Healthy Life Ad
Life Style

သွေးပေါင်ကျခြင်းအကြောင်း သိမှတ်ဖွယ်ရာများ

ဒေါက်တာကျော်စွာဦး (တာဝန်ခံဆရာဝန်၊ ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း)

မေး။ ။ သွေးပေါင်ကျတဲ့အခါ ဘယ်လိုလက္ခဏာတွေပြတတ်ပါသလဲ ဆရာ။
ဖြေ။ ။ သွေးပေါင်ကျတဲ့အခါ ယေဘုယျအားဖြင့် မူးတယ်၊ ခေါင်းနည်းနည်းကိုက်တယ်။ ပြီးရင် နေမ ကောင်းသလို ခံစားရပါတယ်။ မျက်လုံးမှာလည်း အမြင်အာရုံဝါးလာတယ်။ တစ်ကိုယ်လုံး အားနည်းသလို နုံးချည့်တာကို ခံစားရတတ်ပါတယ်။ အဲဒီအချိန်မှာ စိတ်ရှုပ်ထွေးတတ်တယ်။ တချို့ကျတော့ သတိလစ်သလို ဖြစ်တတ်တယ်။ တချို့ကျတော့ မိုက်ခနဲ့ မူးသွားတတ်ပါတယ်။

မေး။ ။ သွေးတိုးတဲ့အခါပြတဲ့ လက္ခဏာနဲ့ သွေးပေါင်ကျတဲ့အခါပြတဲ့ လက္ခဏာတွေကို ဘယ်လိုခွဲခြားသိရှိနိုင်မလဲဆရာ။
ဖြေ။ ။ သွေးတိုးတဲ့အခါမှာလည်း မူးတတ်တယ်၊ သွေးပေါင်ကျတဲ့အခါမှာလည်း မူးတတ်တယ်။ ဆေးရုံ ဆေးခန်းတစ်ခါမှ မပြဖူးတဲ့သူတွေက ခေါင်းမူးတယ်ဆိုရင် နှစ်ခုလုံး ဖြစ်နိုင်ပါတယ်။ သွေးတိုးတာကော၊ သွေးကျတာလည်း ဖြစ်နိုင်သလို အိပ်ရေးပျက်တာနဲ့ အာရုံကြောဆိုင်ရာ တခြားပြဿနာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် သွေးပေါင်ကျတာလား၊ သွေးပေါင်တက်တာလားဆိုတာကို သေချာမ သိဘဲနဲ့ဆေးမသောက်မိဖို့ပါပဲ။ တကယ်လို့ ကိုယ်က အရမ်းဝတယ်၊ အဆီအအိမ့်တွေလည်းစားတယ် . . ဒီလို သွေးတိုးနိုင်တဲ့ အခြေအနေဆိုရင် ကိုယ့်ဘာသာမူးတယ်ဆိုပြီး ဆေးဝယ်သောက်တာက အန္တရာယ်များပါတယ်။ သွေးပေါင်ချိန်ကြည့်ပြီးမှ သွေးတိုးတာလား၊ သွေးပေါင်ကျတာလားဆိုတာကိုသိနိုင်မှာ ဖြစ်ပါတယ်။

