Healthy Life Ad
Health Tips

ခါးနဲ့ ကျောပြင်အဆီပိုထွက်ခြင်း ကင်းဝေးစေမယ့် နည်းလမ်းကောင်းများ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

အမျိုးသမီးအများစုက ဝမ်းဗိုက်အဆီလျော့ဖို့ပဲ စိတ်အားထက်သန်ပေမယ့် ခါးဘေးတစ်ဝိုက်နဲ့ ကျောပြင်မှာမလိုလားအပ်တဲ့ အဆီပိုတွေ ရှိနေတာကိုတော့ လျစ်လျူရှူထားတတ်ကြပါတယ်။ ခပ်ကျပ်ကျပ် တီရှပ်ဝတ်တဲ့အခါ၊ အပျော့သားအင်္ကျီ ကျပ်ကျပ်ဝတ်တဲ့ အခါနဲ့ ဘရာစီယာကို နည်းလမ်းတကျ မဝတ်တဲ့ အခါတွေမှာ ခါးဘေးတစ်ဝိုက်နဲ့ ကျောပြင်မှာ အဆီနဲ့အသားလုံးတွေက အရစ်လိုက်အရစ်လိုက် ဖြစ်နေတတ်ပါတယ်။ ဒီလိုဖြစ်တာက သင်ရဲ့ ခန္ဓာကိုယ် ပုံပန်းသဏ္ဌာန်ကို ကြည့်ရဆိုးစေသလို ဘယ်လိုအင်္ကျီဝတ်ဝတ် မလိုက်ဖက်တာမျိုး ဖြစ်နေတတ်ပါတယ်။

(၁) ဘရာစီယာဝတ်တဲ့ ပုံစံ
ဘရာစီယာကို ပုံမကျပန်းမကျ ဝတ်ရင်လည်း ခါးအဆီတွေကို ပိုမိုဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် ကိုယ့်ရင်သား၊ ကိုယ့်လက်မောင်း၊ ကိုယ့်ကျောပြင်နဲ့ အံဝင်ခွင်ကျ ရှိတဲ့ ဘရာစီယာကို ရွေးချယ်ဝတ်ဆင်ပါ။

(၂) ဘရာစီယာအရွယ်အစား
ဘရာစီယာအရွယ်အစားက ကြီးလွန်းနေရင်လည်း ကျောပြင်အရေပြားကို မြဲမြံစွာ ထိန်းထားနိုင်စွမ်း မရှိတော့ပါဘူး။ ကိုယ်နဲ့ အဆင်ပြေတဲ့ ဘရာစီယာကသာ ရင်သားကို ကောင်းကောင်းထောက်ပံ့ ပေးနိုင်ရုံသာမက ကျောပြင်ကို တည့်မတ်စွာ ချပ်ရပ်နေစေမှာပါ။

(၃) လှုပ်ရှားမှုနည်းခြင်း
လူအများစုက အထိုင်များတဲ့ နေထိုင်စားသောက်မှုပုံစံရှိပြီး လှုပ်ရှားမှု နည်းကြပါတယ်။ ဒီနေထိုင်မှုပုံစံက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကိုနှေးစေပြီး အဆီပိုတွေ စုလာတတ်ပါတယ်။

(၄) စားသောက်တဲ့ အကျင့်
ကိုယ်ဘယ်လို စားသောက်သလဲဆိုတာ စောင့်ကြည့်ရပါမယ်။ စားသောက်တဲ့ အစားအသောက် အမျိုးအစားက ကိုယ်တွင်းစနစ်ကို သက်ရောက်မှုရှိနိုင်ပါတယ်။ အဆီ၊ ဆိုဒီယမ်၊ သကြားနဲ့ ကာဗိုဟိုက်ဒရိတ်တွေကို အလွန်အမင်းစားတာက ခန္ဓာကိုယ်ရဲ့ ပုံမှန်လုပ်ငန်းဆောင်တာကို ထိခိုက်စေနိုင်သလို အဆီပိုတွေကို များများ ဖြစ်စေပါတယ်။

(၅) ကိုယ်အလေးချိန်
သင့်ကိုယ်အလေးချိန်ကို ပြန်ကြည့်ပါ။ ကိုယ်အလေးချိန်များနေရင် ဒါမှမဟုတ် အဝလွန်နေရင် ကျောပြင်အဆီရှိနေမှာ မလွဲမသွေပါပဲ။ ဒီအချိန်မှာ ကိုယ်အလေးချိန်လျှော့ချသင့်ပါတယ်။

(၆) အသက်အရွယ်
အသက်ကြီးလာတာက ခါးနဲ့ ကျောပြင်မှာ မလိုလားအပ်တဲ့ အဆီပိုတွေ ရှိစေနိုင်တဲ့ အကြောင်းရင်းတစ်ရပ်ပါပဲ။ အသက်ကြီးလာတဲ့အခါ အရေပြား တင်းရင်းမှုက လျော့ကျလာပါတယ်။ ဒီအချိန်မှာ အရေပြားက ရေမြှုပ်လိုလျော့တွဲလာတဲ့အတွက် တင်းကျပ်တဲ့အဝတ်အစားတွေ ဝတ်လေလေ၊ ခါးနဲ့ကျောပြင်မှာ အဆီပိုတွေ ပေါ်လွင်လေလေ ဖြစ်တတ်ပါတယ်။ လေ့ကျင့်ခန်းကို ပုံမှန် နည်းလမ်းတကျ ပြုလုပ်ထားမှသာ အသက်ကြီးတဲ့အထိ ခန္ဓာကိုယ်ကျစ်လျစ် သန်စွမ်းနေမှာပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top