Healthy Life Ad
Life Style

ပြန်ရည်ကျိတ်ကင်ဆာကို ပေါ့ပေါ့ပါးပါးကျော်ဖြတ်နိုင်ခဲ့သူ မရီရီထွန်း

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

၂၀၁၅ ဇွန်လ၌ အသက် ၄၁ နှစ်အရွယ် လင်းလက်အလှပြင်ဆိုင်ပိုင်ရှင် မရီရီထွန်းသည် ပြန်ရည်ကျိတ်ကင်ဆာ အစောပိုင်းလက္ခဏာများကို စတင်ခံစားခဲ့ရသည်။

“၂၀၁၅ ဇွန်လမှာ ဘယ်ဘက်က ပေါင်ခြံမှာ တစ်လက်မလောက်အရွယ် အကျိတ်လေးတစ်ခုကို စတွေ့တယ်။ အဲဒါနဲ့ အိမ်နဲ့နီးတဲ့ဆေးခန်းက သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီးဆီ သွားပြလိုက်တယ်။ ဆရာဝန်ကြီးက ပဋိဇီဝပိုးသတ်ဆေး (Antibiotics) ပေးလိုက်ပြီး “ဒီဆေးကို ၁၀ရက်သောက်ပြီး သက်သာရင် သက်သာ၊ မသက်သာရင် တခြားဆရာဝန်နဲ့ လွှဲပေးမယ်”လို့ ပြောတယ်။ အဲဒီမှာ ဆေးသောက်တာ ငါးရက်လောက်နေတော့ သက်သာရမယ့်အစား နားထဲကလေတွေထွက်ပြီး ဘယ်ဘက်က အကျိတ်က ညာဘက်အထိ ပိုးကောင်လျှောက်ကိုက်သလို တဆစ်ဆစ်ကိုက်တာခံစားရတယ်။ ပြီးတော့ ခါးနဲ့နောက်ကျောကလည်း တင်းတင်းကြီးဖြစ်လာတယ်။ ဘုရားရှိခိုးလို့လည်း အဆင်မပြေတော့ဘူး။ ဒါနဲ့မဖြစ်ဘူးဆိုပြီး သုခကမ္ဘာဆေးရုံက ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာဦးအောင်ခိုင်ဇံဆီ အစ်မသွားပြလိုက်တယ်။

ဆရာက အကျိတ်ကိုင်ပြီး အဲဒီနေ့မှာပဲ ချက်ချင်းခွဲမလားလို့မေးတယ်။ အစ်မကလည်း အလှပြင်ဆိုင်က တပည့်လေးနဲ့ပဲ သွားတာဆိုတော့ “ဆရာ အရမ်းအရေးကြီးလား၊ ချက်ချင်းခွဲဖို့လိုအပ်လို့လား၊ အိမ်က မိသားစုဝင်တွေကို ပြောလိုက်ဦးမယ်”လို့ ပြောတော့ “မနက်ဖြန်ခွဲမလား”လို့ပြောတယ်”ဟု မရီရီထွန်းက ဆိုသည်။

ခွဲစိတ်ဆရာဝန်ကြီးနှင့် ပြသပြီး နောက်တစ်ရက်တွင် ချက်ချင်းခွဲစိတ်ကုသမှု ခံယူခဲ့ကာ အသားစယူစစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။ “သုံးရက်စောင့်ပြီး အဖြေစာရွက်ရတော့ ဆရာက အစ်မကိုပြောမထွက်ဘူး။ ဒါပေမဲ့ အစ်မကတော့ အဖြေက ဘယ်လိုပဲလာလာ ခံနိုင်ရည်ရှိအောင် ကြိုတင်ပြင်ဆင်ထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စိတ်ကိုပြင်ဆင်ပြီး လာတာဆိုတဲ့အကြောင်း ဆရာ့ကိုမေးလိုက်တော့ ဆရာက “သိပ်မစိုးရိမ်ရပါဘူး။ အသေးစားပါပဲ”လို့ ဖြေတယ်။ ဒါနဲ့ ဆရာ့က ကင်ဆာအထူးကု ဆရာဝန်ကြီး ပါမောက္ခဦးစိုးဦးမောင်ဆီ လွှဲပေးပါတယ်”ဟု မရီရီထွန်းက ဆိုသည်။

