Healthy Life Ad
Life Style

ကျွန်တော့်ကို ဒုက္ခရောက်အောင် ဖန်တီးနေကြတယ် ဆရာ . . .

ပါမောက္ခဒေါက်တာဉာဏ်ဝင်းကျော် (ဦးနှောက်နှင့် စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး)

အသက် ၅၀ အရွယ် ဦးသောင်းက ဆရာနဲ့တွေ့တွေ့ချင်းမှာပဲ စပြောပါတယ်။

“ကျွန်တော် ခံစားနေရတာသုံးနှစ်လောက်ရှိပြီ။ ခံစားနေရတာကို ဘယ်သူ့မှမပြောဘဲ ကြိတ်မှိတ်ပြီး ဘုရားရှိခိုးတယ်၊ မေတ္တာပို့တယ်၊ တရားမှတ်တယ် . .အဲဒီလိုတွေနေနေရတာ ဆရာ၊ အခုတော့ ဘယ်လိုမှကြိတ်မခံစားနိုင်တော့လို့၊ မခံနိုင်လွန်းတော့လို့ ဆေးရုံကိုရောက်လာတာပါ”

“အခုလောလောဆယ် ဘာတွေခံစားရသလဲ”လို့ ဆရာက မေးကြည့်တော့ ဦးသောင်းက-

“လောလောဆယ် ခေါင်းထဲမှာမူးနောက်ပြီး တစ်ချက်တစ်ချက် မျက်လုံးတွေလည်း ဝါးသလိုခံစားရတယ်”လို့ ဖြေပါတယ်။

“ဒါပဲလား၊ တခြားဘာတွေ ဖြစ်သေးလဲ ပြောပြပါဦး”လို့ ဆရာကမေးလိုက်တော့ သူက အကြာကြီးတိတ်နေပါတယ်။ ပြီးမှ သက်ပြင်းချပြီး ဖွင့်ပြောလိုက်တော့မယ့်ပုံနဲ့-

“ဆရာ့ကိုပြောရင် ယုံမလားမသိဘူး။ ကျွန်တော့်အိမ်ရဲ့အောက်မှာ လှိုဏ်ခေါင်းကြီးရှိတယ်ဆရာ”လို့ ခပ်တိုးတိုးလေသံနဲ့ ပြောပါတယ်။

“လှိုဏ်ခေါင်းကြီးရှိတာကို ခင်ဗျားဘယ်လိုလုပ်သိတာလဲ”လို့ မေးတော့-

“မဟုတ်ဘူးဆရာ၊ ကျွန်တော့်စိတ်ထဲမှာ ခံစားပြီးသိနေတာ . . လှိုဏ်ခေါင်းကြီးရှိတယ်လို့၊ အဲဒီလှိုဏ်ခေါင်းကြီးထဲကနေ အသံတွေနဲ့ သူတို့အချင်းချင်း တွတ်တွတ်တွတ်တွတ်ပြောနေကြတာကိုလည်း ကျွန်တော်နေ့တိုင်း၊ ညတိုင်းကြားနေရတယ်ဆရာ”

သူတို့က လှိုဏ်ခေါင်းကြီးကို ပူအောင်လုပ်ပစ်လိုက်တယ် ဆရာ။ ဒီလို ပူအောင်လုပ်ရုံနဲ့ပြီးသွားရောလား . .မဟုတ်ဘူး ဆရာရေ့ . .ပူအောင်လုပ်တဲ့အခါမှာ ကျွန်တော့်ခန္ဓာကိုယ်ကြီးကလည်း ပူနွေးလာတယ်။ အဲဒီနောက် သူတို့က ကျွန်တော့်ခန္ဓာကိုယ်ထဲက အရည်တွေကို သူတို့နည်းသူတို့ဟန်နဲ့ စုပ်ထုတ်ယူလိုက်တယ်။ သူတို့စုပ်ထုတ်ယူတာ ဘယ်လောက်ဆိုးသလဲဆိုရင် . . .

