Healthy Life Ad
Life Style

သရက်ရွက်ကင်ဆာ (Pancreatic cancer)

ဒေါက်တာတင့်ဆွေ

၁။ ဆရာ ကျွန်မအမေက head of pancreas (ပန်ကလီယား)ဆိုတာ သရက်ရွက်ကိုပြောတာလား ဆရာ။ ကျွန်မတို့ပြတဲ့ ဆရာဝန်ကြီးက သရက်ရွက်ကင်ဆာလို့ပြောပါတယ်။ ခွဲစိတ်ရင်ဘာဖြစ်နိုင်လဲ၊ နောက်ထပ် ဘာလုပ်ရင်အဆင်ပြေနိုင်လည်း ကျေးဇူးပြုပြီး ညွှန်ကြားပေးပါဆရာ။

၂။ ဆရာရှင့် အဘွားအသက်က ၆၉ နှစ်ပါ။ ပန်ကရိယကင်ဆာ နောက်ဆုံးအဆင့်လို့ပြောပါတယ်။ အဲ့ဒီကင်ဆာအကြောင်းလေး သိချင်လို့ပါဆရာ။

၃။ ကျွန်မဦးလေးက အသက် ၄၅ နှစ်ပါ။ သရက်ရွက်ကင်ဆာလို့ ပြောပါတယ်ဆရာ။ ဖြစ်တာ မကြာသေးပါဘူး။ ဟိုတလောကမှ ဗိုက်တွေအောင့်လာလို့ဆိုပြီး မန္တလေးကိုသွားပြလိုက်တော့မှ CT Scan ရိုက်လိုက်တော့မှ ကင်ဆာဖြစ်နေပြီတဲ့ဆရာ။ အဲ့ဒါကုလို့ရနိုင်အုန်းမလားဆရာ။ ဘယ်လိုလုပ်ရမလဲဆရာ။ လမ်းညွှန်ပေးပါဆရာ။ နိုင်ငံခြားမှာကုရင်ရော ပျောက်နိုင်လားဆရာ၊ ကူညီပေးပါ။

သရက်ရွက်ကင်ဆာထဲမှာ ၉၅ရာခိုင်နှုန်းက Adenocarcinoma အမျိုးအစားဖြစ်တယ်။ ကျန်တာက Neuroendocrine tumors ဖြစ်တယ်။ ကင်ဆာကြောင့် သေဆုံးရသူများစာရင်းထဲမှာ အမေရိကား နံပါတ် ၄ နေရာ၊ တကမ္ဘာလုံးဆိုရင် ၈ နေရာမှာရှိတယ်။ ဖြစ်ကာစ ဘာမှမခံစားရသေးဘူး။ ဒါကြောင့် နောက်ကျမှသာ ရောဂါရှိနေတာကို သိရတာများတယ်။

ဗိုက်အပေါ်ပိုင်း နာမယ်။ နာရင် နောက်ကျောအထိ နာမယ်။ ရင်ခေါင်းပူမယ်။ လေအောင့်သလိုနေမယ်။ အစာစားချင်စိတ်ပျက်မယ်။ ပျို့ချင်အန်ချင်မယ်။ ဝမ်းပျက်မယ်။ လူက ပိန်လာမယ်။ ဆီး(အသား) ဝါမယ်။ ၇၅ရာခိုင်နှုန်းမှာဖြစ်တဲ့ သရက်ရွက်ရဲ့ ခေါင်းပိုင်းမှာဖြစ်ပြီး သည်းခြေလမ်းကိုပိတ်နေရင် ဝမ်းအရောင်ပျော့နေမယ်။ အသားဝါနဲ့အတူယားယံမယ်။

ဗိုက်အပေါ်ပိုင်းနာမယ်။ နာရင် နောက်ကျောအထိနာမယ်။ ရင်ခေါင်းပူမယ်။ လေအောင့်သလိုနေမယ်။ အစာစားချင်စိတ်ပျက်မယ်။ ပျို့ချင်အန်ချင်မယ်။ ဝမ်းပျက်မယ်။ လူက ပိန်လာမယ်။ ဆီး(အသား) ဝါမယ်။ ၇၅ရာခိုင်နှုန်းမှာဖြစ်တဲ့ သရက်ရွက်ရဲ့ ခေါင်းပိုင်းမှာဖြစ်ပြီး သည်းခြေလမ်းကိုပိတ်နေရင် ဝမ်းအရောင်ပျော့နေမယ်။ အသားဝါနဲ့အတူ ယားယံမယ်။ Trousseau syndrome ခေါ်တဲ့ သွေးခြေဥစမ်းသပ်နည်းဖြစ်မယ်။ အဆုတ်သွေးကြော ပိတ်နိုင်တယ်။ ဆီးချိုပါဖြစ်လာမယ်။ ကင်ဆာက တခြားနေရာပြန့်လာရင် အဲဒီအတွက်လည်း ခံစားလာရမှာတွေပါ တွဲရှိနေမယ်။