မရီရီထွန်းဖြစ်သည့် ပြန်ရည်ကျိတ်ကင်ဆာက အဆင့် (၁)ဖြစ်ပြီး မိဘများ၊ မောင်နှမများကို ပြောပြခဲ့ရာ လွန်စွာစိတ်မကောင်းဖြစ်ခဲ့ကြကြောင်းနှင့် နောက်ပိုင်းကုသမှုခံယူရာတွင် ဝိုင်းဝန်းပံ့ပိုးအားပေးခဲ့ကြောင်း သိရသည်။

အမေက ‘အမျိုးထဲမှာလည်း ကင်ဆာဖြစ်တဲ့သူမရှိဘူး၊ ငါ့သမီးကျမှ ဘာလို့ဖြစ်တာလဲ’ ဆိုပြီး ဝမ်းနည်းတယ်။ အစ်မကတော့ ကင်ဆာနဲ့ပတ်သက်တဲ့ စာအုပ်တွေလိုက်ရှာဖတ်တယ်။ အစားအသောက်၊ အနေအထိုင်ပြုပြင်ပြီး ကုသမှုခံယူဖို့ ပြင်ဆင်ထားလိုက်ပါတယ် . . .

“ကင်ဆာဆိုတာ ဘယ်သူမှမဖြစ်ချင်ဘူးလေ၊ ဖြစ်လာတော့လည်း ခံရုံပေါ့။ ကုလို့ရသမျှ ကုသမယ်၊ အားတင်းရင်ဆိုင်မယ်လို့ စိတ်ကိုပြင်ဆင်ထားလိုက်တယ်။ အမေတို့ကလည်း အရမ်းကို စိတ်မကောင်းဖြစ်ကြတယ်။ အမေက ‘အမျိုးထဲမှာလည်း ကင်ဆာဖြစ်တဲ့သူ မရှိဘူး၊ ငါ့သမီးကျမှ ဘာလို့ဖြစ်တာလဲ’ ဆိုပြီး ဝမ်းနည်းတယ်။ အစ်မကတော့ ကင်ဆာနဲ့ပတ်သက်တဲ့ စာအုပ်တွေလိုက်ရှာဖတ်တယ်။ အစားအသောက်၊ အနေအထိုင်ပြုပြင်ပြီး ကုသမှုခံယူဖို့ ပြင်ဆင်ထားလိုက်ပါတယ်”ဟု မရီရီထွန်းက ကင်ဆာဟုသိသိချင်း ကုသမှုမခံယူမီ ကြိုတင်ပြင်ဆင်ထားပုံကို ပြန်လည်မျှဝေခဲ့သည်။

“ဆရာ ဦးစိုးဦးမောင်က ကင်ဆာကုထုံးအမျိုးမျိုးရှိတဲ့အကြောင်း ပြောပြပါတယ်။ အစ်မကလည်း ဆရာကြီး အကောင်းဆုံးကုပေးပါလို့ပြောတော့ ဇူလိုင် ၁၁ ရက်နေ့မှာ ကင်ဆာဆေးသွင်းကုသမှုကို စတင်ခံယူဖြစ်ခဲ့ပါတယ်” ကံကောင်းသည့်အချက်မှာ မရီရီထွန်းသည် ကင်ဆာဆေးသွင်းကုထုံး၏ ဘေးထွက်ဆိုးကျိုးကို အကြီးအကျယ် မခံစားခဲ့ရခြင်းပင်။

“ကုဖူးတဲ့ လူတွေကို အစ်မကမေးတယ်၊ ဆံပင်ကျွတ်တယ်ဆိုတာနဲ့ အစ်မဆံပင်က ခါးလောက်အထိ အရှည်ကြီးဖြစ်တော့ ကုပ်ဝဲလေးညှပ်လိုက်တယ်။ ဒါပေမဲ့ တကယ့်တကယ်ကျတော့ ဆံပင်သိပ်မကျွတ်ဘူး။ ခေါင်းမရိတ်ခဲ့ရဘူး။ ပြီးတော့ သွေးနီဥကျတာလည်း မဖြစ်ခဲ့ဘူး။ အန်တာလည်းမရှိဘူး။ အစားလည်းမပျက်ဘူး၊ အအိပ်လည်းမပျက်ဘူး၊ ကိုယ်ခံယူထားတာက ကိုယ်ခံအားကောင်းမှ ဒီဆေးဒဏ်ကိုခံနိုင်မယ်လို့ ခံယူထားတာလေ။ အသားအရေကလည်း ပြောင်းလဲမှုမရှိခဲ့ဘူး။ ကင်ဆာဆေးသွင်းမယ်ဆိုတော့ စိတ်ကိုပြင်ဆင်ပြီး ဘာသာရေးဘက်လှည့်လိုက်တယ်။ အဲဒီအတွက် ပေါ့ပေါ့ပါးပါး ပြီးသွားတယ်လို့ပဲပြောရမှာပါ။ အရင်တုန်းကလည်း ဘာသာရေးလုပ်ပေမယ့် ဒီအချိန်မှာ ဘာသာရေးကိုပိုပြီး အားထုတ်ဖြစ်သွားတယ်။