မေး။ ။ သွေးပေါင်ကျတဲ့အခါ သက်သာအောင် ဘယ်လိုနေထိုင်စားသောက်သင့်ပါသလဲ ဆရာ။
ဖြေ။ ။ သွေးပေါင်ကျတာ ဖြစ်ရတဲ့ အခြေခံအကြောင်း ရင်းပေါ်မူတည်ပြီး ကုသမှုတွေ၊ နေထိုင်စားသောက် မှုပုံစံတွေက ကွဲပြားသွားပါတယ်။ ဥပမာဆေးတွေ သောက်လို့ သွေးပေါင်ကျတယ်ဆိုရင် ဆီးဆေးတွေ သောက်မိလို့လား၊ သွေးတိုးကျဆေးတွေ သောက်မိလို့လား ဆိုတာ ဆန်းစစ်ရပါတယ်။ တခြားအကြောင်း ရင်းတွေကြောင့် သွေးပေါင်ကျတယ်ဆိုရင် ချက်ချင်း ထိုင်ချလိုက်တာက အကောင်းဆုံးပါပဲ။ တကယ်လို့ လှဲလို့ရတဲ့ အခြေအနေပေးတယ်ဆိုရင်တော့လှဲပြီး နေတာ ကောင်းပါတယ်။ မတ်တပ်ရပ်တဲ့အနေအထားနဲ့ မိုက်ခနဲ ဖြစ်သွားရင် ဖြည်းဖြည်းချင်း ထိုင်ချပေးပါ၊ လှဲလို့ရတဲ့ အခြေအနေဆိုရင် ဖြည်းဖြည်းချင်း လှဲပေးပါ။ လှဲတဲ့အခါ ခြေထောက်ကလေးကို နည်းနည်းလေးမြှင့်ထားပေးပါ။ ပြီးရင် ရေရှိရင် ရေကို အဝသောက်လိုက်ပါ၊ အချိုရည်ရှိရင် အချိုရည်သောက်လိုက်ပါ၊ ဒါမှမဟုတ် သကြားလုံးချိုချဉ်ကို ဝါးစားလိုက်ပါ၊ စားစရာတစ်ခုခုရှိရင်စားလိုက်ပါ . . ဒါဆိုရင် သက်သာသွားပါလိမ့်မယ်။

သွေးပေါင်ကျတတ်တယ်၊ ခဏခဏမူးတတ်တယ် ဆိုရင် သွားသတိ၊ လာသတိနဲ့နေသင့်ပါတယ်။ ကား စီးတဲ့အခါ သေချာကိုင်ထားဖို့လိုတယ်။ ဆင်းတဲ့ အခါ သေချာကိုင်ပြီးမှ ဆင်းရမယ်၊ အိမ်သာတက်တဲ့ အခါလည်း သတိလက်လွတ်နဲ့ ရုတ်တရက်ထတာ မျိုးမလုပ်သင့်ဘူး။ ဘယ်အရာကိုမှ သတိလက်မ လွတ်ဘဲသွားလာလှုပ်ရှားသင့်ပါတယ်။

မေး။ ။ ဘယ်လိုအကြောင်းရင်းတွေကြောင့် သွေးပေါင်ကျတတ်ပါသလဲ ဆရာ။
ဖြေ။ ။ အဓိက သွေးပေါင်ကျရတဲ့ အကြောင်းရင်းကို နှစ်ပိုင်း ခွဲပြောလို့ရပါတယ်။ ပုံမှန်သွေးပေါင်ကျရတဲ့ အကြောင်းရင်းတွေက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဆိုရင်လည်း သွေးပေါင်ကျတတ်တယ်။ တချို့ ဟော်မုန်းနဲ့ပတ်သက်တဲ့ ကျန်းမာရေးပြဿနာ (ဥပ မာ-ဆီးချိုရောဂါရှိရင်၊ သိုင်းရွိုက်ဟော်မုန်းဆိုင်ရာ ရောဂါ)ရှိရင် သွေးပေါင်ကျတတ်တယ်။ တချို့ ဆေး ဝါး (ဥပမာ- စိတ်ကျဆေး၊ ဆီးဆေး) ပုံမှန်မှီဝဲနေရင်လည်း သွေးပေါင်ကျတတ်တယ်။ နှလုံးအားနည်းတဲ့အခါ သောက်ရတဲ့ ဆေးတွေ၊ နှလုံးမူမမှန်တဲ့အခါ သောက်ရတဲ့ ဆေးတွေကြောင့်လည်း ဖြစ်တတ်သလို နှလုံးအားနည်းတာ၊ နှလုံးခုန်မမှန်တာတို့ကြောင့်လည်း သွေးပေါင်ကျတတ်ပါတယ်။ နောက်တစ်ခုက ချွေးထွက်လွန်တဲ့အခါ သွေးပေါင်ကျတတ်ပါတယ်။

