Healthy Life Ad
Life Style

အမျိုးသမီးငယ်လေးတွေကိုမှန်ကန်တဲ့နည်းနဲ့ လှစေချင်တဲ့အတွက် Healthy Lifestyle ကို တဖြည်းဖြည်းနဲ့ ဆွဲခေါ်သွားချင်ပါတယ် Beauty Blogger ဝင်းမင်းသန်း

၊ အေးမို့မို့ဇော် ၊

မေး။ ။ တစ်နေ့တာ အသားအရေထိန်းသိမ်းမှုနဲ့ နေ ထိုင်မှုပုံစံလေးကို ပြောပြပေးပါရှင့်။
ဖြေ။ ။ အရေးကြီးဆုံးက တစ်နေ့မှာ ရေ ၂လီတာ သောက်တယ်။ သောက်တဲ့အခါမှာ တစ်ခွက်တည်းနဲ့ အများကြီး သောက်လိုက်တာထက် ဖြည်းဖြည်းချင်းနဲ့ တစ်နေ့လုံးကိုယ့်ရဲ့ ကိုယ်ခန္ဓာထဲမှာ ရေလည်ပတ်မှုနှုန်းများနေအောင် ဂရုစိုက်ပြီးတော့ သောက်ဖြစ်တယ်။ စားတဲ့အခါမှာလည်း ကစီဓာတ် လျော့နည်းတာကို စားတယ်။ ဒါပေမဲ့ အကုန်လုံး ကစီဓာတ်မပါဘူးလား ဆိုရင်လည်း မဟုတ်ဘူး။ ကစီဓာတ်မပါလို့ကလည်း မရဘူး။ ပြီးတော့ အရွက်များများစားတယ်။ အရမ်းချိုတဲ့ အသီးတွေ နည်းနည်းရှောင်တယ်။ သကြားကို လုံးဝရှောင်တယ်။ ပြုပြင်ထုပ်ပိုးထားတဲ့ အစားအသောက်တွေကို တတ်နိုင်သလောက်မစားဘူး။ အခုလို ထိန်းကွပ်ပြီးတော့ စားတဲ့အခါမှာ အကျိုးကျေးဇူးတွေ ကိုခံစားရပါတယ်။

မေး။ ။ စိတ်ဖိစီးမှုတွေကြုံလာတဲ့အခါမှာ ဘယ်လိုနည်း လမ်းတွေနဲ့ ဖြေလျှော့လေရှိပါသလဲ။
ဖြေ။ ။ ကိုယ်မမြင်ရတဲ့ တိုက်ပွဲတွေကို လူတိုင်းက ဖြတ်သန်းနေရတယ်။ အမောတွေကတော့ရှိတာပဲ။ များသောအားဖြင့် ခရီးထွက်တယ်။ ကံကောင်းတာက ကိုယ်က အပျို၊ လူလွတ်ဆိုတော့ စိတ်သွားတိုင်း ကိုယ်ပါတယ်။ ခရီးအရမ်းထွက်ဖြစ်တယ်။ အဲ့ဒါက ကိုယ့်အတွက် စိတ်ကို အာဟာရပြည့်ဝစေတယ်။ အသိဉာဏ်တွေလည်း တိုးစေတယ်။ အသစ်၊ အသစ်တွေကိုလည်း သင်ယူဖို့ အခွင့်အလမ်းတွေလည်းဖြစ်စေတယ်။ ခရီးမသွားနိုင်တဲ့အခါကျရင်လည်း ကိုယ့်ဘေးနားမှာရှိတဲ့ အပေါင်းအသင်းတွေ၊ မိဘဆွေမျိုးတွေနဲ့အချိန်ကုန်တယ်။

မေး။ ။ မိန်းကလေးတစ်ယောက်အတွက် အလှအပနဲ့ ကျန်းမာရေးက ဘယ်လောက်ထိအရေးပါသလဲ။
ဖြေ။ ။ ကျန်းမာခြင်းကလာဘ်ကြီးတစ်ပါးပေါ့။ မကျန်းမာတဲ့အခါကျရင် အထူးသဖြင့် နှာစေး၊ ချောင်းဆိုး၊ လည်ချောင်းနာဖြစ်ရင်တောင် နေရထိုင်ရတာ ခက်ခဲတယ်။ ကိုယ့်ခန္ဓာဆိုးကျိုးတွေဖြစ်စေမယ့် အပြုအမူတွေကိုရှောင်ရမယ်။ ဂရုစိုက်ရမယ်။

