Healthy Life Ad
Local

ရင်သားကင်ဆာ ဖြစ်ပြီးသူများ ပြန်လည်မဖြစ်ပွားရန် ကာကွယ်နည်းများ မျှဝေ ပြောကြား

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပ ပြုလုပ်သည့် အရှေ့တောင်အာရှ ဒေသဆိုင်ရာ ရင်သားကင်ဆာဆွေးနွေးပွဲကို ကြိုဆိုသောအားဖြင့် ပြည်သူလူထုအား ရင်သားကင်ဆာအကြောင်း အသိပညာပေးအစီ အစဉ်တစ်ရပ်ကို ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းက ပြုလုပ်ကျင်းပခဲ့ရာ ရင်သားကင်ဆာဖြစ်ပြီး ပြန်လည် မဖြစ်ပွားနိုင်ရန် ကာကွယ်နည်းများကို အမေရိကန်နိုင်ငံမှ ပညာရှင်တစ်ဦးက မျှဝေပြောကြား ခဲ့ကြောင်းသိရသည်။

“ရင်သားကင်ဆာဖြစ်ပြီးသူတွေ ပြန်မဖြစ်အောင် ဘယ်လို ကာကွယ်ရမလဲဆိုတဲ့နေရာမှာ အရေးကြီးဆုံးက ကုသမှုကိုဘယ်လို ခံယူခဲ့သလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ကုသမှုမှာ (၁) ခွဲစိတ်တယ်၊ (၂) ဓာတ်ရောင်ခြည်ပြတယ်၊ (၃) ကင်ဆာဆေးသွင်းတယ် . . ဒီကုသမှု သုံးခုလုံးကို အကောင်းဆုံး ရယူထားဖို့လိုပါတယ်။

ရင်သားကင်ဆာကုပြီးရင် ငါးနှစ်နဲ့ ၁၀နှစ် အတွင်း ပြန်မဖြစ်အောင် ကာကွယ်ဖို့ ဆေးသောက်ရပါတယ်။ ဒီဆေးကြောင့် ဘေးထွက် ဆိုးကျိုးဖြစ်လာတတ်ပါတယ်။ ဒီလိုဘေးထွက် ဆိုးကျိုးဖြစ်လာရင် သက်ဆိုင်ရာဆရာဝန်နဲ့ ပြန်လည်တိုင်ပင်ဆွေးနွေးပြီး သက်သာအောင် လုပ်နိုင်ပါတယ်။ ဆေးကို ကိုယ့်သဘောနဲ့ကိုယ် ရပ်မပစ်သင့်ပါဘူး”ဟု ဆိုသည်။

ထို့ပြင် ရင်သားကင်ဆာကုသပြီးချိန်တွင် နေထိုင်စားသောက်မှုပုံစံကို ကျန်းမာရေးနှင့် ညီညွတ်စွာ လိုက်နာသင့်ကြောင်း သိရသည်။

“ရင်သားကင်ဆာကုပြီးချိန်မှာ ကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းနေဖို့လိုပါတယ်။ (၁)ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းကို ပြုလုပ်ပေးရပါမယ်၊ (၂) ကျန်းမာရေးနဲ့ အညီ စားသောက်ရပါမယ်။ ဒီနည်းတွေက ကင်ဆာကို သာမက တခြားရောဂါတွေဖြစ်တဲ့ နှလုံးရောဂါ၊ သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါတွေမဖြစ်အောင် ကာကွယ်ရာရောက်ပါတယ်”ဟု ယင်းက ဆိုသည်။

ရင်သားတွင် နာကျင်ခြင်း၊ တင်းမာခြင်း စသည့်ဝေဒနာတစ်ခုခု ဖြစ်ပေါ်လာပါက ကျိတ်၍ စိုးရိမ်ပူပန်မနေဘဲ ဆရာဝန်နှင့် ချက်ချင်းပြန်လည် ပြသသင့်ကြောင်း အကြံပေးထားသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top