နောက်တစ်ပိုင်းကတော့ ရုတ်တရက်သွေးပေါင် ထိုးကျတဲ့အခြေအနေပါ။ ထိခိုက်ဒဏ်ရာရပြီး သွေးထွက်များတာ၊ ခန္ဓာကိုယ်အပူချိန်မြင့်တက်ပြီး အပူရှပ်သွားတာ၊ ဝမ်းပျက်ဝမ်းလျှောတာ၊ ခန္ဓာကိုယ်ထဲ ပိုးဝင်ပြီး သွေးဆိပ်တတ်ကာ သွေးလန့်တာ . . ဒီလို အခြေအနေတွေဆိုရင် သွေးပေါင်ထိုးကျတတ်ပါတယ်။ တချို့ဆေးဝါးတွေ၊ အရက်တွေ အလွန်အမင်း သုံးစွဲလိုက်တဲ့အခါမှာလည်း သွေးကျသွားတတ်ပါတယ်။ ဆေးနဲ့ ဓာတ်မတည့်တဲ့အခြေအနေမှာလည်း ရုတ်တရက် သွေးပေါင်ကျပြီး အသက်အန္တရာယ် တောင် ထိခိုက်စေနိုင်ပါတယ်။

မေး။ ။ ဘယ်လောက်အတိုင်းအတာဆိုရင် သွေးပေါင်ကျတယ်လို့ သတ်မှတ်ပါသလဲ ဆရာ။
ဖြေ။ ။ သွေးပေါင်ကျတယ်ဆိုတာ အပေါ်သွေး ၉၀၊ အောက်သွေး ၆၀ ထက်နည်းတာကို သွေးပေါင်ကျ တယ်လို့ သတ်မှတ်ပါတယ်။ တချို့အမျိုးသမီးတွေ ကျတော့ ပုံမှန်သွေးပေါင်ကိုက ၉၀/၆၀လောက်ပဲ ရှိတာမျိုး ရှိတတ်ပါတယ်။

မေး။ ။ သွေးပေါင်ကျတာနဲ့ သွေးအားနည်းတာကိုလည်း တချို့က အတူတူပဲ ထင်နေကြတယ်။ အဲဒီနှစ်ခု ကွဲ ပြားပုံကိုလည်း ပြောပြပေးပါဦး ဆရာ။
ဖြေ။ ။ နှလုံးကနေ ညှစ်လိုက်တဲ့ အပေါ်သွေး၊ နှလုံးခန်း ထဲသွေးပြန်ဖြည့်တဲ့ အောက်သွေးကို သွေးဖိအား (သွေးပေါင်)လို့ဆိုပါတယ်။ ပုံမှန်သွေးပေါင်ဆိုရင် ၁၂၀/၈၀၊ ၁၃၀/၇၀၊ ၁၄၀/၉၀ အထိ သတ်မှတ်သလို ၉၀/၆၀ကိုလည်း ပုံမှန်လို့ပဲသတ်မှတ်ကြပါတယ်။ ၉၀/၆၀ ထက် အောက်ကျသွားရင်တော့ သွေးပေါင်ကျတယ်လို့ ပြောတတ်ကြပါတယ်။
သွေးအားနည်းတယ်ဆိုတာကတော့ ခန္ဓာ ကိုယ်ထဲမှာ သွေးနီဥထဲက အောက်ဆီဂျင်သယ်တဲ့ ဟေမိုဂလိုဘင်အားနည်းတာကိုဆိုလိုပါတယ်။ အထူးသဖြင့် မိန်းကလေးတွေမှာ မိန်းကလေးသဘာဝ ဟော်မုန်းအပြောင်းအလဲကြောင့် ရာသီသွေးဆင်း တဲ့အတွက် သွေးအားနည်းတတ်ပါတယ်။ သွေးအား နည်းတာနဲ့ သွေးပေါင်ကျတာက မတူပါဘူး။

