Healthy Life Ad
Health Tips

လေ့ကျင့်ခန်းလုပ်တဲ့အခါ ဘယ်လိုအမှားတွေ ဆင်ခြင်ရမလဲ . . .

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

လေ့ကျင့်ခန်းလုပ်ရာမှာ လူအများစုပြုလုပ်လေ့ရှိတဲ့ အလှအပဆိုင်ရာအမှားတွေလုပ်မိရင် ဆံပင်နဲ့အသားအရေကို ထိခိုက်စေနိုင်ပါတယ်။

အမှား (၁) လေ့ကျင့်ခန်းမလုပ်မီ မျက်နှာမသစ်ခြင်း

လေ့ကျင့်ခန်းလုပ်ချိန်အတွင်း ချွေးတွေကိုသုတ်တာကြောင့် မိတ်ကပ်၊ အညစ်အကြေး၊ အရေပြားပေါ်က အဆီနဲ့ ချွေးတွေက ချွေးပေါက်ထဲ စိမ့်ဝင်ရောက်ရှိပြီး ချွေးပေါက်ပိတ်တာနဲ့ ဝက်ခြံအဖုအပိမ့်တွေပေါက်တာတို့ ဖြစ်တတ်ပါတယ်။

– ဘယ်လို လုပ်သင့်သလဲ

အကောင်းဆုံးနည်းက လေ့ကျင့်ခန်းမလုပ်ခင် မိတ်ကပ်တွေကို ဖျက်ဖို့နဲ့ မျက်နှာကို သေချာဆေးကြောဖို့ ဖြစ်ပါတယ်။ ဒါမှသာ ချွေးပေါက်ပိတ်တာနဲ့ ဝက်ခြံအဖုအပိမ့်တွေပေါက်တာတို့မဖြစ်အောင် ကာကွယ်နိုင်မှာပါ။ မျက်နှာသုတ်တာ၊ ပွတ်တာတို့ လုပ်မယ့်အစား သန့်ရှင်းနူးညံ့တဲ့အဝတ်စနဲ့ အရေပြားကို သန့်စင်သင့်ပါတယ်။

အမှား (၂) ဆံပင်ကို တင်းကျပ်စွာ စည်းနှောင်ခြင်း

လေ့ကျင့်ခန်းလုပ်နေစဉ် ဆံပင်ကို ပိုနီတေး စည်းနှောင်တာကြောင့် ဆံပင်နဲ့ဦးရေပြား တင်းမာမှုဖြစ်ပြီး ဆံပင်တွေ ကျိုးပြတ်လွယ်စေနိုင်ပါတယ်။

– ဘယ်လို လုပ်သင့်သလဲ

ဆံပင်ကိုစုလိမ်ကာ ထုံးဖွဲ့လိုက်ပါ။ ပြီးရင် ဆံပင်တွေ လျှောမကျစေဖို့ ဆံညှပ်တစ်ခုနဲ့ သိမ်းထားပါ။

အမှား (၃) နိုင်လွန်ခေါင်းပတ်ပတ်ခြင်း

ချည်သားခေါင်းပတ်ဟာ အစိုဓာတ်ကို စုပ်ယူနိုင်ရုံသာမက ဆံစပ်လိုင်းကချွေးတွေကိုပါ ထိန်းထားနိုင်ပါတယ်။

– ဘယ်လို လုပ်သင့်သလဲ

နိုင်လွန်ခေါင်းပတ်ဟာ ချွေးတွေကို စိုထိုင်းစေပြီး ဆံပင်တွေကို စေးကပ်နေစေပါတယ်။ ဒါကြောင့် ချည်သားခေါင်းပတ်ကို အစားထိုးပတ်ပါ။ လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ ခေါင်းပတ်ဖြုတ်ပြီး ခေါင်းလျှော်ရည်နဲ့လျှော်ကာ လေမှုတ်စက်နဲ့ အခြောက်ခံပေးပါ။

အမှား (၄) ချွေးစိုသော အားကစားဝတ်စုံနှင့် နာရီပေါင်းများစွာနေခြင်း

လေ့ကျင့်ခန်းလုပ်ပြီး မလုပ်သင့်တဲ့ အမှားက ရေချိုးဖို့စောင့်နေတာပဲ ဖြစ်ပါတယ်။ ချွေးပြန်တာ ကြာလေလေ၊ အရေပြားမှာ ပိုးဝင်ကူးစက်နှုန်း မြင့်မားလေလေ ဖြစ်ပါတယ်။ ဘက်တီးရီးယားတွေက စိုထိုင်းပူနွေးတဲ့ အခြေအနေမှာ ရှင်သန်ပြီး မိနစ် ၂၀ ကြာတိုင်း နှစ်ဆလောက်ပွားများနေပါတယ်။

– ဘယ်လို လုပ်သင့်သလဲ

လေ့ကျင့်ခန်းလုပ်တဲ့အခါ လေဝင်လေထွက်ကောင်းတဲ့ အားကစားဝတ်စုံ -ဝတ်ပါ။ လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ ချွေးတွေကိုသုတ်ပြီး ရေချိုးပါ။

အမှား (၅) မိတ်ကပ်လိမ်းရက် လေ့ကျင့်ခန်းလုပ်ခြင်း

ချွေးထွက်တဲ့အခါ ချွေးပေါက်တွေပွင့်ပြီး ဘက်တီးရီးယားပိုး၊ အညစ်အကြေးနဲ့ အဆီတွေကိုဖိတ်ခေါ်သလို ဖြစ်တတ်ပါတယ်။ မိတ်ကပ်လိမ်းပြီး လေ့ကျင့်ခန်းလုပ်တာကြောင့် ချွေးပေါက်ပိတ်ပြီး မျက်နှာ၊ အထူးသဖြင့် မျက်ဝန်းတစ်ဝိုက် အဖုအပိမ့်တွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

– ဘယ်လို လုပ်သင့်သလဲ

မိတ်ကပ်တွေကို သန့်စင်ပြီးမှ အားကစားခန်းမမှာ လေ့ကျင့်ခန်းလုပ်ပါ။

အမှား (၆) ရေစိုခံ မက်စ်ကာရာဆိုးပြီး အားကစားခန်းမတွင် လေ့ကျင့်ခြင်း

ပုံမှန်ချွေးထွက်တာက ပြဿနာမရှိပေမယ့် ချွေးထွက်များလွန်းရင် မျက်ဝန်းမှာလိမ်းခြယ်ထားတဲ့ ရေစိုခံ မက်စ်ကာရာတွေက အဆီနဲ့ အညစ်အကြေးတွေဟာ မျက်စိထဲဝင်ပြီး အမြင်ဝါးတာ၊ မျက်စိယားယံတာနဲ့ မျက်စိပူစပ်ပူလောင်ဖြစ်တာတို့ ဖြစ်စေနိုင်ပါတယ်။

– ဘယ်လို လုပ်သင့်သလဲ

လေ့ကျင့်ခန်းလုပ်တဲ့အခါ မျက်ဝန်းကို မက်စ်ကာရာဆိုးချင်ရင် ဓာတ်မတည့်မှုသက်သာပြီး ရေစိုခံတဲ့ မက်စ်ကာရာကိုရွေးချယ်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top