

အသည်းအဆီဖုံးရောဂါက အမျိုးအစား(၂) ဆီးချိုသွေးချိုရောဂါတွေမှာ အမြဲရှိတတ်ပြီး၊ ဝတဲ့ဆီးချိုလူနာတွေမှာ အထူးပိုတွေ့ရပါတယ်။ အသည်းအဆီဖုံးရင် ဆီးချိုရဲ့ နောက်ဆက်တွဲရောဂါတွေ၊ အထူးသဖြင့် နှလုံးသွေးကြောပိတ်ခြင်းနဲ့ နှလုံးအားနည်းရောဂါတွေ ပိုဖြစ်တတ်လို့ အထူးဂရုစိုက်ပြီး ပြုပြင်ကုသရပါမယ်။

နိဂုံးချုပ်ပြောရရင် အသည်းအဆီဖုံးရောဂါက အမျိုးအစား(၂) ဆီးချိုသွေးချိုရောဂါတွေမှာ အမြဲရှိတတ်ပြီး၊ ဝတဲ့ ဆီးချိုလူနာတွေမှာ အထူးပိုတွေ့ရပါတယ်။ အသည်းအဆီဖုံးရင် ဆီးချိုရဲ့နောက်ဆက်တွဲရောဂါတွေ၊ အထူးသဖြင့် နှလုံးသွေးကြောပိတ်ခြင်းနဲ့ နှလုံးအားနည်းရောဂါတွေ ပိုဖြစ်တတ်လို့ အထူးဂရုစိုက်ပြီး ပြုပြင်ကုသရပါမယ်။ ဆီးချိုဆေးတွေ ရွေးချယ်ရာမှာလည်း အသည်းအဆီဖုံးရောဂါအတွက်အကျိုးပြုမယ့်ဆေးတွေ ရွေးချယ်သုံးသင့်ပါတယ်။

အသည်းအဆီဖုံးတာကနေ အသည်းခြောက်၊ အသည်းကင်ဆာတွေလည်း ဖြစ်လာနိုင်တဲ့အတွက် အသည်းအဆီဖုံးခြင်းကို အထူးကာကွယ်ကုသဖို့ အရေးကြီးလှပါကြောင်း အသိပညာပေးအပ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top