Healthy Life Ad
International

အဆုတ်ကင်ဆာနဲ့ သေဆုံးသွားတဲ့ဇနီးသည်အလောင်းကို အအေးစိမ်ထားတဲ့ တရုတ်အမျိုးသား

၊ မိုးမင်းထွန်း ၊

တရုတ်နိုင်ငံမှ ဂီဂျူမင်အမည်ရအမျိုးသားဟာ လွန်ခဲ့တဲ့ မေလ ၈ ရက်နေ့က အဆုတ်ကင်ဆာနဲ့ သေဆုံးသွားတဲ့ ဇနီးသည်ရဲ့အလောင်းကို တစ်နေ့မှာ သိပ္ပံပညာက အဆုတ်ကင်ဆာကိုကုသနိုင်ကာ ပြန်လည်ရှင်သန်ထမြောက်အောင် ပြုလုပ်နိုင်မယ် ဆိုတဲ့မျှော်လင့်ချက်နဲ့ အအေးစိမ်ထားခဲ့ပါတယ်။

ဇနီးသည်သေဆုံးပြီးပြီးချင်း တရုတ်ဆရာဝန်တွေနဲ့ အမေရိကန်ပညာရှင်တစ်ယောက်တို့ပူးပေါင်းကာ အလောင်းမပုပ်မသိုးအောင် အအေးစိမ်တဲ့လုပ်ငန်းကို ၅၅ နာရီကြာပြုလုပ်ခဲ့ကြပါတယ်။ အပူချိန် အနုတ် ၁၉၆ ဒီဂရီ ဆဲလ်စီးယပ်အောက်မှာ နိုက်ထရိုဂျင်အရည် ၂၀ဝ၀ လီတာအပြည့်ရှိတဲ့ ကန်ထဲမှာ အလောင်းကို စိမ်ထားခဲ့ကြတာပါ။ ကမ္ဘာတစ်ဝှမ်း အနည်းဆုံး လူ ၃၀ဝ ခန့်ဟာ ဒီလိုထူးဆန်းတဲ့ ယုံကြည်မှုအတွက် သေဆုံးသွားတဲ့ ဆွေမျိုးတွေကို ရေခဲစိမ်ထားကြပြီး တရုတ်နိုင်ငံမှာတော့ ပထမဆုံး ဖြစ်ကြောင်း သိရပါတယ်။

ကိုယ်ခန္ဓာအလောင်းတစ်ခုကို အအေးစိမ်ဖို့ တရုတ်ယွမ် ၂ သန်း(အမေရိကန်ဒေါ်လာ ၃ သိန်း နီးပါး) ကုန်ကျပြီး နိုက်ထရိုဂျင်အရည်ပြန်ဖြည့်ဖို့ တစ်နှစ် တရုတ်ယွမ် ၅ သောင်းကုန်ကျတယ်လို့ သိရပါတယ်။ ဂီက သူသေဆုံးပါကလည်းအလောင်းကို ရေခဲစိမ်မှာဖြစ်ပြီး အိမ်ထောင်သက် နှစ် ၃၀ ရှိခဲ့တဲ့ ဇနီးကိုအဖော်လုပ်ပေးဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ ကုသမရတဲ့ ရောဂါနဲ့သေဆုံးသွားတဲ့ ချစ်ခင်သူတွေနဲ့ မခွဲခွာချင်တဲ့ဆန္ဒဟာ လူတိုင်းရဲ့ဆန္ဒဖြစ်ကြောင်းလည်း ပြောပြခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top