Healthy Life Ad
Health Tips

အူမကြီးကင်ဆာ ဖြစ်စေနိုင်သော အကြောင်းရင်း ၆ မျိုး

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

၂၀၁၁ခုနှစ် အမေရိကန်နိုင်ငံမှာ အူမကြီးကင်ဆာဖြစ်သူ အသစ်ပေါင်း တစ်သိန်းတစ်ထောင်ရှိပြီး ငါးသောင်းခန့်ဟာ အူမကြီးကင်ဆာနဲ့ သေဆုံးကြတယ်လို့သိရပါတယ်။ ဒါကြောင့် အူမကြီးကင်ဆာဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေကို သိနိုင်အောင် ရေးသားလိုက်ရပါတယ်။

(၁) လိင်အမျိုးအစား

အမျိုးသားတွေက အမျိုးသမီးတွေထက် အူမကြီးကင်ဆာဖြစ်နိုင်ခြေ အနည်းငယ်မြင့်တက်မှုရှိပါတယ်။ ဘဝတစ်လျှောက် အူမကြီးကင်ဆာ ဒါမှမဟုတ် အစာဟောင်းအိမ်ကင်ဆာဖြစ်နိုင်တဲ့ အန္တရာယ်က အမျိုးသားတွေမှာဆိုရင် ၅ ဒသမ ၉ ရာခိုင်နှုန်း၊ အမျိုးသမီးတွေမှာဆိုရင် ၅ ဒသမ ၅ ရာခိုင်နှုန်းရှိပါတယ်။

(၂) အသက်အရွယ်

အူမကြီးကင်ဆာဖြစ်နိုင်တဲ့ အန္တရာယ်က အသက်ကြီးလာလေလေ၊ ဖြစ်နှုန်းသိသိသာသာ မြင့်တက်လာလေလေပါပဲ။ အူမကြီးကင်ဆာဖြစ်သူ ၉၀ရာခိုင်နှုန်းကျော်ဟာ အသက် ၅၀ကျော်သူတွေ ဖြစ်နေကြပါတယ်။ အသက် ၅၀အရွယ်မှာ တစ်နှစ်ကို လူ ၂၀ဝ၀ မှာ တစ်ဦးဟာ အူမကြီးကင်ဆာ ဖြစ်နေကြပါတယ်။ အသက် ၆၅နှစ်အရွယ်မှာဆိုရင် လူတစ်ထောင်မှာ တစ်ဦးဖြစ်တတ်ပါတယ်။

(၃) လူမျိုး

အာဖရိကန် အမေရိကန်လူမျိုးတွေက တခြားလူမျိုးတွေထက် အူမကြီးကင်ဆာဖြစ်နိုင်ခြေ ပိုမြင့်တက်နေပါတယ်။ အာရှနဲ့ လက်တင်အမေရိကန်နိုင်ငံသားတွေက အသားဖြူလူမျိုးတွေထက် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေအနည်းငယ် လျော့နည်းနေတတ်ပါတယ်။

(၄) မျိုးရိုး

အူမကြီးကင်ဆာ ၂၀-၂၅ရာခိုင်နှုန်းခန့်ဟာ ရောဂါမျိုးရိုးရှိသူတွေမှာ ဖြစ်တတ်ပါတယ်။ အသက် ၆၀မတိုင်ခင် မျိုးရိုးထဲမှာ ရောဂါရှိပါက အူမကြီးကင်ဆာရောဂါဖြစ်နိုင်တဲ့ အန္တရာယ်က ပိုမြင့်တက်နေတာကို တွေ့ရပါတယ်။

(၅) ဘဝနေထိုင်စားသောက်မှုပုံစံ

အဆီများတဲ့ အစာစားတာ၊ အဝလွန်တာ၊ ဆေးလိပ်သောက်တာနဲ့ အရက်အလွန်အမင်းသောက်တာစတဲ့ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အလေ့အထရှိရင် အူမကြီးကင်ဆာဖြစ်နိုင်တဲ့ အန္တရာယ်ကို မြင့်တက်စေပါတယ်။ ဒီလိုဘဝနေ ထိုင်စားသောက်မှုဆိုင်ရာ အလေ့အထတွေကို ကျင့်သုံးလေလေ၊ အူမကြီးကင်ဆာဖြစ်နိုင်ခြေ မြင့်မားလေလေပဲ ဖြစ်ပါတယ်။

(၆) အူရောင်ရမ်းသော ရောဂါများ

အူရောင်ရမ်းတဲ့ ရောဂါရှိသူတွေနဲ့ အူမကြီးကင်ဆာ မျိုးရိုးရှိသူတွေက အူရောင်ရမ်းတဲ့ရောဂါ မရှိသူ၊ မျိုးရိုးမရှိသူတွေထက် အူမကြီးကင်ဆာဖြစ်နိုင်ခြေ ငါးဆပိုများပါတယ်။ ဒါ့အပြင် အူမကြီး အသားလုံးရှိတဲ့သူ၊ ဆီးချိုသွေးချိုရောဂါရှိသူနဲ့ နှလုံးရောဂါရှိသူတွေဟာလည်း အူမကြီးကင်ဆာဖြစ်နိုင်ခြေ မြင့်တက်နေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top