“နောက်ကော ဘာတွေဆက်ဖြစ်သေးသလဲ ပြောပြပါဦး”လို့ မေးလိုက်တော့-

“နောက်တစ်ခုကတော့ တော်တော်ဆိုးတယ်ဆရာ၊ ကျွန်တော်ခံစားနေရတာ တော်တော်ဆိုးပါတယ်။ သူတို့က လှိုဏ်ခေါင်းကြီးကို ပူအောင်လုပ်ပစ်လိုက်တယ်ဆရာ။ ဒီလို ပူအောင်လုပ်ရုံနဲ့ ပြီးသွားရောလား . . မဟုတ်ဘူး ဆရာရေ့ . . ပူအောင်လုပ်တဲ့အခါမှာ ကျွန်တော့်ခန္ဓာကိုယ်ကြီးကလည်း ပူနွေးလာတယ်။ အဲဒီနောက် သူတို့က ကျွန်တော့်ခန္ဓာကိုယ်ထဲက အရည်တွေကို သူတို့နည်းသူတို့ဟန်နဲ့ စုပ်ထုတ်ယူလိုက်တယ်။ သူတို့စုပ်ထုတ်ယူတာ ဘယ်လောက်ဆိုးသလဲဆိုရင် ကျွန်တော့်တစ်ကိုယ်လုံးအေးစက်ပြီး ဘာမှမလှုပ်နိုင်၊ မကိုင်နိုင် ဖြစ်သွားတော့တဲ့အထိကို စုပ်ထုတ်လိုက်တာပါပဲ ဆရာရယ်။

ဘာမှမလှုပ်နိုင်၊ မကိုင်နိုင်တော့ဘဲ အေးစက်ပျော့ခွေသွားတဲ့အခါမှာ သူတို့က ကျွန်တော့်ကို ပြန်နွေးလာအောင်ဆိုပြီး ကျွန်တော့်ကိုယ်ထဲကို အရည်တွေ၊ အပူငွေ့တွေ ထိုးထည့်လိုက်ပြန်ရောဆရာ”လို့ ဦးသောင်းက မောသွားဟန်နဲ့ ခဏနားလိုက်ပါတယ်။

“အရည်တွေ၊ အပူငွေ့တွေ ထိုးထည့်လိုက်တော့ ဘာဆက်ဖြစ်သွားသလဲ”လို့မေးလိုက်တော့-

“အဲဒါတွေ ထိုးထည့်လိုက်တဲ့အခါမှာ နေရတာ အီတီတီ၊ အူတူတူကြီးနဲ့ တစ်မျိုးကြီးဖြစ်သွားတယ်ဆရာ . . ကြည့်ရတာ ကျွန်တော့်ကို ဒုက္ခရောက်အောင်လို့ သူတို့ဖန်တီးနေကြတယ်ထင်ပါတယ် ဆရာ . .”

“ဘယ်လိုတွေ ဒုက္ခရောက်အောင် ဖန်တီးနေတာလဲ”ဆိုတော့-

“ဆရာရယ် . .သူတို့က ကျွန်တော့်ခန္ဓာကိုယ်ထဲက အရည်တွေ စုပ်ထုတ်လိုက်၊ ကျွန်တော့်ကို ပူအောင်လုပ်လိုက်၊ အေးစက်သွားအောင်လုပ်လိုက် အမျိုးစုံလုပ်နေမှတော့ ကျွန်တော့်ခန္ဓာကိုယ်ကြီးက ဘယ်လိုလုပ်ပြီး ကောင်းနိုင်ပါတော့မလဲ၊ သူတို့ဖြစ်စေချင်တဲ့အတိုင်း လုပ်နေတာနေမှာပေါ့ဆရာ”လို့ ဦးသောင်းက ဖြေပါတယ်။

“တခြား ဘာတွေဆက်လုပ်သေးလဲပြောပါဦး”ဆိုတော့-

“တစ်ခါတစ်ခါ သူတို့လုပ်တာ ဘယ်လောက်အထိ ဆိုးရွားသလဲဆိုရင် ကျွန်တော့်နှာခေါင်းထဲမှာ မစင်နံ့လို အင်မတန်ခံစားရခက်တဲ့၊ အင်မတန်နံစော်တဲ့ အနံ့အသက်တွေရတယ် ဆရာ။ ဒီအနံ့တွေက ဘယ်ကနေရတယ်ထင်သလဲ ဆရာ . .သူတို့ ထိုးထည့်တဲ့အရည်တွေ၊ အပူငွေ့တွေကြောင့် ကျွန်တော့်နှာခေါင်းထဲမှာ အနံ့ဆိုးတွေရောက်လာတာပေါ့ ဆရာ”လို့ ဖြေပါတယ်။

