Healthy Life Ad
Men

ရင်သားကင်ဆာဝေဒနာရှင်အစ်မကို ဆေးရုံလိုက်စောင့်ရင်း ကိုယ်ပါဖြစ်မှန်းသိခဲ့တဲ့ ကင်ဆာကို ကုသအောင်မြင်ခဲ့သူ ဒေါ်မြင့်ကြည်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

မန္တလေးတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ ထီးဆောင်းရွာတွင် နေထိုင်သည့် ဒေါ်မြင့်ကြည်သည် ၂၀ဝ၉ ခုနှစ်၌ အသက် ၄၂ နှစ်အရွယ်တွင် ရင်သားကင်ဆာဝေဒနာလက္ခဏာများ စတင်ခံစားခဲ့ရသည်။
“စစချင်း အကြောတွေ တက်တယ်။ လည်ပင်းကြောတွေ တက်တယ်၊ နောက်ကျောတွေ တက်တယ်။ ခေါင်းမူးတယ်။ ရင်သားကို စမ်းမိတော့ ညာဘက်ရင်သားမှာ လက်ညှိုးလောက် အမြှောင်းကြီး ဖြစ်နေတာကိုတွေ့ရတယ်။ အစ်မတစ်ဝမ်းကွဲကလည်း အဲဒီအတိုင်း ဖြစ်တာ၊ သူက လက်တွေပူတယ်၊ ပူတယ်လို့ ပြောတာနဲ့ “ငါလည်း ပူတာပဲ၊ နင်တင် ပူတာမဟုတ်ဘူး”ဆိုပြီး ပြောဖြစ်သေးတယ်။ ကိုယ်ဖြစ်နေတာကို မသိဘူး။

အစ်မ မသက်သာလို့ဆေးရုံပြရင်း ရင်သားကင်ဆာ ဖြစ်တယ်လို့သိရတော့ မန္တလေးဆေးရုံ သွားတက်ရတယ်။ ဒါနဲ့ ကျွန်မက သူ့ကို ဆေးရုံလိုက်စောင့်ပေးပါတယ်။ အဲဒီမှာ ကျွန်မ သမံတလင်းပေါ် အိပ်စောင့်တော့ အကြောတွေတက်ပြီး မေးတွေခိုင်သွားပါတယ်။ ဒါနဲ့ ဆရာဝန်ကြီးကို သွားပြတော့

ဆရာဝန်ကြီးက စမ်းသပ်ပြီး ကျွန်မ ညာဘက်ရင်သားက အမြှောင်းကြီးကို ခွဲထုတ်ပေးလိုက်ပါတယ်။ ပြီးတော့ ရွာမပြန်နဲ့ဦးလို့ ဆရာကြီးကမှာပါတယ်”ဟု ဒေါ်မြင့်ကြည်က ဆေးကုသမှု အစောပိုင်းကာလ အကြောင်း ပြန်လည် ပြောပြခဲ့သည်။
ဒေါ်မြင့်ကြည်၏ ရင်သားအမြှောင်းကြီးကို ခွဲထုတ်ပြီး အသားစယူစစ်ဆေးမှု ခံယူသည့်အခါ ကင်ဆာအဆင့်(၂) ဟု တွေ့ရှိခဲ့ရသည်။
“ချိန်းတဲ့ ရက်မှာ သွားပြတော့ ဆရာဝန်ကြီး ကစစချင်း ပျော်စရာလေးတွေ ပြောတယ်။ ကျွန်မ စိတ်တည်ငြိမ်သွားတော့မှ ကင်ဆာလို့ ပြောပြပါတယ်။ ဆေးရုံမှာ ကျွန်မတစ်ယောက်တည်း၊ ဘယ်ဆွေမျိုးမှလည်း မပါတော့ ကျွန်မ ငိုပစ်လိုက်မိတယ်။ ဆရာကြီးတွေက “ဘာမှ ကိစ္စမရှိဘူး၊ ခွဲထုတ်ပြီး ဆေးသွင်းလိုက်ရင် ပျောက်သွားမှာ”လို့ အားပေးပါတယ်။ ပြီးတော့ ရွာက ဆွေမျိုးတွေကို ခေါ်ခိုင်းပါတယ်”ဟု ဒေါ်မြင့်ကြည့်က ပြောသည်။