ပထမဆုံးတစ်ကြိမ် ကင်ဆာဆေးသွင်းတော့ လက်ကိုအပ်သွင်းတာ အဆင်မပြေလို့လားမသိဘူး၊ အောင့်တောင့်တောင့်ဖြစ်နေတယ်။ နောက်ပိုင်းကျတော့ ဘာမှထူးထူးခြားခြားသိပ်မဖြစ်ဘူး”ဟု မရီရီထွန်းက ပြောသည်။ ကင်ဆာဆေးသွင်းချိန်တွင် မရီရီထွန်းသည် ကိုယ်ခံအားကောင်းစေရန်အတွက် နေ့စဉ် ကညွတ်ကြော်စားပြီး တစ်နေ့ ပျားလိမ္မော် ၅၀ ကျပ်သား၊ နာနတ်သီးတစ်လုံး၊ ပန်းသီးနှစ်လုံး၊ မင်းကွတ်သီး အနည်းဆုံး ၁၅လုံး၊ ကြက်မောက်သီး အနည်းဆုံး ၁၀-၁၅လုံး စသဖြင့် စားခဲ့ကြောင်းသိရသည်။

“အသီးအနှံနဲ့ အရွက်တွေကို များများစားတယ်။ ရေကို တစ်နေ့သုံးလီတာနဲ့အထက်သောက်တယ်။ ဒီလိုစားသောက်မှ ကိုယ်ခံအားကောင်းမှာလို့ ခံယူပြီးစားတယ်။ ဒါပေမဲ့ လက်ဆစ်လေးတွေ နည်းနည်းကျဉ်တော့ အစ်မအလုပ်ဖြစ်တဲ့ ဆံပင်ညှပ်တာမှာ အခက်အခဲရှိခဲ့တယ်။ ခေါင်းကိုင်လို့ မရဘူး၊ ဆံပင်ညှပ်လို့ မရဘူး။ ဒါပေမဲ့ အစ်မက အိပ်ရာထဲလဲတဲ့အထိ အားနည်းသွားမှာကို အရမ်းကြောက်တယ်။ အဲဒီစိတ်နဲ့နေတော့ ဆေးကုတဲ့တစ်လျှောက်လုံး ဆိုင်မှာတပည့်တွေ၊ ညီမလေးတွေကိုသင်ပြပြီး တောက်လျှောက်လုပ်နိုင်ခဲ့တယ်။ ကင်ဆာဆေးသွင်းတာကတော့ ၂၁ ရက်တစ်ကြိမ်သွားရပါတယ်။ ဆေးမသွင်းခင် တစ်ရက်ကြိုပြီး သွေးစစ်ရတယ်။ ဆေးသွင်းပြီး ၁၀ရက်မှာ သွေးပြန်စစ်ရပါတယ်။ အဲဒီအချိန်ကလွဲလို့ ဆိုင်မှာ တောက်လျှောက် အလုပ်လုပ်နိုင်ခဲ့တယ်”ဟု မရီရီထွန်းက ကင်ဆာကုသစဉ် သူ၏နေထိုင်စားသောက်ပုံနှင့် အတွေ့အကြုံများကို ပြောပြခဲ့သည်။