“တခြားကော ဘာတွေဖြစ်သေးလဲ”

“ဒီလိုတွေဖြစ်တော့ ကျွန်တော်လည်း ဘာမှမတတ်နိုင်တဲ့အဆုံး ဘုရားရှိခိုးတယ်၊ မေတ္တာပို့တယ်၊ ဒီလိုလေးပဲနေပါတယ်။ တရားမှတ်တယ်။ ပြောရဦးမယ် ဆရာရေ . . တရားမှတ်တာလည်း မှတ်လို့မရအောင် သူတို့က အမျိုးမျိုးလာနှောင့်ယှက်နေကြတယ်။ နောက်ဆုံးမှာ ဘယ်လိုမှမတတ်နိုင်တော့ ကျွန်တော့်ညီမတွေနဲ့ မိသားစုဝင်တွေက ကြည့်မနေနိုင်အားလို့ ဆေးရုံကိုလိုက်ပို့ပေးတာပါပဲ ဆရာ”လို့ ဖြေပါတယ်။

“ဒီလိုဖြစ်တာ သုံးနှစ်ကြာပြီဆိုတော့ ဆေးရုံမလာဘဲ ဒီလိုပဲခံနေတာလား”လို့မေးလိုက်တဲ့အခါမှာ-

“ဒီလိုကြီးတော့ ဘယ်ခံနေပါ့မလဲ ဆရာရယ်၊ ကျွန်တော်တို့နဲ့ ပိုင်ရာဆိုင်ရာ ဆရာ့ဆရာတွေကိုတော့ ပြတာပေါ့ . .သူတို့က ပယောဂနဲ့ လုပ်နေတာဆိုတော့ ဂိုဏ်းဆရာကြီးတွေကိုလည်းပြတယ်၊ ပိုင်ရာဆိုင်ရာတွေကိုလည်း ပြပါတယ် . .အဲဒီလိုပြပေမယ့် သူတို့ကလည်း မေတ္တာပို့ဖို့၊ ဘုရားရှိခိုးဖို့၊ တရားပဲ ကောင်းကောင်းအားထုတ်ဖို့ ပြောတယ်ဆရာ၊ ဆေးတွေဝါးတွေလည်းပေးတာပေါ့ ဆရာရယ်၊ နောက်ပြီး အဆောင်လည်းပေးတယ်။

ဒါပေမဲ့ သူတို့ပေးတဲ့ ဆေးတွေနဲ့လည်း မသက်သာပါဘူး ဆရာရယ် . .နည်းနည်းလေး အိပ်ကောင်းသလိုဖြစ်လိုက်၊ နိုးတဲ့အချိန်မှာ သူတို့က ဒုက္ခပေးလိုက်နဲ့ ခံနေရတာပါပဲ ဆရာရယ် . .အဆောင်တွေကလည်း သိပ်မစွမ်းဘူးထင်ပါတယ် ဆရာရယ် . .အဲဒီအချိန်မှာ ဆရာကြီးတွေက ပိုစွမ်းမယ်ဆိုတဲ့ အဆောင်အယောင်တွေ ထပ်ပေးပါတယ်။ အင်းတွေကိုလည်း ပြာချသောက်ခိုင်းတယ်။ သူတို့လည်းကြိုးစားပြီး ကျွန်တော့်ကို အနှောင့်အယှက်တွေကင်းအောင် လုပ်ပေးကြပေမယ့် ကျွန်တော့်ကို အနှောင့်အယှက်ပေးနေတာတွေကတော့ လျော့မသွားဘဲ ပိုတိုးလာသလိုပါပဲ ဆရာ။ သူတို့ အဲဒီလိုဖြစ်လေလေ၊ ကျွန်တော် ပိုဒုက္ခရောက်လေလေပါပဲ ဆရာ”လို့ ဦးသောင်းက ဆိုပါတယ်။