ရွာက ညီမများ ရောက်လာချိန်တွင် ညာဘက်ရင်သားတစ်ဖက်လုံးကိုခွဲစိတ်ဖယ်ရှားခဲ့ကြောင်း ဒေါ်မြင့်ကြည်က ဆိုသည်။
“ခွဲပြီးတော့ ကင်ဆာဆေးသွင်းရတယ်။ ကင်ဆာဆေးကို ၁၂ ကြိမ်သွင်းခဲ့ရတယ်။ ဆေးသွင်းပြီးတော့ မလှုပ်ချင်၊ မကိုင်ချင် ဖြစ်တယ်။ ပူနေတယ်၊ တစ်ယောက်တည်းပဲ အေးအေးဆေးဆေး နေချင်တယ်၊ ဘာမှလည်း မစားချင် မသောက်ချင်ဘူး၊ ရေတောင် မသောက်ချင်ဘူး။ အားဆေး ချိတ်ရတယ်။ နှစ်ရက်-သုံးရက်နေတော့ ပြန်ကောင်းသွားတာ။ ဒါ နဲ့ ရွာပြန်သွားတယ်။ နောက်တစ်ကြိမ် ကင်ဆာဆေးသွင်းခါနီးမှ မန္တလေးကို ပြန်လာဖြစ်တယ်” ဟု ဒေါ်မြင့်ကြည်က ပြောသည်။
ကင်ဆာဆေးသွင်းနေချိန်တွင် ဒေါ်မြင့်ကြည်သည် ဟင်းအနံ့မခံနိုင်သဖြင့် ထမင်းကို ကြက်သားကြော်၊ ဟင်းသီးဟင်းရွက် စသည်တို့နှင့်သာ စားသုံးဖြစ်ခဲ့ကြောင်း ပြောပြခဲ့သည်။
ကင်ဆာကုသအောင်မြင်ခြင်းနှင့် ပတ်သက်၍-
“ကျွန်မ အသက် ၃၉ နှစ်ကစပြီး တရားတွေ ထိုင်ခဲ့ပါတယ်။

ကျွန်မက မြင်းမူဈေးထဲ ဈေးရောင်းတာဆိုတော့ ခန္ဓာကိုယ်က ချို့ယွင်းလာတယ်၊ ကျန်းမာရေးက သိပ်မကောင်းဘူးလို့ သဘောပေါက်ပြီး အသက် ၃၉ နှစ်မှာ တရားဘက်ကို လိုက်ဖြစ်ပါတယ်။ ၄၂ နှစ်ကျတော့ ကင်ဆာဖြစ်ရော။ တရားထိုင်ခဲ့တဲ့ အတွက်ခွဲတဲ့အချိန်၊ ကင်ဆာဆေးသွင်းတဲ့အချိန်မှာ ရောဂါကို စိတ်မရောက်တော့ဘူး။ တရားကိုပဲ အားထုတ်နေတော့ ခန္ဓာကိုယ်က ပေါ့ပါးနေတာပါပဲ။ နာတဲ့ဒဏ်ကို မခံရဘူး . .

ဘာသာရေးလိုက်စားတဲ့အတွက် ကင်ဆာဖြစ်ပေမယ့်လည်း ကုသအောင်မြင်တယ်၊ ကျန်းကျန်းမာမာနေနိုင်တယ်လို့ ထင်ပါတယ်”ဟု ဒေါ်မြင့်ကြည်က ယုံကြည်လက်ခံထား သည်။
မောင်သုံးဦး၊ ညီအစ်မ သုံးဦးရှိသည့် ဒေါ်မြင့်ကြည်သည် အပျိုကြီး ဖြစ်ပြီး ဆွေမျိုးထဲတွင် ဦးလေးများက လည်ချောင်းကင်ဆာ ဖြစ်ဖူးသည့်အပြင် အစ်မတစ်ဝမ်းကွဲကလည်း ရင်သားကင်ဆာ ဖြစ်ခဲ့သဖြင့် မျိုးရိုးကြောင့် ကင်ဆာဖြစ်သည်ဟု ထင်မြင်ထားသည်။

“အစ်မတစ်ဝမ်းကွဲကကျတော့ ရင်သားကင်ဆာ အဆင့် (၄) ဖြစ်ပြီး နောက်ကျမှသိလိုက်ရတဲ့အတွက် မရတော့ပါဘူး။ ကိုယ်ကတော့ အဆင့် (၂) ဖြစ်တဲ့အပြင် တရားအားထုတ်တာရယ်၊ စိတ်က ခံနိုင်ရည်ရှိတာရယ်ပေါင်းပြီး ကုသအောင်မြင်ခဲ့တယ်။ ပြီးတော့ ကင်ဆာကုသနေစဉ်အတွင်းမှာ ဆွေမျိုး တွေကော အစ်မ၊ ညီမတွေကပါ လိုလေးသေးမရှိအောင်ပံ့ပိုးကြတယ်၊ ဝိုင်းပြုစုပေးကြတယ်၊ အားပေးကြတယ်။ ဆေးကုပေးတဲ့ ဆရာဝန်ကြီးတွေကလည်း တော်ပါတယ်။ ဒါတွေကြောင့် ကျန်းမာလာတာဖြစ်တဲ့အပြင် ဘုရားတရားတွေ ဆက်လုပ်နိုင်ဖို့ အခုလို အသက်ရှည် ကျန်းမာလာတယ်လို့ ထင်ပါတယ်”
ရင်သားကင်ဆာ ကုသအောင်မြင်ထားသည့် ဒေါ်မြင့်ကြည်၏ အတွေ့အကြုံကြောင့် မြင်းမူနယ်မှ အခြားကင်ဆာဖြစ်သူတို့ များစွာအားတက်ခဲ့ရသည့်အပြင် ဒေါ်မြင့်ကြည်ကလည်း သူ၏ဆေးကုသမှုအတွေ့အကြုံကတစ်ဆင့် ကျန်းမာရေးဗဟုသုတများကို အခါအားလျှော်စွာ ဖြန့်ဝေပေးလျက်ရှိသည်။