သမီးလေး တစ်ဦးရှိသော မရီရီထွန်းသည် ယခုအခါ စိတ်ရောကိုယ်ပါ ကျန်းမာစွာဖြင့် လှိုင်မြို့နယ်တွင် အလှပြင်ဆိုင်လုပ်ငန်းကို ဦးဆောင်လုပ်ကိုင်လျက်ရှိသည်။ “၂၀၁၆၊ ၁၀လပိုင်းမှာ ကုသမှုအားလုံးပြီးတော့ ဆေးပြန်စစ်တဲ့အခါ သွေးနီဥလည်းမကျဘူး၊ သွေးအားလည်း မလျော့ဘူး . . ဒါပေမဲ့ တစ်လတစ်ကြိမ် ဆရာကြီးနဲ့ပြန်ပြပြီး သူညွှန်တဲ့ အားဆေးတွေစားနေပါတယ်။ အစ်မကလည်း တစ်ကျော့ပြန်မဖြစ်အောင် သတိနဲ့ နေထိုင်စားသောက်ပါတယ်”

ကင်ဆာဖြစ်နေသူများ၊ ကင်ဆာကုသမှု ခံယူနေရသူများအတွက် မရီရီထွန်းက သူ့အတွေ့အကြုံကိုအခြေခံပြီး အားပေးစကား ပြောကြားလိုက်ပါသည်။

“အစ်မက ဆေးရုံ၊ ဆေးခန်းသွားတိုင်း ကင်ဆာလူနာတွေတွေ့ရင် အားပေးစကားလေးပြောဖြစ်ပါတယ်။ ဘယ်သူမှတော့ ကင်ဆာမဖြစ်ချင်ဘူးလေ၊ အရင်တုန်းက ကင်ဆာဖြစ်လာရင် အခုချက်ချင်းပဲ သေမင်းက ခေါ်တော့မယ်လို့ထင်ကြတယ်။ တကယ်တော့ မဟုတ်ပါဘူး။ ဖြစ်လာတော့လည်း ကိုယ့်စိတ်ကိုပြင်ဆင်ပြီး ကုသမှုခံယူရင်ပျောက်ပါတယ်။ အစ်မတို့ အိမ်နားက အန်တီတစ်ယောက်ဆိုရင် ရင်သားကင်ဆာကုပြီး အခု ၇ နှစ်-၈နှစ်လောက်ရှိပြီ။ ကျန်းကျန်းမာမာပါပဲ။

တစ်ခုသတိပေးချင်တာက တချို့ကင်ဆာလူနာတွေက အစားအသောက်ကို အရမ်းရှောင်ကြတယ်။ ရောဂါပိုဆိုးမှာစိုးလို့ဆိုပြီး ဟိုအသီးဆိုလည်း မစားရဲဘူး၊ ဒီအသီးဆိုလည်း မစားရဲဘူး။ တကယ်က အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို စားသောက်ကြပါ .. ဒါမှ ကုသမှုကိုခံနိုင်ရည်ရှိမှာ ဖြစ်ပါတယ်။ အစ်မအတွေ့အကြုံအရ ပြောရရင် ကင်ဆာဖြစ်ပြီးမှ စိတ်ကပိုမာသွားတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ပိုဂရုစိုက်ဖြစ်သွားတယ်။ စိတ်ဓာတ်ခိုင်မာအောင် ဘာသာရေးဘက် လှည့်လိုက်တယ်။ စိတ်ကပျော့ပြီး “ငါတော့ ကင်ဆာဖြစ်နေပြီ၊ သေတော့မှာပဲ”လို့ တွေးလိုက်ရင် ပိုဆိုးသွားမယ်။

ဒါကြောင့် စိတ်ကိုတည်ငြိမ်အောင်ထားပြီး အစားအသောက်၊ အနေအထိုင်ကို ဂရုစိုက်နေထိုင်မယ်၊ ဆေးကုသမှုကို တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ပြသပြီး စနစ်တကျခံယူမယ်၊ ဘာသာတရားကို လိုက်စားမယ်ဆိုရင် ကင်ဆာဆိုတာ ကြောက်စရာမဟုတ်ပါဘူး။ အစ်မကိုယ်တွေ့ပါ။ အခုခေတ်မှာတော့ ဆေးဝါးတွေကလည်း ခေတ်မီနေပြီဖြစ်လို့ ဆေးကုသလိုက်ရင် အတော်များများ သက်တမ်းစေ့နေနိုင်ပါတယ်။ ဒါကြောင့်ကင်ဆာဖြစ်လို့ စိတ်ဓာတ်ကျစရာ မလိုပါဘူး၊ ကိုယ်ကိုးကွယ်ရာ ဘာသာတရားအလိုက် စိတ်ကိုအားတင်းပြီး ကုသမှုခံယူပါလို့ အကြံပြုချင်ပါတယ်”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top