ယောကျာ်းတွေက မိန်းမတွေထက် ၃၀ ရာခိုင်နှုန်းပိုအဖြစ်များတယ်။ မိသားစုလိုက်တာ ၅-၁၀ ရာခိုင်နှုန်းရှိတယ်။ အသက်ကြီးမှဖြစ်တယ်။ ၆၀ ကျော်မှာများပြီး ၄၀ အောက်နည်းတယ်။ ဆေးလိပ်သောက်သူတွေ၊ အစားအသောက်မှာ အသီးအရွက်နည်းသူတွေ၊ အသားစားများသူတွေ၊ အချိုစားများသူတွေ၊ ဝသူတွေ၊ Helicobacter pylori infection ပိုးဝင်ခံရသူတွေ၊ Gingivitis or periodontal disease သွားဖုံးရောဂါရှိသူတွေနဲ့ Partial gastre­ctomy အစာအိမ်ခွဲထားသူတွေမှာ အဖြစ်များတာတွေ့ရတယ်။ Axial CT image (စီတီစကင်)ကို ဆေးထိုးပြီးရိုက်ရင် သိမယ်။

– Exocrine pancreas cancer အမျိုးအစားကို ခွဲစိတ်ကုသပေးမယ်။ အဆင့်အပေါ်မှာမူ တည်တယ်။ ခေါင်းပိုင်းဆိုတမျိုး၊ အမြီးပိုင်းဆိုတမျိုး ခွဲတယ်။ ခွဲပြီးရင် Chemotherapy ကင်ဆာဆေးပေးမယ်။ Gemcitabine ဆေးကို သုံးတာများတယ်။ တပတ် ၁ ခါ သွေးကြောထဲထိုးတယ်။ Radiation ဓာတ်ကင်တာလည်း လုပ်နိုင်တယ်။ Erlotinib (Tarceva) ဆေးနဲ့ တွဲပေးတာလည်းလုပ်တယ်။

– Pancreatic neuroendocrine tumors အမျိုးအစားဆိုရင် ကင်ဆာဆဲလ်မဟုတ်လို့ စောင့်ကြည့်ရသေးတယ်။ လိုအပ်လာရင်ခွဲစိတ်မယ်။ တချို့ကို ဟော်မုန်းပေးကုသမယ်။ Octreotide ကိုသုံးတယ်။ ဓာတ်ကင်တာလည်း လုပ်နိုင်တယ်။ Chemotherapy ကင်ဆာဆေးပေးတာလည်းလုပ်တယ်။

မေးတဲ့သူကို အားပေးရာမကျမှာတော့ စိုးရိမ်ပါတယ်။ Exocrine pancreatic cancer အမျိုးအစားက ဆိုးတယ်။ ၅ နှစ်နေနိုင်တဲ့ရာခိုင်နှုန်းက ၆ ရာခိုင်နှုန်းနဲ့ ၁ နှစ်နေနိုင်သူက ၂၅ ရာခိုင်နှုန်း အသီးသီးရှိတယ်။ ပျမ်းမျှ ၁၅ရာခိုင်နှုန်းရှိတယ်။ ၁၉၉၀ တုံးက သရက်ရွက်ကင်ဆာနဲ့ ကွယ်လွန်သူ ၂ သိန်းရှိရာကနေ ၂၀၁၀ ခုနှစ်မှာ ၃ သိန်း ၁ သောင်းအထိ တိုးလာတယ်။

သရက်ရွက် (Pancreas)

သရက်ရွက်ဟာ ၆ လက်မလောက်ရှည်တယ်။ ဝမ်းဗိုက်ထဲ အစာအိမ်နောက်မှာရှိတယ်။ ဦးခေါင်းပိုင်းက အူသိမ်အစပိုင်း အကွေးလေးထဲမှာနေတယ်။ သရက်ရွက်ကထွက်တဲ့ အရည်ထုတ်ပေးတဲ့ပြွန်လေးက အူသိမ်ထဲကိုပွင့်နေတယ်။ အဖျားခေါ် အမြီးပိုင်းက ဘေလုံးနဲ့ထိကပ်နေတယ်။

သရက်ရွက်ရောဂါများ

၁။ အမျိုးအစား (၁)ဆီးချိုမှာ ခုခံအားစနစ်ကြောင့် သရက်ရွက်ထဲမှာရှိတဲ့ အင်ဆူလင်ထုတ်ပေးနေတဲ့ ဆဲလ်လေးတွေကို ပျက်စီးစေတယ်။ သွေးထဲမှာ အစာစားပြီးတိုင်းတက်လာတဲ့ သကြားဓာတ်ကို အင်ဆူလင်ဟော်မုန်းကနေ ပုံမှန်သာဖြစ်နေအောင် ထိန်းပေးနေတာဖြစ်လို့ မထိန်းနိုင်တော့ဘဲ ဆီးချိုရောဂါဖြစ်လာရတယ်။

၂။ အမျိုးအစား (၂) ဆီးချိုမှာလည်း အင်ဆူလင်ဟော်မုန်းထုတ်မပေးနိုင်လို့ ရောဂါဖြစ်ရတယ်။ ကိုယ်ခန္ဓာကလည်း အင်ဆူလင်ကို ခံနိုင်ရည်ရှိလာတယ်။

၃။ Cystic fibrosis ဆစ်စတစ်ဖိုက်ဘရိုး ဆစ်ရောဂါမှာလည်း သရက်ရွက်နဲ့ အဆုတ်ကို ထိခိုက်နိုင်တယ်။

၄။ Pancreatic cancer သရက်ရွက်ကင်ဆာလည်းရှိတယ်။

၅။ Pancreatitis သရက်ရွက်ရောင်တာရှိတယ်။ သွေးထဲမှာ Amylase နဲ့ lipase တွေများနေမယ်။

၆။ Pancreatic pseudocyst ခေါ် သရက်ရွက်အရည်အိတ်တုရောဂါလည်းရှိတယ်။

၇။ Islet cell tumor အစ်စလက်ဆဲလ်ကျူးမား ရောဂါလည်းရှိတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top