မေး။ ။ Beauty Bloggerတစ်ယောက်အနေနဲ့ ဝက်ခြံပေါက်တဲ့ မိန်းကလေးတွေကို ဘယ်လိုအကြံပြု ချက် ပေးချင်ပါလဲ။
ဖြေ။ ။ မြန်မာအမျိုးသမီးလေးတွေ အသက်ကြီးကြီးငယ်ငယ် အစ်မတို့တွေ့နေရတာက လွဲမှားနေတာ က မိတ်ကပ်တွေချည်းပဲလိမ်းပြီးတော့ အားလုံးက လှမယ်လို့ ထင်နေကြတယ်။ တကယ်တမ်းတော့ အစားအသောက်၊ အနေအထိုင်၊ ကျန်းမာလှပတဲ့ ရွေးချယ်မှုတွေကို ကိုယ်ဘက်ကနေ ဉာဏ်နဲ့ယှဉ်ပြီးရွေးမှ ကျန်းမာလှပတဲ့ ဘဝကိုရမှာ။ ကျန်းမာမှ တကယ်လှပတဲ့ အလှစစ်ကိုရမှာဖြစ်တဲ့အတွက် ကိုယ့်ရဲ့ကျန်းမာရေးကို အဓိကဦးစားပေးပါ။ အစ်မ ကိုယ်တိုင်က အစားအသောက်ကို ဂရုစိုက်တယ်။ ချို၊ ချဉ်၊ ဖန်၊ ခါး အာဟာရမျှတတာ စားတယ်။ ရေများများသောက်တယ်။ သကြားလျှော့စားတယ်။ အဆီအအိမ့်၊ အကြော်အလှော်တွေရှောင်တယ်။ လတ်ဆတ်တဲ့အသီးအနှံတွေကိုစားတယ်။ ဒါမျိုးတွေကို ကိုယ့်အထဲကိုထည့်မှ ပြန်ထွက်တဲ့အရောင်ကလည်း လတ်ဆတ်တဲ့အရောင်ပြန်ထွက်မှာပေါ့။


မေး။ ။ အလှအပအစီအစဉ်တွေအနေနဲ့ ရှေ့ဆက်ပြီး ဘာတွေလုပ်သွားဖို့ရှိပါသလဲ။
ဖြေ။ ။ အမျိုးသမီးငယ်လေးတွေကို မှန်ကန်တဲ့နည်းနဲ့ လှစေချင်တဲ့အတွက်ကြောင့် ပိုပြီးကျန်းမာတဲ့အ သွင်ကိုဆောင်တဲ့ Healthy Lifestyle ကို တဖြည်း ဖြည်းနဲ့ ဆွဲခေါ်သွားချင်ပါတယ်။ ကိုယ်ကိုယ်တိုင်လည်း အဲ့လိုမျိုးပြောနိုင်ဖို့အတွက် အရင်တုန်းက ကိုယ်အလေးချိန်လေးတွေ ပိုခဲ့တာကို အစားအသောက်နဲ့ အရင်ဆုံးဆင်ခြင်တယ်။ ကိုယ်လက်လှုပ်ရှားမှုနဲ့ ဘယ်လောက်ကြီးအထိ ကိုယ့်ကိုယ်ကိုယ်တွန်းအား ပေးနိုင်မလဲ၊ ကျန်းမာတဲ့ဘဝကိုရအောင်လုပ်နိုင်မလဲ။ အဲ့လိုရလာတဲ့အခါ ကိုယ့်ရဲ့စာဖတ်ပရိသတ်ကိုပြန်ပြီး ဘယ်လိုဝေမျှရမလဲဆိုတာကို အခုနည်းနည်းအရှိန်ယူနေပါတယ်။

မေး။ ။ ပရိသတ်တွေကို ကျန်းမာရေးနဲ့ ပတ်သက်လို့ စကားလက်ဆောင်လေး ပြောပေးပါရှင့်။
ဖြေ။ ။ တကယ်တမ်းတော့ ကိုယ့်ရဲ့ ကျန်းမာရေးဆိုတာ အမှန်တကယ်ဂရုစိုက်သင့်တယ်။ ကိုယ်ခန္ဓာက နေ့စဉ်လှုပ်ရှားသွားလာနေရတာဆိုတော့ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်မှဂရုမစိုက်ရင် ဘယ်သူမှ လာဂရုစိုက်မှာ မဟုတ်တဲ့အတွက် မှန်ကန်တဲ့ဂရု စိုက်နည်းတွေနဲ့ ဂရုစိုက်နိုင်ကြပါစေ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top