Healthy Life Ad
Life Style

၀မ်းနည်းမှုမှ စိတ်ဓာတ်ကျခြင်းအဖြစ် မပြောင်းလဲသွားစေဖို့…

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ကျွန်မတို့အားလုံးဟာ တစ်ခါတစ်ရံမှာ ဝမ်းနည်းမှုကို ခံစားရပါတယ်။ ဝမ်းနည်းတယ်ဆိုတာ ကိုယ်နေထိုင်ဖြစ်တည်နေတဲ့ဘဝကို ပိုမိုစိတ်ဝင်စားတဲ့ ပုံမှန်စိတ်ခံစားမှုတစ်ရပ်ပါပဲ။ အနုပညာတွေနဲ့ ကဗျာလင်္ကာအများစုဟာလည်း ဝမ်းနည်းမှုနဲ့ လွမ်းဆွေးမှုကို အခြေခံပြီး ဖြစ်လာတာပါပဲ။ ဝမ်းနည်းမှုဆိုတာ အများအားဖြင့်ဆုံးရှုံးမှုနဲ့ ဒွန်တွဲနေတတ်ပါတယ်။ ဝမ်းနည်းမှုကြောင့် ကျန်းမာရေးမထိခိုက်ဘဲ စိတ်ခံစားမှုကောင်းမွန်စေမယ့် နည်းတချို့ကို အကြံပြုလိုက်ပါတယ်။

– ဝမ်းနည်းခွင့် ပြုလိုက်ပါ

ဝမ်းနည်းနေပါရက်နဲ့ ဝမ်းနည်းနေတဲ့စိတ်ကို ဇွတ်အတင်းမေ့ထားတာမျိုးမလုပ်ပါနဲ့။ ဝမ်းနည်းမှုကို ကျိတ်မှိတ်မျိုသိပ်ခံစားနေတာက ပိုကြာကြာ ဝမ်းနည်းရစေပါတယ်။ တကယ်လို့ ငိုချင်ရင် ငိုချလိုက်ပါ။

– တေးဂီတ နားဆင်ပါ

ဝမ်းနည်းပြီး တစ်ယောက်တည်း အထီးကျန်နေရင် တေးဂီတနားဆင်လိုက်ပါ။ သီချင်းနားထောင်တာက ဝမ်းနည်းနေတဲ့ အတွေးတွေနဲ့ ခံစားမှုကို မေ့လျော့သွားစေပါတယ်။

– ဝမ်းနည်းစေသော အကြောင်းအရာကို သိအောင်လုပ်ပါ

တချို့လူတွေက ဝမ်းနည်းနေပေမယ့် သူတို့ ဘာကြောင့်ဝမ်းနည်းနေရတယ်ဆိုတာကို တိတိကျကျမသိကြပါဘူး။ ချစ်ခင်သူဆုံးရှုံးတာကြောင့် ဝမ်းနည်းတာလား၊ အဆင်မပြေတဲ့ အတွေ့အကြုံကြောင့် ဝမ်းနည်းတာလား။ ဝမ်းနည်းရတဲ့ အကြောင်းရင်းကို သေချာသိမှ ဘယ်လိုဖြေရှင်းရမယ်ဆိုတာကို သိနားလည်မှာပါ။

– အပြောင်းအလဲကို လက်ခံပါ

ဝမ်းနည်းမှုဟာ ကိုယ်မမျှော်လင့်ထားတဲ့ အပြောင်းအလဲတစ်ခုခုကို ကြုံတွေ့ရတာကြောင့် ခံစားရတတ်ပါတယ်။ အပြောင်းအလဲအများစုက စိတ်ဖိစီးမှုကို ဖြစ်စေနိုင်ပေမယ့် ဒါကယာယီပါပဲ။ အပြောင်းအလဲကို လက်ခံနိုင်အောင် စိတ်ကိုပြင်ထားဖို့လိုပါတယ်။

– ဝမ်းနည်းမှုက စိတ်ဓာတ်ကျခြင်းအဖြစ် ကူးပြောင်းသွားနိုင်ကြောင်း သတိရပါ

ဝမ်းနည်းမှုက ပျောက်သင့်တဲ့အချိန်မှာ မပျောက်နိုင်ဘူးဆိုရင် အကူအညီလိုအပ်နေပါပြီ။ ဝမ်းနည်းမှုနဲ့အတူ အောက်ပါလက္ခဏာရပ်နှစ်ခုထက်ပိုပြီး တွဲခံစားနေရရင် ဆရာဝန်နဲ့ပြပါ။

– တာရှည်ဝမ်းနည်းတာ၊ ပူပင်သောကများတာ၊ စိတ်ထဲမှာ ဘာမှမခံစားရတာ

– မျှော်လင့်ချက်မဲ့တာ၊ အဆိုးမြင်တာ

– မိမိကိုယ်ကိုယ်အပြစ်တင်တာ၊ တန်ဖိုးမရှိသလိုထင်တာ၊ အကူအညီမဲ့ပြီး အားငယ်နေတာ၊

– အရင်က ပျော်ရွှင်ခဲ့ဖူးတဲ့ အရာတွေနဲ့ ဝါသနာတွေမှာ စိတ်ဝင်စားမှုကင်းမဲ့တာ

– စွမ်းအင်မဲ့တာ၊ နုံးချည့်ညောင်းညာနေတာ၊

– စိတ်ပါဝင်စားမှုနဲ့ အာရုံစူးစိုက်မှုမကောင်းတာ၊ မေ့လွယ်နေတာ၊ ဆုံးဖြတ်ချက်ချနိုင်စွမ်းခက်တာ၊

– အိပ်မပျော်တာ၊ အအိပ်လွန်တာ

– အစာစားချင်စိတ်များတာ၊ ကိုယ်အလေးချိန်လျော့ကျတာ၊ အစာစားလွန်းတာနဲ့ ကိုယ်အလေးချိန်တက်တာ၊

– သေဆုံးမှုဆိုင်ရာ အတွေးတွေတွေးမိတာ၊

– စိတ်ဂနာမငြိမ်ဖြစ်တာ

– ခေါင်းကိုက်တာ၊ အစာခြေစနစ်ပြဿနာနဲ့ နာတာရှည်နာကျင်မှုစတဲ့ ရုပ်ပိုင်းဆိုင်ရာဝေဒနာတွေခံစားရပြီး အချိန်ကြာတဲ့အထိ မပျောက်နိုင်တာ စတာတွေဖြစ်ကြပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top