“ကျွန်မကတော့ ရင်သားအကျိတ်ဆိုတာ စမ်းသပ်မှသိတာ၊ တွေ့ရင်လည်း မပေါ့ဆနဲ့၊ ဆရာဝန်နဲ့ ပြပါ၊ ရင်သားဓာတ်မှန်ရိုက်ပါ စသဖြင့် မိန်းကလေးတွေကို ပြောပြတယ်။ ရွာထဲမှာလည်း ကျန်းမာရေးနဲ့ ပတ်သက်ပြီး တစ်ခုခုလိုအပ်လာရင် ဘယ်သူ့ကိုမဆို ကျွန်မလိုက်ပြီး ကူညီပေးတယ်၊ ဆေးရုံသွားပြဖို့ လိုအပ်ရင်လည်း ဝန်ဆောင်မှုတွေ လုပ်ပေးပါတယ်။ တခြားသူတွေ ကင်ဆာဖြစ်ရင်လည်း လိုက်အားပေးပါတယ်”ဟု ဆိုသည်။
ကင်ဆာဆေးသွင်းပြီးနောက်ပိုင်းတွင် ဆရာဝန်ချိန်းဆိုချက်အတိုင်း မန္တလေးမြို့သို့ ပုံမှန်သွားရောက်ပြသခဲ့ရာ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း ဒေါ်မြင့်ကြည်က ဆိုသည်။
“ကျွန်မကတော့ အခုနောက်ပိုင်း အသားကို သိပ်မစားဖြစ်ဘူး။ အသီးအရွက်ပဲ များများစားပါတယ်။ အထူးသဖြင့် ရာသီပေါ် အသီးအနှံတွေကို လတ်လတ်ဆတ်ဆတ် စားဖြစ်ပါတယ်။ ညာဘက်ရင်သားကို ခွဲထုတ်ထားတော့ လေ့ကျင့်ခန်းလေးကို လုပ်ရပါတယ်။ လေ့ကျင့်ခန်းလုပ်ရင်း ၂၄ ပစ္စည်းကို ၂၄ခေါက် ရွတ်လိုက်တာပဲ။ အဲဒီလို မှန်မှန်ရွတ်ပေးပြီး မှန်မှန် လေ့ကျင့်ခန်းလုပ်လိုက်တာ သက်သာသွားတယ်”
ယခု အသက် ၅၀ အရွယ်ရှိပြီဖြစ်သည့် ဒေါ်မြင့်ကြည်သည် မြင်းမူဈေးထဲတွင် ကျန်းမာစွာဖြင့် ဈေးရောင်းလျက်ရှိနေပြီး ဖခင်ဦးစိုးရီ၊ ညီမများနှင့်အတူ ပျော်ရွှင်အေးချမ်းစွာ နေထိုင်လျက်ရှိပါသည်။

ကင်ဆာကုသအောင်မြင်ထားသည်မှာ ရှစ်နှစ်ရှိခဲ့ပြီဖြစ်သည့် ဒေါ်မြင့်ကြည်က အခြားအမျိုးသမီးများ၊ ကင်ဆာဝေဒနာရှင်များသို့ သူ၏ အတွေ့အကြုံမှတစ်ဆင့် အားပေးစကား ပြောကြားလိုက်ပါသည်။
“ကျွန်မကတော့ အမျိုးသမီးတွေ ကိုယ့်ရင်သားကို စမ်းကြည့်ဖို့ ပြောချင်ပါတယ်။ စမ်းလို့ တွေ့ရင်လည်း မရှက်ပါနဲ့။ နုတုန်းပြရင် ကျွန်မလိုပဲ ကုသအောင်မြင်နိုင်ပါတယ်။ ရင့်သွားမှဆိုရင်တော့ ကျွန်မအစ်မဝမ်းကွဲလို ဖြစ်သွားနိုင်လို့ပါ။
ရောဂါ ဖြစ်ရင်လည်း မွေးမထားပါနဲ့၊ အမြန်သာ သွားပြပြီး လိုအပ်သလို ကုသမှု ခံယူလိုက်ပါ။ ဒါဆိုရင် ကင်ဆာလည်း ပျောက်ပါတယ်။ ကင်ဆာပျောက်မှ ကျန်းမာရေးကောင်းပြီး ဘာသာတရားကို လိုက်စားနိုင်မှာ ဖြစ်ပါတယ်”

(မှတ်ချက်။ ။ ဓာတ်ပုံများကို ဒေါ်မြင့်ကြည်၏ ခွင့်ပြုချက်ဖြင့် ဖော်ပြခြင်း ဖြစ်ပါသည်။ အယ်ဒီတာ)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top