ဦးသောင်းရဲ့ ညီမဖြစ်သူက “ဟုတ်ပါတယ်ဆရာ၊ ကျွန်မတို့လည်း မျိုးစုံကုပြီးပါပြီ။ ပယောဂဆရာတွေကော၊ ကောင်းနိုးရာရာ ဆရာတွေကော အစုံပြပြီးပါပြီ။ ဒါပေမဲ့ ဘယ်လိုမှ မထူးခြားပါဘူး။ အခုဆိုရင် ညဘက်မှာ တစ်ယောက်တည်း တွတ်တွတ်တွတ်တွတ်နဲ့ မအိပ်ဘဲနေတဲ့ ညတွေပိုများလာလို့ ရပ်ကွက်ထဲက ဆရာဝန်ဆီ သွားပြဖြစ်ခဲ့တာပါ။ အဲဒီဆရာဝန်က စိတ်ကျန်းမာရေးဆရာဝန်နဲ့ သွားပြမှဖြစ်မယ်ဆိုပြီး လွှဲလိုက်ပါတယ်။ ဒါနဲ့ ဆရာ့ဆီရောက်လာတာပါ”လို့ ဆိုပါတယ်။

ဦးသောင်းကို အသေးစိတ် စစ်ဆေးမေးမြန်းလိုက်တဲ့အခါ သူက သူများတွေမမြင်ရတဲ့အရာတွေကို မြင်နေတဲ့အပြင် မြေအောက်လှိုဏ်ခေါင်းထဲကနေ သူ့ကို အမျိုးမျိုးနှောင့်ယှက်နေတယ်ဆိုတာကို သိနေ၊ ခံစားနေရပါတယ်၊ ပြီးတော့ နှာခေါင်းထဲမှာ အနံ့ဆိုး အမျိုးမျိုးရနေပြန်ပါတယ်။ ဒါနဲ့ သူ့ကို ဆီး၊ ဝမ်း၊ သွေးစစ်ဆေးမှုတွေနဲ့ လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ပေးရပါတယ်။ သုံးနှစ်တာ ကာလအတွင်း ဘယ်သူမှမကြားရတဲ့ အသံတွေကို အမျိုးမျိုးကြားနေရတယ်၊ သူ့ခန္ဓာကိုယ်ထဲက အရည်တွေ၊ အငွေ့တွေစုပ်ထုတ်တယ်၊ သူ့အသက်ကိုရန်ရှာဖို့ ကြိုးစားနေတယ်ဆိုတဲ့ ယုံမှားလွန်မှုတွေကို ဦးသောင်းခံစားနေရပါတယ်။

အထိအတွေ့၊ အနံ့အသက်၊ အကြားအာရုံနဲ့ပတ်သက်တဲ့ လှုံ့ဆော်မှုမဲ့ အာရုံမှားတွေအပြင် အသက်အန္တရာယ်ကို ခြိမ်းခြောက်နေပါတယ်ဆိုတဲ့ ယုံမှားလွန်မှုတွေလည်း အပြည့်ရှိနေတာကြောင့် ဦးသောင်းကို ဆေးရုံမှာ ခဏတက်ပြီး အနားယူရင်း အနှောင့်အယှက် အန္တရာယ်တွေ လျော့ပါးသွားအောင် အရေးပေါ် စနစ်တကျဆေးဝါးကုသမှုခံယူဖို့ ပြောလိုက်ပါတယ်။ အဲဒီအခါ လူနာကိုယ်တိုင်က လိုလိုလားလားနဲ့ “ဟုတ်ပါတယ်ဆရာ၊ ဆေးရုံရောက်ပြီး အခုလို ဆရာကြီးနဲ့ပြောလိုက်ရတဲ့အခါ အသံတွေကြားနေရတာတွေ၊ အနှောင့်အယှက်ပေးနေတာတွေ လျော့သွားသလိုခံစားရတာကြောင့် ကျွန်တော်တော့ဆေးရုံတက်ပြီး အနားယူချင်ပါတယ်”လို့ ပြောပါတယ်။ လူနာရှင်တွေကလည်း “ဆရာကြီးရယ် . . ဆေးရုံသာ အမြန်ဆုံးတင်ထားပေးပါတော့”လို့ တောင်းဆိုတာကြောင့် ဦးသောင်းကို ဆေးရုံတင်ပြီး စနစ်တကျ သင့်တော်တဲ့ ကုသမှုတွေကို ပေးနေရပါတယ်။

အားလုံး ကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top