Healthy Life Ad
International

လက်သည်းအလှပြင်ရင်း လက်သည်းမှ အနက်စင်းကြောင်းကြောင့် အရေပြားကင်ဆာ ရှိနေကြောင်း သိရှိခဲ့ရ

၊ မိုးမင်းထွန်း ၊

ဗြိတိန်နိုင်ငံမှ အလှပြင်ဆရာမ ဂျင်းစကင်နာဆီသို့ မကြာခင်က လက်သည်းအလှပြင်မယ့် အမျိုးသမီးတစ်ယောက်ရောက်လာခဲ့ပါတယ်။ သူရဲ့ လက်သည်းတစ်ခုမှာ အနက်ရောင် ဒေါင်လိုက်အစင်းကြောင်းဖြစ်ပေါ်နေတာကြောင့် အမည်းရောင် လက်သည်းဆိုးချင်ကြောင်းပြောခဲ့ပါတယ်။

အလှပြင်ဆိုင်မှ ဝန်ထမ်းတွေက အစင်းကြောင်းနဲ့ပတ်သက်ပြီး ကယ်လ်ဆီယမ်ချို့တဲ့တာ၊ မျိုးရိုးလိုက်တာ၊ သွေးအရည်ဖုဖြစ်တာစသည်ဖြင့် အမျိုးမျိုးထင်ကြေးပေးကြပေမယ့် ဂျင်းက အဆိုပါအမျိုးသမီးကို ဆရာဝန်နဲ့ ချက်ချင်းသွားပြဖို့ တိုက်တွန်းခဲ့ပါတယ်။ မကြာခင်မှာပဲ အဆိုပါအမျိုးသမီးက ဂျင်းဆီဖုန်းဆက်ပြီး သူ့မှာ ပြင်းထန်တဲ့ အရေပြားကင်ဆာရှိနေတာတွေ့ရှိကြောင်းပြောပြခဲ့ပါတယ်။ ဂျင်းက ဒီအကြောင်းကို သူ့ရဲ့ ဖေ့စ် ဘွတ်ခ်ပေါ်ရေးသားခဲ့ပြီး လက်သည်းခြေသည်းပေါ်မှာ မူမမှန်တဲ့ လက္ခဏာတွေတွေ့ရှိပါက မပေါ့ဆသင့်ဘဲ ဆေးစစ်ဆေးဖို့လိုကြောင်း တခြားသူတွေကို တိုက်တွန်းခဲ့ပါတယ်။

ဗြိတိသျှအရေပြားဆရာဝန်အသင်းမှ ပြောခွင့်ရသူဒေါက်တာဝါလာရက်ဟူစိန်ကတော့ ဒီလို လက္ခဏာဟာရှားပါးတဲ့ လက်သည်းအောက်ဖြစ် ပေါ်တဲ့ အရေပြားကင်ဆာရဲ့လက္ခဏာမျိုးဖြစ်ကြောင်း ရှင်းပြပါတယ်။ ဖြစ်ပေါ်စေတဲ့ တခြားအကြောင်းရင်းတွေရှိသေးကြောင်း သိရပါတယ်။ သောက်နေတဲ့ ဆေးဝါးတွေကြောင့် ဒါမှမဟုတ် မျိုးရိုးကြောင့် ဒီလိုလက္ခဏာ ဖြစ်ပွားတတ်ပြီး ဒီလိုပုံစံက လက်သည်း၊ ခြေသည်း အများစုမှာ ပေါ်လာတတ်ကာ ဖြစ်ရိုးဖြစ်စဉ်သာဖြစ်ကြောင်း သိရပါတယ်။ ဒါပေမဲ့ လက်သည်းတစ်ခုတည်း ကွက်ပြီးဖြစ်ပေါ်လာရင် ဆေးစစ်ဆေးသင့်ကြောင်း တိုက်တွန်းထားပါတယ်။

(Ref; TS)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top