မေး။ ။ မကြာခဏ သွေးပေါင်ကျတတ်သူတွေက ဆေးကုသမှုကို ခံယူသင့်ပါသလား ဆရာ။
ဖြေ။ ။ သွေးပေါင်မကြာခဏ ကျတတ်တယ်ဆိုရင် ကိုယ်ရဲ့ သွားလာနေထိုင်စားသောက်မှု ပုံစံကို သတိထားရပါမယ်။ ဥပမာ-မတ်တပ်ရပ်ပြီး ကြာကြာလုပ်ရတဲ့ အလုပ်မျိုးဆိုရင် သတိထားဆင်ခြင်ဖို့ လိုပါတယ်။ နောက်တစ်ခုက ထိုင်ရာကနေ ရုတ်တရက် ထလိုက်တာတို့၊ အိပ်နေရင်းနဲ့ ရုတ်တရက် ထိုင်လိုက်တာတို့ဆိုရင် မူးတတ်ပါတယ်။ အစာအာဟာရ ချို့တဲ့ရင်လည်း မူးတတ်ပါတယ်။ အိပ်ရေးပျက်တာကလည်း သွေးပေါင်ကျတာနဲ့ ဆက်စပ်မှုရှိတတ်ပါတယ်။

သွေးပေါင်ကျတတ်တယ်၊ ခဏခဏ မူးတတ်တယ်ဆိုရင် သွားသတိ၊ လာသတိနဲ့ နေသင့်ပါတယ်။ ကားစီးတဲ့အခါ သေချာကိုင်ထားဖို့လိုတယ်။ ဆင်းတဲ့အခါ သေချာကိုင်ပြီးမှ ဆင်းရမယ်၊ အိမ်သာတက်တဲ့ အခါလည်း သတိလက်လွတ်နဲ့ ရုတ်တရက်ထတာ မျိုးမလုပ်သင့်ဘူး။ ဘယ်အရာကိုမှ သတိလက်မ လွတ်ဘဲ သွားလာလှုပ်ရှားသင့်ပါတယ်။ ပြီးတော့ သကြားလုံး၊ ရှူဆေး စသဖြင့် ဆောင်ထားရပါမယ်။ မူးတဲ့အခါ ထိုင်ချလိုက်တာ၊ အဆင်ပြေရင် လှဲချလိုက်တာတို့ကိုလည်း လုပ်ပေးသင့်ပါတယ်။

မေး။ ။ သွေးပေါင်ကျတာနဲ့ ပတ်သက်ပြီး အများ ပြည်သူကို ထပ်မံပညာပေးလိုတာရှိရင် သိပါရစေ ဆရာ။
ဖြေ။ ။ အထူးသဖြင့် မိဘပြည်သူတွေ မှားတတ်တာက သွေးတိုးတာနဲ့ သွေးပေါင်ကျတာကို မသိဘဲ သွေး တိုးတာကို သွေးပေါင်ကျတယ်ထင်ပြီး ဆေးမှား သောက်တာမျိုးရှိတတ်ပါတယ်။ ဒါကြောင့် ဘာဆေးပဲသောက်သောက် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်၊ ဆရာမ၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်းက ညွှန် ကြားမှသောက်သင့်ပါတယ်။ သွေးတိုးလား၊ သွေးပေါင်ကျလားသိချင်ရင် အကောင်းဆုံးက သွေးပေါင် ချိန်ကြည့်လိုက်ပါ။ လိုအပ်ရင် ဆီးချိုသွေးချိုကိုပါ တိုင်းကြည့်သင့်ပါတယ်။ တကယ်လို့ သွေးပေါင်ကျ တတ်ရင် သွားသတိ၊ လာသတိ၊ စားသတိနဲ့ဂရုတ စိုက်နေထိုင်လှုပ်ရှားပေးဖို့ လိုအပ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top